လက်ကလေးများ
သူတို့ရွာကလေးဆီသို့ ငွေတိုးချေးသူများနှင့် ကာမဂုဏ်လိုက်စားကြသူများ ရောက်လာတတ်ကြသည်။ သို့သော် သူတို့၏ အကျင့်စာရိတ္တကို ပြုပြင်ပြောင်းလဲလိုသူများ မလာကြပေ။ ဤရွာကလေးတွင် ကလေးငယ်များ စာတတ်မြောက်မှုကို မလိုလားကြပေ။ ကလေးများသည် စာရေးစာဖတ်တတ်မြောက်ခဲ့လျှင် ခိုင်းချင်သလိုခိုင်း၍ ရနိုင်တော့မည်မဟုတ်ဟု ယူဆထားသူ လူကြီးများလည်း ရှိပေသည်။
21 May 2015
ဂြိမ်းမောင် ရေးသားသည်။
ဂစ္ဆပမြစ်နဒီ၏ နှုတ်ခမ်းပါးပေါ်တွင် ဆိုင်ကယ်ကို ထိုးရပ်လိုက်ကြသည်။ သူရိန်နေမင်းကြီးသည် လုံးဝကွယ်ပျောက်သွားခဲ့သော်ငြားလည်း သူ့လက်ကျန် နီရဲရဲအလင်းရောင်တို့သည် ထွက်ခါစဝိုင်းစက်နေသည့် လစန္ဒာ၏ ငွေရောင်ဖျော့ဖျော့နှင့် ရောစပ်ကာ မိုးကုတ်စက်ဝိုင်းတစ်ခုလုံးသည် ဝါကျင်ကျင်ဖြစ်နေသည်။
မြစ်ကမ်းစပ်တွင် ကျောက်စရစ်ခဲ့များလိုက်ကောက်နေကြသည့် ကလေးငယ်များနှင့် မိဘများငါးရှာ၍ ပြန်လာမည့်လမ်းကို မျှော်နေကြသည့် ကလေးငယ်များက သျှင်ထွန်းအား မြင်တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် “ မင်္ဂလာပါ ဆရာကြီး၊ ဆရာကြီးနေကောင်းပါလား ” ဟု ညီညီညာညာစကားသံများဖြင့် လက်ကလေးများပိုက်ကာ နှုတ်ဆက်လိုက်ကြသည်။ ဤကလေးငယ်များသည် ဂူဝဘုရားအနီး ဂူဝကျေးရွာနေကြသူများဖြစ်ကြသည်။
ကလေးငယ်များသည် သူတို့၏ အမှောင်ဘဝများထဲမှ အလင်းတံခါးကို ဆွဲဖွင့်ပေးခဲ့သော လူတစ်ဦးအား မမေ့ပစ်ကြပေ။ ထိုသူသည် ကလေးငယ်များ၏ ရင်ထဲ၊ အသည်းထဲမှာ သင်္ကေတတစ်ခုကဲ့သို့ ရှိကောင်းရှိနေလိမ့်မည်။ နုငယ်ပြီး ဖြူစင်သန့်ရှင်းကြသည့် သူတို့ဘဝများသည် ယခင်က ရင်နာစရာဖြစ်ခဲ့ကြရသည်။ အစွန့်ပစ်ခံ၊ ရွံရှာဖွယ်ကောင်းသည့် ကလေးများပင်ဖြစ်ခဲ့ကြသည်။ ဟန်ဆောင်လောကကြီးထဲတွင် သူတို့သည် အကျဉ်းတန်ရုပ်ဆိုးခဲ့ကြသည်။ မှန်ပေသည်။ သူတို့ဘဝမှာ အရာရာတိုင်းသည် ဆင်းရဲကြသည်။ စားဝတ်နေရေး၊ လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ပညာရေးတို့သည် အဟောသိကံပင်။ ပွေး၊ ဝဲ၊ ယားနာများစွဲကပ်နေသည့် သူတို့၏လက်ကလေးများကို နွေးနွးထွေးထွေး ဆွဲခေါ်နှုတ်ဆက်မည့် လက်များသည် အလွန်ပင်နည်းပါးခဲ့ကြသည်။ သူတို့၏လက်ကလေးများသည် ပလင်းခွံများ၊ ပလတ်စတစ် ရေသန့်ဗူခွံများနှင့် စွန့်ပစ်ထားခဲ့ကြသည့် စားသောက်စရာ စားကြွင်းစားကျန်များကို အလုအယက် ကောက်ယူခဲ့ကြသည်။ ၎င်းလက်ကလေးများသည် လက်အုပ်ချီရှိခိုးပြီး ဘုရားဖူးဧည့်သည်များထံမှ အလှူခံခဲ့ကြသည်။ သူတို့သည် အလစ်ကိုချောင်းတတ်ကြသည်။ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် ဝင်ခိုးတတ်ကြသည်။ တစ်ခါတစ်ရံ ဘုရားဂူထဲတွင် ဘုရားဝတ်ပြုနေသည့် အမျိုးသမီးကြီးဆီမှ ခါးကြားတို့ကာ အဓမ္မငွေတောင်းတတ်ကြသည်။
လက်ကလေးများသည် ဂူဝဆည်ကန်သို့ ပျော်ပွဲစားထွက်လာကြသူများ၏ ကြက်၊ ငှက်၊ ဘဲများကို တစ်ကောင်နှစ်ရာကျပ်ဖြင့် လည်လှီးအငှါးသတ်ကြသည်။ သူတို့သည် မိဘများ ငါးရှာရန်အတွက် ငါးစာလုပ်ဖို့ မြေကြီးထဲက တီကောင်များကို တူးဆွရှာဖွေပေးရသည်။ ညစ်ပေသောမစင်(ချေး) များကို လက်အိပ်မသုံးဘဲ ပျော်ပျော်ပါးပါးကောက်ခဲ့ကြသည်။ မိသားစုစားဝတ်နေရေး ဖူလုံရေးအတွက် ငါးရှာ၊ အိုင်ပက်ကြရသည်။ သူတို့ဘဝတွင် အပြိုင်အဆိုင်ကြိုးစားအားထုတ်မှု မရှိသည့်အပြင် ရှေ့လျှောက်ရမည့်လမ်းသည် ပျောက်ကွယ်နေကြသည်။ ဖေးမကူညီသူမရှိ၊ အားပေးချီးမြှောက်မည့်သူမရှိ၊ ဤကလေးငယ်များသည် ဘုရားရင်ပြင်ပေါ်တွင် ဆော့ကစားခွင့် မရခဲ့ကြပေ။ မတော်တဆ ဘုရားရင်ပြင်ပေါ်သို့ တက်ရောက်ခဲ့လျှင် ဘုရားနှင့်သက်ဆိုင်သူများ၏ ရိုက်နှက်မှုများကို ခံကြရသည်။ တုတ်ချောင်းများသည်သာ ကျိုးမွပျက်စီးသွားလိမ့်မည်။ သို့ရာတွင် သူတို့၏စိတ်ဓာတ်သည် နဂိုမူလအတိုင်းပင်။
သူတို့ရွာကလေးဆီသို့ ငွေတိုးချေးသူများနှင့် ကာမဂုဏ်လိုက်စားကြသူများ ရောက်လာတတ်ကြသည်။ သို့သော် သူတို့၏ အကျင့်စာရိတ္တကို ပြုပြင်ပြောင်းလဲလိုသူများ မလာကြပေ။ ဤရွာကလေးတွင် ကလေးငယ်များ စာတတ်မြောက်မှုကို မလိုလားကြပေ။ ကလေးများသည် စာရေးစာဖတ်တတ်မြောက်ခဲ့လျှင် ခိုင်းချင်သလိုခိုင်း၍ ရနိုင်တော့မည်မဟုတ်ဟု ယူဆထားသူ လူကြီးများလည်း ရှိပေသည်။ သားသမီးကောင်းစားရေးအတွက် အခွင့်အရေးတစ်စုံတစ်ရာ မရရှိလျှင် လုံးဝမကူညီနိုင်လို့ ပြောသူလည်း ရှိခဲ့သည်။
