သစ်တောပြုန်းတီးခြင်းနှင့် ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်အား အဓိကစိုးမိုးထားသည်မှာ ရခိုင်ရိုးမတောင်တန်းဖြစ်သည်။ ရခိုင်ရိုးမ တောင်တန်း သည် မြောက်ဘက်၌ ထူထပ်မြင့်မား၍ တောင်ဘက်၌ သွယ်လျနိမ့်ဆင်းသွားသည်။ ရခိုင်ရိုးမတောင် တန်းအပြင် မယူတောင်တန်း၊ စိုင်းတင်တောင်တန်း၊ မင်းကြီးတောင်တန်း၊ သြရမတောင်တန်း၊ ဘဲငါးရာတောင်တန်း၊ ဝက်သထိုးတောင်တန်းများမှာလည်း ရခိုင်ပြည်နယ်တွင်ထင်ရှားသည်။ သစ်တောများတွင် ကျွန်း၊ ပျဉ်း ကတိုး၊ ကညင်၊ သင်္ကန်း၊ ခမောင်း၊ ပိန္နဲ၊ စံကား၊ တောင်မန်းကျဉ်းစသည့် သစ်ပင်များပေါက်ရောက်သည်။
25 May 2018
သစ်တောများ၊သစ်ပင်များ ပြုန်းတီးလာခြင်းသည် အလွယ်တကူဖြတ်ပစ်ရန် အချိန်ကုန်သက်သာသည့် ချိန်းစက်(သစ်ဖြတ်စက်) များ ပေါ်လာခြင်းကြောင့်ဖြစ်သည်။
စိမ်းညိုအောင် ရေးသားသည်။
လူသားများသည် သစ်တောသယံဇာတများကို အမှီသဟဲပြုလျှက် နေထိုင်လာကြသည်မှာ ရှေးယခင် ကတည်းကပင်ဖြစ်သည်။ သစ်တောများမရှိတော့လျှင် ရေလည်းမရှိနိုင်ပါ။ ( There is no water without forest.) ” သစ်ပင်ကြောင့် မိုးရွာ၊ မိုးကြောင့်သစ်ပင်ပေါက် ” ဆိုသောစကားအတိုင်း သစ်ပင်မရှိလျှင် မိုးမရွာနိုင်ပါ။ သစ်ပင်မရှိလျှင် အသက်ရှင်မနေနိုင်ပါ။ သစ်ပင်သည် လောက၏အဟာရလည်းဖြစ်သည်။ အာဝါသလည်းဖြစ်သည်။ ကျွနု်ပ်တို့ ငယ်စဉ်ကတည်း ဓားနှင့်ခုတ်ခဲ့သော၊ တုတ်နှင့်ရိုက်ခဲ့သော၊ ခြေနှင့်ကန်ခဲ့သော သစ်ပင်ပေါက်ကလေးများကို ပြန်လည်ရေတွက်ကြည့် မည်ဆိုလျှင် ထောင်ချီပြီး ရှိလိမ့်မည်ထင်သည်။ သို့သော် ကျွနု်ပ်တို့သည် သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းရန် မေ့လျော့နေကြသည်မှာ အမှန်ပင်ဖြစ်သည်။
လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် သစ်တောသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်လာပါသည်။ လူ၊ အပင်၊ တိရစ္ဆာန်တို့ အတူယဉ်တွနေထိုင်မှုတွင် လူသားသည် သဘာဝပတ်ဝန်းကျင်၏ အစိတ်အပိုင်းတခုသာဖြစ်သည်။ လူတို့ အသက်ရှင်ရန် သန့်စင်သော လေ၊ သန့်ရှင်းသောရေနှင့် အစားအစာ၊ ဆေးဝါး တို့လိုအပ်သည်။ ထို့ကြောင့် လူတို့သည် သန့်စင်သောလေ၊ သန့်ရှင်းသောရေနှင့် ကောင်းမွန်သော အစားအစာ၊ ဆေးဝါးထောက်ပံ့မှုကိုပေးသော မိမိတို့နှင့် ယှဉ်တွဲနေထိုင်သည့် လူ၊ အပင်၊ တိရ စ္ဆာန်တို့၏ တည်ရှိမှုကို လေးစားအသိအမှတ်ပြုရန် အထူးလိုအပ်သည်။ အစိုးရနှင့်ဒေသခံတို့က သစ်တောမပြုန်းတီးရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ရမည်။ သစ်တောကိုချစ်မြတ်နိုးသော လူ့အဖွဲ့အစည်းဖြစ်သင့်သည်။
ရခိုင်ပြည်နယ်အား အဓိကစိုးမိုးထားသည်မှာ ရခိုင်ရိုးမတောင်တန်းဖြစ်သည်။ ရခိုင်ရိုးမ တောင်တန်း သည် မြောက်ဘက်၌ ထူထပ်မြင့်မား၍ တောင်ဘက်၌ သွယ်လျနိမ့်ဆင်းသွားသည်။ ရခိုင်ရိုးမတောင် တန်းအပြင် မယူတောင်တန်း၊ စိုင်းတင်တောင်တန်း၊ မင်းကြီးတောင်တန်း၊ သြရမတောင်တန်း၊ ဘဲငါးရာတောင်တန်း၊ ဝက်သထိုးတောင်တန်းများမှာလည်း ရခိုင်ပြည်နယ်တွင်ထင်ရှားသည်။ သစ်တောများတွင် ကျွန်း၊ ပျဉ်း ကတိုး၊ ကညင်၊ သင်္ကန်း၊ ခမောင်း၊ ပိန္နဲ၊ စံကား၊ တောင်မန်းကျဉ်းစသည့် သစ်ပင်များပေါက်ရောက်သည်။ ယင်းအပြင် ကြိမ်နွယ်၊ ဝါးများလည်း ပေါက်ရောက်သည်။ ဒီရေတော (ပြားတော)များတွင် လမု၊ ကနစို၊ ပြူးပင်၊ ပြာပင် (သမဲ့)၊ ပြားဇီး (ကန့်ဘလာ)၊ ကပိုင် စသည့် သစ်ပင်များလည်း ပေါက်ရောက်သည်။ ၎င်းတောင်တန်းများသည် ရခိုင်ဒေသ၏ တဝက်ကျော်ကို သဘာဝပေါက်ပင်သစ်တောများဖြင့် ဖုံးလွှမ်းထားသော်လည်း သစ်တောများသည် နှစ်စဉ်ပြုန်းတီး လျှက်ရှိနေသည်။ ကိန်းဂဏန်းများအရ အလွန်များပြားသော သစ်တောဧရိယာကြီးရှိသော်လည်း ယခုအခါ ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ဆက်စပ်နေသော နေရာများမှအပ သစ်ပင်ကြီးများမရှိတော့ဘဲ သရက်၊ ပိနဲ္န စသည့် သစ်ညံ့အနည်းငယ်သာ ကျန်တော့သည်ဟု သစ်လုပ်ငန်းနှင့် အသက်မွေးသူများက ဆိုသည်။ ပြီးခဲ့သည့် နှစ် (၃၀)ကာလအတွင်း ရခိုင်ရိုးမ၌ စက်ယန္တရားကြီးများကို အသုံးပြု၍ သစ်အမြောက်အများ ထုတ်လုပ်ခဲ့ကြသည်ဟုဆို သည်။ ယင်းတွင် တရားဝင်ရော၊ တရားမဝင်ပါ ထုတ်လုပ်မှုများရှိခဲ့ကြသည်။ အမ်းနှင့် တောင်ကုတ်ဘက်တွင် ပင်လယ်ပြင်မှ မှောင်ခိုစက်လှေကြီးများဖြင့် ခိုးထုတ်ခဲ့ကြသည်။ စည်းကမ်းမဲ့ သစ်ခုတ်မှုများအပြင် လျှပ်စစ်နှင့် အခြားလောင်စာမရှိသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စု ၈၅%ခန့်သည် ထင်းလောင်စာကို