ရခိုင်ပြည်နယ်မှာ အရပ်ဘက် အဖွဲ့အစည်းများကို နေရာပေးပါ

ရေးရာကော်မတီဝင်တွေကိုလည်း နီးစပ်ရာပုဂ္ဂိုလ်တွေကို ဆွဲခန့်တာမျိုးမဟုတ်ဘဲ၊ ကိုယ်ကျိုးစီးပွား ပါဝင်ပတ်သက်နေသူတွေကို ခန့်တာမျိုး မဟုတ်ဘဲ ထင်သာမြင်သာရှိတဲ့၊ လူထုအသံကို ကိုယ်စားပြုတဲ့ ဖြစ်စဉ် တွေကတဆင့် ရွေးချယ်ခန့်ထားဖို့လိုပါမယ်။

By အေးသိန်း 13 Sep 2018

အေးသိန်းရေးသားသည်

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အပြီးသတ် အစီအရင် ခံစာထဲမှာ “အရပ်ဘက်အဖွဲ့အစည်းများသည် အစိုးရနှင့် ပုံမှန်ဆက်ဆံမှု မရှိကြပါ။ အစိုးရနှင့်တွေ့ဆုံရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရမှတာဝန်ရှိသူများက ၎င်းတို့ ဆုံးဖြတ်ထားပြီးဖြစ်သော ကိစ္စရပ်များနှင့်ပတ် သက်၍ ကျောင်းသင်ခန်းစာပို့ချသကဲ့သို့ တဖက်သတ်ရှင်းလင်းမှုများကို ပြုလုပ်သည့် တွေ့ဆုံပွဲများ ဖြစ်သည်ဟု ဝေဖန်ပြောဆိုကြပါသည်” ဆိုပြီးတော့ ထောက်ပြထားပါတယ်။ ရခိုင်ပြည်နယ်အရပ်ရပ်က အရပ်ဘက်အဖွဲ့အ စည်းဘက်က ခေါင်းဆောင်တွေနဲ့ စကားပြောကြည့်တော့လည်း တချို့တွေမှာ ဒီခံစားချက် ရှိနေပါတယ်။ အ ခုဆောင်းပါးမှာ ကဏ္ဍပေါင်းစုံမှာ ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ ပါဝင်ဆောင် ရွက်မှုကို လက်ရှိထက်ပိုပြီး တိုးမြှင့်သင့်တယ် ဆိုတာကို ရှုထောင့်သုံးခုကနေပြီး ဆွေးနွေးသွားပါမယ်။

          အရပ်ဘက်အဖွဲ့အစည်းလို့သုံးတဲ့အခါ နိုင်ငံသားတွေဖွဲ့ထားတဲ့ အမျိုးမျိုးသော အဖွဲ့တွေသာမက အခြေအနေ အချိန်အခါအရ လူထုရပ်ဝန်း (public arena) ထဲကို စုရုံးရောက်လာကြတဲ့ နိုင်ငံသားတွေကိုပါ ဆိုလိုပါတယ်။

    (၁) မဲရုံအလွန် ဒီမိုကရေစီ

          အဓိပ္ပါယ်ပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲနေ့ မဲရုံမှာမဲထည့်ပြီးတာနဲ့တင် ပြီးသွားတာမျိုး မ ဟုတ်ပါဘူး။ တကယ်တမ်းဆိုရင် မဲပေးခြင်းဟာ ဒီမိုကရေစီဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့ အခရာကျသော်လည်း သေး ငယ်တဲ့ အစိတ်အပိုင်းကလေးတစ်ခုသာ ဖြစ်ပါတယ်။ အစိုးရက မူဝါဒတွေကိုချမှတ်တဲ့၊ မူဝါဒတွေကို အကောင် အထည်ဖော်တဲ့ ဖြစ်စဉ်အဆင့်ဆင့်မှာ လူထုကိုယ်တိုင် ပါဝင်နိုင်၊ အကြံပေး၊ ဆွေးနွေးနိုင်တဲ့အခါမှသာ အနှစ် သာရရှိတဲ့ ဒီမိုကရေစီရှိတယ်လို့ ဆိုနိုင်ပါမယ်။ မူဝါဒရေးရာပိုင်းတွေမှာ လူထုပါဝင်နိုင်မှု အားနည်းတာဟာ ဒီမိုကရေစီအရင့်အမာတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေမှာတောင် အပြီးသတ်မဖြေ ရှင်းနိုင် သေးတဲ့ ဒီမိုကရေစီ မလုံလောက်မှု ပြဿနာတစ်ရပ်အနေနဲ့ ရှိနေဆဲပါ။