“ ဒီကလေးတွေ စာသင်ကြားရေးကိစ္စဟာ ကျွန်တော်နဲ့ မဆိုင်ဘူးလေ၊ ဒါကပညာရေးဌာနနဲ့သာ ဆိုင်တယ်။ ပညာရေးဌာနမှာ တာဝန်ရှိတယ် ” ဟု လွယ်လွယ်ကူကူပြောလိုက်သည့် အရာရှိတစ်ဦးလည်း ရှိပါသည်။ သျှင်ထွန်းသည် ကလေးများကို စာသင်ပြရန်အတွက် နေရာအခက်အခဲများ ကြုံရသည်။ ထိုအခါ ရွာအနီးက ဘုန်ကြီးကျောင်းတစ်ကျောင်းကိုသွားပြီး အကူအညီတောင်းသောအခါ “ တကာ… စာသင်ပြတာတော့ကောင်းပါတယ်။ ဒါပေမဲ့ ငါ့ကျောင်းက အခုမှစတင်တည်ထောင်တာ။ ကျောင်းကိုမိန်းမတွေလာရင် မသင့်တော်ဘူး။ ပြီးတော့ ကလေးတွေက တော်တော်ဆိုးတယ်။ သတိထားပြီးလုပ်ပါဦး ” ဟု ဆရာတော်ဘုရားကြီးက မိန့်ကြားသည်။ ကျောင်းဝတ်စုံများဝတ်ပြီး လေ့လားရေးခရီးထွက်လာကြသည့် ကျောင်းသား/သူများကို ငေးကြည့်ကာ သူတို့သည် အားကျခဲ့ကြရသည်။ “ ဒီကလေးတွေ စာရိတ္တပျက်နေကြတာ ကျောင်းမတက်ကြလို့ပဲ။ သူတို့အတွက် မြို့ထဲမှာ မူလွန်ကျောင်းရှိတာပဲ ” ဟု ပညာရေးဌာနက အကြီးအကဲဆရာမကြီးစကားသံက ဤကလေးများ၏ နားစည်ထဲသို့ ထိုးမဖောက်နိုင်ခဲ့ပေ။
ကလေးငယ်များထဲ၌ မိန်းကလေးများသည် ဆံပင်ရှည်ရှည်ထားကြသည်။ အုန်းဆီမရှိ၍ ဖွားဖွားရွားရွား ဆံပင်ရှည်များသည် ခြောက်လက်မခန့်ရှည်သောအခါ သူတို့သည် ခေါင်းတုံးတုံးဖြင့် ဖြစ်နေကြပြီ။ ဆံပင်ရှည်ကလေးများသည် သူတို့မိသားစု တစ်နေ့တာအသုံးစရစ်ကို ဖူလုံပေးနိုင်ကြသည်။ အသက်ဆယ့်သုံး၊ ဆယ့်လေးအရွယ်တွင် သူတို့သည် ဝတ်လစ်စလစ်ဖြင့် မလုံခြုံကြပေ။ သူတို့ထဲ၌ ဖခင်မရှိကြသည်သူများလည်း ရှိကြသည်။ သူတို့ဖခင်မည်သူဆိုသည်ကိုလည်း သူတို့သိရှိစရာမလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုရသော် သူတို့မိခင်များသည် လိင်ရောင်းစားသူများ ဖြစ်နေကြသည်။
ပြည့်လျှံနေသော ကဆုန်လပြည့်၏ အရှိန်အဝါဖြင့် ဒီရေသည် တဖြည်းဖြည်းတက်လာသည်။ သျှင်ထွန်းတို့ ထိုင်နေကြသည့် ကျောက်ဆောင်ကြီးအား ဒီရေလှိုင်းများသည် ရိုက်ပုတ်ခတ်ပြနေသည်။ မြစ်ရေပြင်ထဲတွင် အနှောင်အဖွဲ့မရှိကြသည့် လောင်းလှေများသည် စီးနေကြသည်။ အိပ်တန်းပြန်ငှက်တစ်အုပ်သည် ပြားဇီးပင်ကြီးပေါ်တွင် နားနေလိုက်ကြသည်။ ကျောက်ဆောင်ပေါ်တွင် ကျောက်စိမ်းရောင် နိုင်ငံခြားဖြစ်အရက်ပုလင်းသည် အနံ့ရသည်။ စားစရာများသည် စုံလင်လှသည်။ ငရုပ်ကောင်းစေ့၊ ကြက်သွန်ဖြူနံ့သင်းနေသော ပုဇွန်တုပ်ကြီးသုတ်၊ ရင်ခွဲကာနေလှန်းပြီး ပဲဆီသန့်သန့်နှင့်ကြော်ချက်ထားသည့် ကင်းမုံ(ရေကြက်)ကြော်နှင့် အချင်းဝှက်နှစ်လက်မခန့်ရှိသည့် ကကတိုက်ငါးဥကြီးများကို မြည်းရန်အဆင်သင့်နေကြသည်။
“ ဝေး…သျှင်ထွန်း၊ မင်းအကြာင်းသိလို့ ရှယ်ဝယ်လာတာ။ ဒီမှာ…” မိမိအစားရူးကြောင်းကိုသိသည့် ဘိုကျန်က ငါးခူကိုကိုင်ပြီးပြောသည်။ ဘိုကျန်နှင့်မတွေ့ဆုံဖြစ်သည်မှာ လေးနှစ်ကျော်ရှိပြီ။ သူသည်နရသိန်မှ ပြန်ရောက်သည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။ အရှေ့လေမှာ သူ့ဆံပင်ရှည်ရှည်က ဝဲပျံနေသည်။
“ ဒီငါးခူက သန်းပေါင်းများစွာသော ငါးကောင်ရေများကို ပေါက်ဖွားပေးမှာ ဘိုကျန် ဒီငါးခူသာ အသက်ရှင်သန်ခွင့် ရခဲ့မယ်ဆိုရင် ဒီမြစ်ရေပြင်ထဲမှာ သန်းပေါင်းများစွာသော ငါးကလေးတွေက ကူးခတ်နေကြလိမ့်မယ်နော်၊ အခုက တစ်ကြိမ်တည်းနဲ့ မျိုးဆက်ဖြတ်ချလိုက်သလိုပဲပေါ့ကွာ”
“ငါးခူတစ်ခုတည်း မဟုတ်ဘူးသူငယ်ချင်း၊ လောကကြီးမှာ ဒီလိုရိုက်ချိုးခံလိုက်ရတဲ့သူတွေ၊ ရိုက်ချိုးခံနေကြရတဲ့သူတွေ ဒုနဲ့ဒေးပါကွာ။ သဘဝတရားလို့ သဘောထားလိုက်ကြစို့လား သူငယ်ချင်း ဟဲ…ဟဲ ” ဟု စကားတဖောင်ဖောင်ပြောပြီး အရက်ခွက်များကိုကိုင်ကာ မော့ချလိုက်ကြသည်။ ထို့နောက် ငွေရောင်ဆမ်းထားသော မြစ်ရေပြင်ဖက်သို့ ငေးကြည့်နေကြသည်။ “ ဂစ္ဆပနဒီ…ရေကြိုင်မြသား… စီးဆင်းနေသည်…ပထဝီအနေအထား…” အဆိုတော်လပြည့်အောင်၏ တေးသားအချို့ကို သျှင်ထွန်းက သီဆိုနေသည်။ မြစ်ရေပြင်ကိုဖြတ်သန်းလာသော လေများသည် အေးစက်နေသည်။ အရက်ရှိန်သည် တရွေ့ရွေ့တက်၍လာသည်။
“ မပိုင်နိုင်သူကိုသာ အစကကြိုသိခဲ့ရင် မေမချစ်ရရင်လည်း…” အဆိုတော် အောင်သူ၏တေးသားအချို့ကို သီဆိုပြီး အမျိုးသမီးတစ်စု မြစ်ကမ်းစပ်ဆီသို့ လှမ်းလျှောက်လာကြသည်။ သူတို့အိမ်တွင် အိမ်သာများမရှိကြ၍ တောထိုင်ရန်လာကြခြင်း ဖြစ်ဟန်တူသည်။
“ လုံခြုံပါ့မလား၊ ဟိုမှာကျားတွေနော်”
