ရခိုင်မီဒီယာတွေ ကျဆုံးခန်း ရောက်ပြီလား
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအလွန်ကာလတွေမှာတော့ ဒီမိုကရေစီလမ်းပေါ်မှာ စတုတ္ထမဏ္ဍိုင်လို့ အမည်တပ်ခံရတဲ့ မီဒီယာတွေဖြစ်တဲ့၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ အွင်းလိုင်းမီဒီယာတွေဟာ မြန်မာနိုင်ငံထဲမှာ အစီအရီ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအထဲ တိုင်းနဲ့ပြည်နယ်တွေကလဲ မိမိတို့ရဲ့ ဒေသအလိုက် ထုတ်ဝေတဲ့ ဂျာနယ်တွေကိုထုတ်ဝေလာခဲ့ကြပါတယ်။ အဲဒီအထဲ ရခိုင်သတင်း မီဒီယာတွေဖြစ်တဲ့ နရဉ္ဖရာ၊ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ် စတာတွေကိုလည်း ပြည်နယ်တွင်းမှာ တရားဝင်ထုတ်ဝေခဲ့ကြပါတယ်။
10 Aug 2018
စိမ်းကိုကို ရေးသားသည်
ရခိုင်မီဒီယာတွေရဲ့ အကြောင်းအရာ၊ အခန်းကဏ္ဍနဲ့ လူထုဆီကို စိမ့်ဝင်ထိုးဖောက်မှု အခြေအနေ တွေဟာ လက်ရှိအချိန်မှာတော့ ရှေးတိုးမပေါက်တဲ့အခြေအနေလို့ ပြောဆိုရမှာပါ။ ရခိုင်မီဒီယာလို့ ဆိုလိုက်ရင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ထုတ်ဝေနေတဲ့ သတင်းဂျာနယ်တွေ၊ အွင်လိုင်းစာမျက်နှာတွေ၊ မဂ္ဂဇင်းတွေ၊ စာစောင်တွေအားလုံးဟာ အကျုံးဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်ကာလကတော့ မြို့နယ်အလိုက် ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေ တော်တော်လေး ခရီး ရောက်ခဲ့ပေမယ့် လုံးလုံး ရပ်သွားခဲ့တယ်။ မြို့နယ်ထုတ် မဂ္ဂဇင်းတွေရှိသလို၊ ပေါ်လိုက်၊ ပျောက်လိုက်နဲ့ သံသရာလည်နေတဲ့ မဂ္ဂဇင်းတွေလည်း ရှိနေပါတယ်။ အခုအချိန်ထိ ရခိုင်ပြည်နယ်မှာ ရှေးအကျဆုံးနဲ့ ထုတ်ဝေနေဆဲဖြစ်တဲ့ မဂ္ဂဇင်းကတော့ “ရခိုင်မဂ္ဂဇင်း” ပါပဲ။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအလွန်ကာလတွေမှာတော့ ဒီမိုကရေစီလမ်းပေါ်မှာ စတုတ္ထမဏ္ဍိုင်လို့ အမည်တပ်ခံရတဲ့ မီဒီယာတွေဖြစ်တဲ့၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ အွင်းလိုင်းမီဒီယာတွေဟာ မြန်မာနိုင်ငံထဲမှာ အစီအရီ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအထဲ တိုင်းနဲ့ပြည်နယ်တွေကလဲ မိမိတို့ရဲ့ ဒေသအလိုက် ထုတ်ဝေတဲ့ ဂျာနယ်တွေကိုထုတ်ဝေလာခဲ့ကြပါတယ်။ အဲဒီအထဲ ရခိုင်သတင်း မီဒီယာတွေဖြစ်တဲ့ နရဉ္ဖရာ၊ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ် စတာတွေကိုလည်း ပြည်နယ်တွင်းမှာ တရားဝင်ထုတ်ဝေခဲ့ကြပါတယ်။