မူဝါဒတွေရေးဆွဲ အကောင်အထည်ဖော်တဲ့အခါ အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်သင့်တဲ့ အကြောင်း အရင်းတွေ များစွာရှိပါတယ်။ ပထမတစ်ချက်က မိမိရပ်ရွာ၊ မိမိလူမှုစီးပွားအခြေ အနေတွေအပေါ် အကျိုးသက် ရောက်မှုရှိလာမယ့် မူဝါဒတွေကိုချမှတ်တဲ့အခါ မိမိကိုယ်တိုင် အဓိပ္ပါယ်ရှိရှိပါဝင်နိုင်တာ သဘာဝကျပါတယ်၊ တရားမျှတပါတယ်။ မူဝါဒတွေချမှတ်၊ အကောင်အထည်ဖော်တဲ့ ဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းနဲ့ လူထုပါ ဝင်သင့်တဲ့ နောက်အကြောင်းအရင်းတစ်ခုက ဒီမိုကရေစီဆိုတာလူထုပါဝင်မှုရှိမှ အသက်ဝင်တယ်ဆိုတာပါ။                                                                        

 အစိုးရတစ်ရပ်ကို မဲထည့်ပေးပြီးတာနဲ့ လူထုကအိမ်ပြန်၊ တစ်သီးပုဂ္ဂလကိစ္စတွေကိုပဲ ကိုယ်စီကိုယ်ငှ လုပ် နေကြပြီး အစိုးရကို ဒီအတိုင်းပစ်ထားလိုက်ရင် ကျွန်တော်တို့လူ့အဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲ ဒီမိုက ရေစီ (election democracy) အဆင့်မှာပဲ ပိတ်မိနေပါလိမ့်မယ်။ ဒီမိုကရေစီရဲ့  မူရင်းအဓိပ္ပါယ်ကိုက “ပြည်သူက အုပ်ချုပ်ခြင်း” ဖြစ်တဲ့အတွက် လူထုပါဝင်မှုကဲတဲ့ အစိုးရတစ်ရပ်ကို ဖော်ဆောင်သင့်တယ်လို့ မြင်ပါတယ်။

(၂) အစိုးရ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုနှင့် အရင်းအမြစ်မလုံလောက်မှု

          အပေါ်က အချက်တွေနဲ့ ဆက်စပ်နေတဲ့ အစိုးရယန္တရားထဲမှာ အရပ်ဘက်အဖွဲ့အစည်းကို နေရာပို ပေးသင့်တယ်ဆိုတဲ့ နောက်အကြောင်းအရင်းတစ်ခုက ပြည်ထောင်စုအစိုးရရော ပြည်နယ်အစိုးရပါ စွမ်းဆောင် ရည်အားနည်းခြင်းနှင့် အလုပ်လုပ်ဖို့အတွက် လုံလောက်တဲ့အရင်းအမြစ်မရှိခြင်းပါ။ ဘင်္ဂလီကိစ္စကို ခဏဖယ် ထားရင်တောင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ မြို့ပြရောကျေးလက်တွေမှာပါ ကောင်းမွန် တဲ့ အမှိုက်သိမ်းစနစ်တွေမရှိတာ၊ ရခိုင်လူငယ်တွေကို လူညွန့်တုံးစေတဲ့ မူယစ်ဆေးဝါးပြဿနာ၊ လမ်းပေါ်မှာ အမျိုးသမီးတွေ နေ့တိုင်းကြုံနေရတဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုပြဿနာ၊ အိမ်တွင်းအကြမ်းဖက်မှု စသည်ဖြင့် များမြောင်လှတဲ့ ပြဿနာတွေကိုကြည့်ရင် အစိုးရရဲ့စွမ်းဆောင်ရည်ဟာ အပေါင်းထက် အနုတ် လက္ခဏာ ပြနေတယ်ဆိုတာ ငြင်းလို့မရဘူး။ တနည်းအားဖြင့်ပြောရင် စွမ်းဆောင်ရည်များစွာ နည်းနေသေးတဲ့၊ အရင်းအမြစ်ရှားပါးမှု ရင်ဆိုင်နေရဆဲဖြစ်တဲ့ အစိုးရအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းရဲ့အားကို အသုံးချသင့် ပါတယ်။