“ အဲ…ငါလည်းရှက်တတ်တာပဲ၊ ကြည့်မနေနဲ့၊ ဟိုဖက်လှည့်နေကြ ” စသည့် သူတို့အချင်းချင်း ရီမောပြောဆိုသံများကို သဲ့သဲ့ကလေးကြားရသည်။ ထို့နောက်သူတို့သည် ဆိုင်ကယ်အနီးနားသို့ လာကြသည်။ ဆိုင်ကယ်ပေါ်တွင် ခွစီးပြီး ရီမောနေကြသည်။ မှောင်မှီခွင့်မပြုသည့် လဖြစ်နေသဖြင့် သူတို့အပြုအမူများကို လှမ်းမြင်နေရသည်။ သူတို့၏စိတ်ထဲတွင်လဲည်း တစ်ညတာလုပ်ငန်းခွန်အတွက် ဖောက်သည်များကို ပင်ပင်ပန်းပန်း လိုက်ရှာနေစရာ လိုအပ်တော့မည်မဟုတ်ဟု မှတ်ယူထားကြပေလိမ့်မည်။ သူတို့ထဲမှနှစ်ဦးသည် သျှင်ထွန်းတို့ထိုင်နေသော ကျောက်ဆောင်အနီးသို့ လမ်းလျှောက်လာပြီး ရပ်ကြည့်နေကြသည်။ သူတို့နှစ်ဦးသည် ဦးခေါင်းချင်းပူးကပ်ကာ တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ ထို့နောက်သူတို့သည် လာလမ်းအတိုင်း ပြန်လှည့်သွားကြသည်။ သူတို့ထဲတွင် သျှင်ထွန်းကိုသိသော လက်ကလေးများလည်း ပါကောင်းပါလတ္တံ။ သျှင်ထွန်းတို့သည် လက်ကျန်အရက်များကိုငဲ့ကာ ရေများများရောစပ်ပြီး သောက်လိုက်ကြသည်။
သူတို့သည် ညဉ့်အချိန်မှာ ပွင့်လန်းကြသော ညမွှေးပန်းများဖြစ်ကြသည်။ ဤအချိန်တွင် သူတို့၏စားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက် သူတို့ကိုယ်ခန္ဓာများကို ရောင်းချပြီး အသက်မွေးကြရသည်။ သူတို့၏ ပျက်စီးနေကြသည့် အကျင့်စရိုက်ဆိုးများကို ကူညီပေးမည့်သူများ မရှိကြပေ။ မီးလောင်ရာလေပင့်မည့်သူများသာ ရှိကြသည်။ “ သူတို့၏ဆင်းရဲဒုက္ခ ခံစားမှုများကို မည်သူမျှဝေ ခံစားပေးနိုင်မည်နည်း ” ဟု သျှင်ထွန်းက အရက်ရှိန်တမြမြနဲ့ ပြောသည်။ သို့သော် သူတို့သည် ဤခရီးကို ဆက်လျှောက်နေကြပေလိမ့်မည်။
အရက်လည်းကုန်၊ အမြည်းကလည်း မရှိတော့ပြီ။ အနီးပတ်ဝန်းကျင်၌ လှိုင်းပုတ်သံ၊ လေတိုးသံများမှတပါး အခြားအသံများ မကြားရတော့ပေ။ ဆိုင်ကယ်ကို သော့ဖွင့်လိုက်ကြသည်။ စက်နှိုးလိုက်ပြီးနောက် သူ၏မီးရောင်ပြသည့်လမ်းအတိုင်း မောင်းနှင်လာကြသည်။ ဂူဝရွာထဲတွင် မီးခွက်ကလေးများ၏ အလင်းရောင်မှီဖျော့ဖျော့ကို လှမ်းမြင်နေရသည်။
(ဤဆောင်းပါးကို၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထုတ် Development News Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)