၂၀၁၀ ဒီမိုရေစီလှိုင်းလုံးကြီးနဲ့ အတူရွေ့ပါလာတဲ့ ပြည်သူတွေဟာ၊ အရင်က ငတ်နေခဲ့ရတဲ့ သိပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ တရားမျှတမှုတွေစတဲ့ အရာအားလုံးကိုလည်း သိချင်၊ ကြားချင်လာကြသလို၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကလဲ တိုင်းရင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၀ အလွန်မှာ ထုတ်ဝေခဲ့ကြတဲ့ ရခိုင်ပြည်တွင်းထုတ် သတင်းဂျာတွေထဲမှာ ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်၊ နိရဉ္စရာသတင်းဂျာနယ်၊ ရခိုင်အသံသတင်းဂျာနယ်၊ ရခိုင်စာပေယဉ် ကျေးမှုဂျာနယ်၊ သဇင်ပန်းခိုင်ဂျာနယ်၊ ရခိုင်ပြည်နယ်ဂျာနယ်၊ အာရကန်တိုင်မ်းဂျာနယ်၊ ရခိုင်ဂေဇက် ဂျာနယ်၊ ရိုးမတိုမ်းဂျာနယ်၊ ရခိုင်ပြည်နယ် လွှတ်တော်ဂျာနယ် စတဲ့သတင်းဂျာနယ်တွေကို ထုတ်ဝေခဲ့ကြပါ တယ်။ အများစုကတော့ သတင်းဂျာနယ်တွေကို ထုတ်ဝေကြတာဟာ ဒိုနာတွေရဲ့အကူအညီနဲ့ ထုတ်ဝေခဲ့ကြတာပါ။
အဲဒီသတင်းဂျာနယ်တွေထဲမှာ ရခိုင်ပြည်နယ်သတင်းဂျာနယ်နှင့် ရခိုင်ဂေဇက်ဂျာနယ်တို့ဟာ ယခင် ပြည်နယ်အစိုးနဲ့ ယခုပြည်နယ်အစိုးရတို့ ထုတ်ဝေခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ရပ်နားထားပါတယ်။ အာရကန်တိုမ်းဂျာနယ်ဆိုရင်လဲ တစ်ကြိမ်သာထွက်နိုင်ခဲ့ပြီးတော့ ပြန်မထွက်နိုင်တော့သလို၊ ရိုးမတိုင်မ်းဟာလည်း မဂ္ဂဇင်းအဖြစ် တစ်ကြိမ်၊ ဂျာနယ်အဖြစ် တစ်ကြိမ် ၂ ကြိမ်သာထွက်နိုင်ခဲ့ပါတယ်။ ရခိုင့်အသံ၊ ရခိုင်စာပေယဉ်ကျေးမှုဂျာနယ်၊ သဇင်ပန်းခိုင်ဂျာနယ်တို့ဟာလည်း ရပ်နားထားရသလို ရခိုင်ပြည်နယ်ရဲ့ သတင်းမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ The Root မဂ္ဂဇင်းဟာလည်း လက်ရှိရပ်နား ထားရဆဲဖြစ်ပါတယ်။ ဒီသတင်းဂျာနယ်တွေဟာ တစ်လ ၂ ကြိမ်နဲ့ တစ်လ ၁ ကြိမ် အသီးသီးထုတ်ဝေ ခဲ့ကြတာပါ။
အခုအချိန်ထိ ထုတ်ဝေနေဆဲဖြစ်တဲ့ သတင်းဂျာနယ်တွေထဲမှာတော့ ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်၊ နိရဉ္စရာသတင်းဂျာနယ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဂျာနယ်တွေပဲ ရှိနေတာကို တွေ့ရတယ်။ ဒီအထဲက ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်နဲ့ နိရဉ္စရာသတင်းဂျာနယ်တွေဟာလည်း အခုအချိန်မှာ အခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်နေရပြီးတော့ ရပ်နားရတော့မယ့် အခြေအနေမှာရှိပါတယ်။ ဖွံ့ဖြိုးတိုး တက်ရေးသတင်းဌာနရဲ့ အွင်လိုင်းနေ့စဉ်သတင်းအစီအစဉ်တွေကို ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်စတင် ပြီး ရပ်နားလိုက်ရသလို၊ နိရဉ္စရာဂျာနယ်ဟာလည်း အခက်အခဲတွေကြောင့် ရပ်နားတော့မယ်လို့ သူတို့ရဲ့ အွင်လိုင်းစာမျက်နှာမှာ အသိပေးခဲ့ပါတယ်။ ဒီအခြေအနေတွေအားလုံးရဲ့ အဖြေကတော့ ငွေရေးကြေးရေးအခက်အခဲပါပဲ။