ပြောရမယ်ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစိုးရကို ဝိုင်းကူ ချင်ကြတဲ့သဘောပါ။ ကျွန်တော်လေ့လာမိသလောက် အမှိုက်သိမ်းတဲ့နေရာမှာဖြစ်ဖြစ်၊ မူးယစ်ဆေးဝါးကို တိုက်ဖျက်တဲ့နေရာမှာဖြစ်ဖြစ်၊ အမျိုးသမီးတွေရင်ဆိုင်ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုပြဿနာကို ဖြေရှင်းတာပဲဖြစ်ဖြစ် အစိုးရကို တစ်တပ်တစ်အား ကူညီအားဖြည့်ပေးနိုင်တဲ့ ကဏ္ဍအလိုက် စေတနာ့ဝန်ထမ်း အမှိုက်သိမ်းအဖွဲ့တွေ၊ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ နေရာ တိုင်းလိုလိုမှာ ရှိနေပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအခြေအနေတွေကြုံရင် ဒီအဖွဲ့တွေကို ဘယ်လောက်ထိ အားကိုးအားထား ပြုလို့ရတယ်ဆိုတာ အားလုံးအသိပါပဲ။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် မိမိရပ်ရွာရဲ့ မြေပြင်အခြေအနေကိုကောင်းကောင်း နားလည်သဘောပေါက် တယ်။ မြေပြင်အခြေအနေကို နားလည်ခြင်းဟာ မူဝါဒတွေကိုရေးဆွဲ အကောင်အထည်ဖော်တဲ့အခါ အရေးပါ တယ်ဆိုတာ အထူးတလည် ပြောနေစရာလိုမယ်မထင်ပါဘူး။ အစိုးရအနေနဲ့ ဒီအားတွေ၊ စေတနာတွေကို အသုံးချဖို့အတွက် အစီအမံတွေကိုချမှတ်၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသင့်ရင် ပူးပေါင်း၊ ညှိနှိုင်း သင့်ရင် ညှိနှိုင်းတဲ့ အလေ့အကျင့်တွေကို မူဝါဒတစ်ခုအဖြစ် ထားသင့်ပါတယ်။ မူဝါဒတစ်ခုအဖြစ် ချမှတ်ထား သင့်တယ်လို့ဆိုတာက အကြောင်းအရင်းရှိပါတယ်။

အရပ်ဘက်အဖွဲ့အစည်းဘက်က အသံတွေကို နားထောင် ကြည့်ရင် လက်ရှိမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် အစိုးရဌာနတွေက တာဝန်ကျရာ ဌာနအကြီး အကဲတွေရဲ့ သဘောထားအမြင်တွေအပေါ်မှာ မူတည်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေကို အဖက်လုပ် တယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ မတူတာက လူထုကိုကိုယ်စား ပြုပါ တယ် ဆိုတဲ့NLD အစိုးရဟာ အရပ်ဘက်အဖွဲ့အစည်းတွေကို သိပ်ပြီး အဖက်မလုပ်ဘူးဆိုပြီး ဝေဖန်တာတွေကို စာဖတ်သူတွေ ကြားဖူးပြီးသားဖြစ်မှာပါ။ အစိုးရဘက်က မူရော attitude ပါ ပြောင်းဖို့လိုပါမယ်။

(၃) ဒီမိုကရေစီနှင့် အပြန်အလှန်ထိန်းကျောင်းရေး (check and balance)

သတင်းတွေကိုဖတ်ကြည့်ရင် ရခိုင်ပြည်နယ်ဟာ ဆောက်လုပ်ရေးအပုပ်နံ့၊ အစိုးရတင်ဒါ အပုပ်နံ့တွေ  နံထောင်းနေတဲ့ နေရာတစ်ခု ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ အခုပဲ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန် ကြီး ဦးကျော်အေးသိန်းနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို ဆောက်လုပ်ရေး တင်ဒါကိစ္စနဲ့ ပတ်သက် ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ထံ တိုင်ထားတယ်။ ရခိုင်ပြည်နယ်မှာ အဂတိလိုက်စားမှု အခြေအမှန်ဟာ ဘယ်လောက်အတိုင်းအတာအထိ ဆိုးတယ်လို့ ကိန်းဂဏန်းနဲ့ တိတိပပ မပြောနိုင်ပေမယ့် ဆောက်လုပ်ရေးကဏ္ဍ၊ တင်ဒါကိစ္စတွေဟာ ခြစားနေတယ်လို့ လူတော်တော်များများက ယုံကြည်နေကြတယ် ဆိုတာ လက်ဖက်ရည်ဆိုင် စကားဝိုင်းတွေ၊ လူမှုကွန်ယက် စာမျက်နှာတွေမှာ မြင်နိုင်တယ်။

အစိုးရကိုယ်တိုယ်က သီးခြားလွတ်လပ်တဲ့၊ စွမ်းဆောင်ရည်ရှိတဲ့ စောင့်ကြပ်ရေးကော်မတီတွေ မရှိတဲ့ အခါ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် လူထုက စောင့်ကြည့်မှုမရှိတဲ့အခါ အစိုးရဝန်ထမ်းတွေ၊ သူတို့နဲ့ ဆက်စပ်ပြီးအလုပ်လုပ်တဲ့ စီးပွားရေးသမားတွေဟာ အကျင့်ပျက်ခြစားတတ်တယ်။လူထုဘက်က ထိန်းကျောင်း မှုမရှိရင် ဒီမိုကရေစီနည်းအရတက်လာတဲ့ အစိုးရတစ်ရပ်ရဲ့ဝန်ထမ်းတွေကလည်း အကျင့်ပျက် သွားတတ်ကြ တာပါပဲ။ အကျိုးအမြတ်ကိုဦးတည်တဲ့ စီးပွားရေးသမားတွေဆိုရင် အထူးပြောစရာမလိုတော့ပါဘူး။

အစိုးရအပေါ် ပြည်သူလူထု ယုံကြည်မှုနည်းတာကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုက တင်ဒါလုပ်တာတွေ အပါအဝင် လူထုစီမံကိန်းတွေကို စီမံရေးဆွဲအကောင်အထည်ဖော်တဲ့အခါ ပိုပြီးပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့၊ လူထုပါဝင်မှုကို တိုးမြှင့်ပေးဖို့ပါ။ အကျိုးစီးပွားပဋိပက္ခမရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ် တွေကို ဒီဖြစ်စဉ်တွေထဲ ပါဝင်နိုင်အောင်လုပ်ခြင်းဖြင့် လူထုယုံကြည်မှုတိုးလာအောင် လုပ်နိုင်မယ်။