ဒီသတင်းဂျာနယ်တွေ ရပ်တည်ဖို့ ဘာကြောင့်ခက်ခဲလာရသလဲ၊ ဆိုတာကတော့ ပထမဆုံးအချက်က အထောက်အပံ့ပါ။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရခိုင်ပဋိပက္ခရဲ့ ဂယက်တွေကြောင့် ယခင်က ရရှိခဲ့တဲ့ အထောက်ပံ့တွေအများစုရပ်တန့်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဈေးကွက်ပါ။ ဈေးကွက်ထဲမှာ သတင်းဂျာနယ်တွေရဲ့ တန်းဖိုးဟာ ၅၀၀ ကနေ ၁၅၀၀ အထိရှိနေပါတယ်။ ဂျနယ်တစ်စောင်ကိုဝယ်ယူဖို့အတွက် စိတ်အားထက်သန်ပေမယ့် တစ်ချို့သာမန်အခြေခံ လူတန်းစားတွေဟာ ငွေ ၅၀၀ ဒါမှမဟုတ် ၁၀၀၀ ကုန်ကျမှုကို မခံနိုင်ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးတွေကြောင့်ပါတယ်။ နောက်တစ်ချက်ကတော့ ဖြန့်ချီရေးပါ။ ရခိုင်ပြည်နယ်မှာ ထွက်သမျှသတင်းဂျာနယ်တွေကို ဖြန်ချိတဲ့အခါမှာ လမ်းပန်းဆက် သွယ်ရေးခက်ခဲတာတွေ၊ သယ်ယူခဈေးကြီးတာတွေ အပါဝင် အရောင်းကိုယ်စားလှယ်တွေဟာလည်း သီးခြားမရှိဘဲ အများစုကတော့ ရင်းနှီးမှုနဲ့ပဲ ရောင်းချပေးနေကြတာပါ။ ဖြန့်ချီရေးကိုယ်စားလှယ် သီးသန့်မရှိတဲ့အတွက် သတင်းဂျာနယ် အများစုဟာ ကျေးရွာအဆင့်ကိုသာမက မြို့ပေါ်ရပ်ကွက် တချို့ကိုတောင် မရောက်ကြပါဘူး။
“ ရခိုင်မီဒီယာနဲ့ပတ်သက်လာရင် စားသူသုံးမရှိဘူး။ ရုပ်မြင်သံကြားတွေကိုလဲ စီးပွားဖြစ်အဆင့် မမြှင့်နိုင်ဘူး။ စီးပွားအားဖြင့်လည်းမဖြစ်နိုင်တော့ ရှယ်ယာတွေပါတွေခေါ်ပြီးလုပ်ဖို့လဲ အခက်အခဲရှိ တယ်။ တစ်ဖက်မှာ ကြော်ငြာလဲမရ ဈေးကွက်လည်းမရှိဆိုတော့ ရခိုင်မီဒီယာတွေအတွက် ရပ်တည်ဖို့ အခက်အခဲအများကြီး ရှိတယ်ပေါ့။ သို့သော် ကျွန်တော်တို့အများဆုံးရပ်တည်ကြတာက အမျိုးသားရေး လိုအပ်ချက်အရ ရပ်တည်ရတဲ့ အခြေအနေတွေသာရှိတယ်။ ” ဟု နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကပြော ရခိုင်မီဒီယာတွေ ကျဆုံးလာတဲ့အပေါ် အခုလိုပြောပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခင်းအကျင်းအရသော်လည်းကောင်း၊ ဘင်္ဂါလီကိစ္စ ကြောင့် သော်လည်းကောင်း မီဒီယာတွေရဲ့လိုအပ်ချက်ဟာ လက်ရှိရှိနေတာထက် ပိုမိုရှိနေသင့်ပေမယ့် ထုတ်ဝေနေတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအာလုံးဟာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အပေါ် မှာ ရခိုင်အသိုင်းဝိုင်းတွေဖက်က လိုအပ်ချက်တွေရှိနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။ အထူးသဖြင့် စီးပွားရေးအသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ ဖက်ကကူညီထောက်ပံ့မှုတွေလိုအပ် တယ်လို့လည်း ရခိုင်မီဒီယာအသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