ရေးရာကော်မတီဝင်တွေကိုလည်း နီးစပ်ရာပုဂ္ဂိုလ်တွေကို ဆွဲခန့်တာမျိုးမဟုတ်ဘဲ၊ ကိုယ်ကျိုးစီးပွား ပါ ဝင်ပတ်သက်နေသူတွေကို ခန့်တာမျိုး မဟုတ်ဘဲ ထင်သာမြင်သာရှိတဲ့၊ လူထုအသံကို ကိုယ်စားပြုတဲ့ ဖြစ်စဉ် တွေကတဆင့် ရွေးချယ်ခန့်ထားဖို့လိုပါမယ်။ နောက်ဆုံးသတင်းတစ်ပုဒ်မှာ ဖတ်ရတာက ကျောက်ဖြူအထူးစီးပွား ရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မဒေးကျွန်း ရေနက်ဆိပ်ကမ်းရဲ့အရှေ့ဘက် သံဇစ်မြစ်မှာ ရေထုညစ်ညမ်း မှု ဖြစ်နေတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ဆက်စပ်ပြီးတော့ အစိုးရဘက်က တာဝန်ယူ၊ တာ ဝန်ခံမှု နည်းခဲ့တာက စီမံကိန်းအစကတည်းကနေ အခုအချိန်ထိပါပဲ။ ယခု ရေထုညစ်ညမ်းမှုအပါဝင် လယ်ယာ မြေသိမ်းမှု၊ သယံဇာတတွေကို ပြည်နယ်နဲ့ ဗဟိုအစိုးရအကြား မျှတစွာခွဲဝေသုံးစွဲရေး စသည်ဖြင့် အရေးပါတဲ့ ကိစ္စတွေကို အရပ်ဘက်အဖွဲ့အစည်းတွေကပဲ ပါဝင်ဆောင်ရွက်ပေးနေတာ တွေ့ရတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေ အတန်အသင့် အားကောင်းတာတောင် အစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ လုံး၀ အားရစရာမရှိပါဘူး။ လက်ရှိ NLD အစိုးရအပါအဝင် ခေတ်အဆက်ဆက် အစိုးရ တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတာ၊ မူဝါဒအမှားတွေ၊  မူဝါဒ အကောင်အထည်ဖော်တဲ့နေရာမှာ အလွဲတွေ၊ အချော်တွေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာသာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အစိုးရကို ထိန်းကျောင်းစောင့်ကြည့်ပေးနိုင်တဲ့ အားကောင်းတဲ့ အရပ်ဘက်အဖွဲ့အစည်းလိုတယ်ဆိုတာ အခိုင်အမာပြော နိုင်ပါတယ်။

          နိဂုံးချုပ်ပြောရင် အစိုးရယန္တရားထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ထဲထဲဝင်ဝင် ပါလာလို့ အကျပ်အတည်း၊ ပြဿနာတွေအားလုံး နေ့ချင်းညချင်း ပြေလည်သွားမယ်လို့ မဆိုလိုပါဘူး။ အရပ် ဘက်အဖွဲ့အစည်းတွေမှာလည်း ဝေဖန်စရာ၊ ထောက်ပြစရာ အားနည်းချက်တွေ တစ်ပုံတစ်ခေါင်းကြီး ရှိပါ တယ်။ သို့သော် အားကောင်းတဲ့၊ တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခု ရှိနေတယ်ဆိုတာ ကျန်းမာတဲ့ ဒီမိုကရေစီ စနစ်တစ်ခုရဲ့လက္ခဏာဖြစ်တယ်။ အများဆိုင်ရာ ပြဿနာတွေကို အဖြေရှာတဲ့အခါ အရပ်ဘက်အဖွဲ့အစည်းက အစိုးရကို၊ အထူးသဖြင့် မြန်မာနိုင်ငံအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရလို စွမ်းဆောင် ရည်နိမ့်ပြီး အရင်းအမြစ်မပြည့်စုံသေးတဲ့ အစိုးရတစ်ရပ်ကို ကူညီနိုင်တာတွေရှိတယ်။ ဒီမိုကရေစီစနစ်အရ တက်လာတဲ့အစိုးရတစ်ရပ်သည်ပင် လူထုက စောင့်ကြပ်မှုမရှိရင် လမ်းချော်သွားတတ်တယ်ဆိုတဲ့ အချက် တွေကိုထောက်ရင် ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့  အရပ်ဘက်အဖွဲ့အစည်းတွေကို လက်ရှိထက်ပိုပြီးတော့ အရေးတယူလုပ်သင့်၊ နေရာပေးသင့်ပါတယ်။ ။