တစ်ဖက်မှာလည်း ရခိုင်မီဒီယာအများအစုဟာ ဘင်္ဂါလီအခင်းအကျင်းကြောင့် အမျိုးသား ရေးဖက်မှာ အများစုရပ်တည်နေကြတာပါ။ ဘာကြောင့်လဲဆိုတော့ လက်ရှိကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘင်္ဂါလီအရေးဟာ သမိုင်းနဲ့ချီပြီး အမှားကို အမှန်ဖြစ်အောင်လုပ်ဆောင်လာတဲ့ လုပ်ရပ်တွေဖြစ် တာကြောင့် ရခိုင်မီဒီယာအများစုဟာ အမျိုးသားရေးဖက်ကို ဦးတည်လာခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ဘင်္ဂါလီအရေးဟာ ရခိုင်တိုင်းရင်းသားတွေသာမက မြန်မာတစ်နိုင်ငံလုံးက လက်မခံနိုင် တဲ့ အခြေအနေတွေဖြစ်တာကြောင့်လို့လဲ ယူဆနိုင်ပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ ရခိုင်မီဒီယာတွေ ရဲ့ အခက်အခဲတွေထဲမှာလည်း ဘင်္ဂါလီကိစ္စကြောင့် အများဆုံးဖြစ်ရတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ တစ်ချို့ မီဒီယာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေဟာဆိုရင် ဥပမာ - သင်တန်းတွေလို၊ ခေါင်းစဉ်အလိုက် ဆောင်ရွက်ရတဲ့ သတင်း၊ ဆောင်းပါးတွေ ရေးတာမျိုးတွေမှာတောင် ရခိုင်ကို မပေးတော့တာတွေ ရှိတယ်လို့ သဇင်ပန်းခိုင်ဂျာနယ်ရဲ့ တာဝန်ရှိသူ ကိုတေဇာအောင်ကပြောပါတယ်။
“ အဓိကတော့ ဘင်္ဂါလီကိစ္စပေါ့။ အဲဒါကတော့ အဓိကပြဿနာပေါ့။ အခုဆိုရင် မီဒီယာသင်တန်းတောင်မှ ရခိုင်ဆိုရင်သိပ်မခေါ်ချင်ကြတော့ဘူး။ ရခိုင်ပါရင် ဘတ်ဂျတ်က သူတို့ တောင်းရတာခက်တယ်ပေါ့။ ပြီးရင် အင်တာနယူးမှာလည်း ပြဿနာကြုံဖူးတယ်လေ။ သူတို့ အစကတော့ ကျွန်တော့်ကို ရခိုင်အီရှုးရေးပေးပါ။ အိပ်အိုင်ဗွီ နဲ့ပတ်သက်ပြီးတော့ ရေးပေးပါလို့ပြောတယ်။ အဲဒီတော့ကျွန်တော်ရေးတယ်။ သတင်းလဲ ထွက်သွားပြီ အဲဒီအခါမှ USAID က ရခိုင်အီရှုးကိုမပေးတော့ဘူးလို့ပြောတယ်။ အဲဒီအခြေနေတွေရှိတယ်။ လောလောဆယ် အဲဒါတွေကိုဖြေရှင်းဖို့ BNI ကစီစဉ်နေလားတော့မသိဘူး။ ”ဟု ကိုတေဇာအောင်က ပြောပါတယ်။
တစ်ဖက်မှာလည်း ရခိုင်စီးပွားရေးသမားတွေအနေနဲ့ကလည်း ကြော်ငြာအပါဝင် တစ်ခြားသော သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ပံ့သလို မျိုးလုပ်ဆောင်တာတွေ အားနည်းတဲ့အတွက် ရခိုင်ပြည်နယ်အတွက် မီဒီယာအများစုဟာ ရပ်တည်ဖို့ တော်တော်လေး ခက်ခဲလာကြတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် တစ်ခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အဆင့်ထုတ်ဝေနေကြတဲ့ မီဒီယာတွေရဲ့ အရည်အသွေးနဲ့၊ ဝန်ထမ်းအင်အားသုံးစွဲမှု၊ သတင်းထောက်လှမ်းမှု၊ စုံစမ်းဖေါ်ထုတ်ရေးသားမှု အပိုင်းတွေကို လည်းသုံးသပ်ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတိုင်းအတာနဲ့ ယှဉ်ရင် သတင်းတည်ဆောက်မှု၊ သတင်းဆောင်းပါး တည်ဆောက်မှု အပိုင်းဟာအများကြီးရှိတယ်လို့ မှတ်ချက်ပြုနိုင်ပေမယ့်။ လက်တွေ့ကျကျ အလုပ်လုပ်နေကြတဲ့ ရခိုင်မီဒီယာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအများစုဟာ မီဒီယာလုပ်ငန်း၊ သတင်းလုပ်ငန်းအပေါ် ကျွမ်းကျင်မှု မရှိတာတွေ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာတွေ၊ နည်းပညာပိုင်းတွေမှာ တော်တော်လေး အားနည်းနေတာတွေကို လည်းတွေ့ရပါတယ်။ စုံစမ်းဖေါ်ထုတ် ရေးသားတဲ့ အပိုင်းတွေဟာလည်း အားနည်းတဲ့အတွက် ကြောင့်လူထုရဲ့ စိတ်ဝင်စားမှု မီဒီယာ အများစုက မဆွဲဆောင်နိုင်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုရမှာပါ။ ဒီကြောင့်အရာတွေကိုတော့ MCN ရခိုင်သတင်းထောက် ကိုမင်းမျိုးနွယ်က အခုလိုသုံးသပ်ပါတယ်။
“ ရခိုင်ဒေသမှာ သက်တမ်းရင့်တဲ့၊ သဘာရင့်တဲ့ သတင်းထောက်သာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာအကျင့်စာရိတ္တနဲ့မဆိုင်ဘူး။ သင်ကြားမှုအပိုင်းအားနည်းတယ်။ မီဒီယာတိုက်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုနည်းတယ်။ နောက်လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေကိုမရနိုင်။ နောက်သတင်းထောက် တစ်ယောက်ရဲ့ တတ်သင့်တတ်ထိုက်တဲ့အခြေခံအတတ်ပညာကို မတတ်။ ဆိုတော့ သတင်းထုတ်လုပ်တဲ့ အပိုင်းမှာ လည်း သတင်းတွေဟာ ယေဘုယျဆန်ဆန်သာဖြစ်တယ်။ ခိုင်မာတဲ့ သတင်းတွေကို မရရှိနိုင်ဘူး။ တည်ဆောက်တဲ့အပိုင်းမှာလည်း ခိုင်ခိုင်မာမာတည်ဆောက်တဲ့ ရှုထောင့်တွေကို မရနိုင်ဘူး။ ” လို့ သုံးသပ်ပါတယ်။
တကယ်တော့ မီဒီယာလောက ယိမ်းယိုင်နေတာဟာ ရခိုင်တစ်ခုတည်းအတွက်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပါဝင် ကမ္ဘာ့မီဒီယာလောကတောင် ယိမ်းယိုင်းနေတာဖြစ်ပါတယ်။ အဲဒီအထဲမှာမှ မြန်မာ နိုင်ငံရဲ့ မီဒီယာလောကဟာလည်း အရှုံးတွေနဲ့ ရင်ဆိုင်နေကြရသလို တစ်ချို့ သတင်းစာတိုက်တွေ၊ ဂျာနယ်တိုက်တွေကိုတောင် ပိတ်သိမ်းလိုက်ရတာတွေလဲ ရှိပါတယ်။ ဒီလိုမျိုး အခင်းအကျင်းမှာ ရခိုင်မီဒီယာတွေရဲ့ အခန်းကဏ္ဍကျဆုံးမှုဟာလည်း အဆန်းတကြယ်လို့ မဆိုနိုင်ပေမယ့်လည်း ရခိုင် ပြည်နယ်ရဲ့ အခင်းအကျင်းတွေနဲ့ ချိန်ထိုးကြည့်မေဆိုရင် ရခိုင်မီဒီယာတွေရဲ့ ကျဆုံးမှုဟာ ပြည်သူတစ် ရပ်လုံးနှင့် မျက်စိ၊ နားတွေကို ပိတ်ပစ်ရတော့မလိုဖြစ်ပါတယ်။
ဒါကြောင့် ရခိုင်မီဒီယာတွေ ရေရှည်တည်တံံ့ဖို့အရေးဟာ အခုအချိန်မှာ တော်တော်လေး စိုးရိမ်ရမယ့် အခြေအနေပါ။ ဒါတွေကို ဝိုင်းဝန်းအဖြေရှာဖို့အတွက်ဆိုရင် မီဒီယာလုပ်ငန်းအတွက် အထောက်အပံ့နေတဲ့ အဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေအပါဝင် ရခိုင်လူထု တစ်ရပ်လုံးအပေါ်မှာ မူတည်နေတယ်လို့ဆိုရမှာပါ။ မီဒီယာတွေဖက်ကလည်း လူထုရဲ့ သိသင့်၊ သိထိုက်တဲ့ အကြောင်းအရာတွေကို ဘက်မလိုက်ပဲ ရပ်တည်ရေးသားကြဖို့နှင့် ထိရောက်တဲ့ စုံစမ်း ဖေါ်ထုတ်ရေးသားမှုတွေကို အဓိထားပြီး လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတိုင်းအတာနှင့် ထုတ်ဝေနေကြတဲ့ သတင်းဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အနေနဲ့ ကြည့်ရင်တော့ မီဒီယာလောက ဟာကျဆုံးချိန်ကိုရောက်နေပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။