သုံးစွဲနေကြသည်။ ကျေးလက်နေ အိမ်ထောင်စုတစ်ခုအတွက် တနှစ်လျှင် ထင်း(၃)တန်ခန့်လိုအပ်ရာ ပြည်နယ်တခုလုံးတွင် နှစ်စဉ်ထင်းတန်ပေါင်းများစွာ ခုတ် ယူသုံးစွဲနေကြခြင်းလည်းဖြစ်သည်။ ဤကဲ့သို့သာ ထင်းသုံးစွဲမှုရှိနေလျှင် ရေရှည်အဖို့ သစ်တောပြုန်းတီးမှုတခု ဖြစ်မြဲဖြစ်နေလိမ့်မည်။ ထင်းအစား ထိုးလောင်စာသုံးစွဲမှုနှင့် လျှပ်စစ်စွမ်းအင်သုံးစွဲမှု မြင့်တက်လာမှသာ သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ပေမည်။
ယခုအခါ တောတောင်နှင့်နီးစပ်သော ကျေးရွာများတွင် လက်ဆွဲချိန်းစက်(Handle Chainsaw) များကို အသုံးပြုလျှက် ဥပဒေမဲ့၊ စည်းမဲ့ကမ်းမဲ့ သစ်ပင်များကိုခုတ်လှဲကာ သစ်ထုတ်လုပ်နေကြခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှ သစ်တောများသည်များစွာ ပြုန်းတီးလျှက်ရှိနေသည်။ ဥပမာအားဖြင့် ကျေးရွာတရွာလျှင် လက်ဆွဲချိန်းစက် ၁၀ လုံးရှိ သည်ဆိုပါစို့။ တနေ့လျှင် အနည်းဆုံး သစ် (၁၀)ပင် ခုတ်လှဲပါမည်။ ကျေးရွာ (၁၀) ရွာဆိုလျှင် တနေ့သစ်ပင် (၁၀၀)၊ ကျေးရွာ (၁၀၀)ဆိုလျှင် သစ်ပင် (၁၀၀၀)၊ နေ့စဉ်ခုတ်လှဲခြင်းကို ခံနေရလိမ့်မည်။ ဤသည်မှာ အနည်းဆုံး ဥပမာကို ပြခြင်းသာဖြစ်သည်။ ယခင်လက် ဆွဲချိန်းစက်များ အသုံးမပြုမီကဆိုလျှင် လူနှစ်ဦးကိုင်ပြီးဆွဲရသော လွှ(saw) များကို အသုံးပြုကာ သစ်ပင်ခုတ်လှဲခဲ့ကြသည်။ ယခုအခါလျှင် မြန်ပိုင်ဖြတ်နိုင်သော ချိန်းစက်များ အသုံးပြုကြသည့်အတွက် သစ်တောပြုန်းတီးခြင်းက ပိုမိုမြန်ဆန်လာနေသည်။ ယင်းအတွက် သစ်တောဝန်ထမ်းအင်အားလည်း နည်းသည့်အတွက် ထိရောက်စွာ အရေးမယူနိုင်ကြပေ။ သစ်တောဝန်ထမ်းအနည်းသည် သစ်တော အခွန်တော်ကောက်ခံသည့်ကိစ္စနှင့်သာ အချိန်ကုန်နေကြပြီး အရေးယူဆောင်ရွက်ခြင်း မလုပ်နိုင်ကြဟု မြို့နယ်သစ်တောတာဝန်ခံတဦးဆိုသည်။ ယင်းလက်ဆွဲချိန်းစက်များကို ရောင်းချနေကြခြင်း၊ အသုံးပြုနေကြခြင်းသည် သစ်တောဆိုင်ရာဥပဒေမှာ တရားဝင်ခွင့်ပြုထားခြင်းရှိ၍လား။ ရခိုင်ပြည်နယ်အတွင်း သစ်ပင်ကိုခုတ်လှဲနေကြသူများသာရှိကြပြီး စိုက်ပျိုးစောင့်ရှောက်ကြသူများ အလွန်နည်းသည်။ သြရမတောင် တန်းအနီး ကျေးရွာတရွာတွင်နေထိုင်ပြီး သစ်ခုတ်လုပ်ငန်းဖြင့် ငယ်စဉ်ကတည်း အသက်မွေးဝမ်း ကျောင်းလာသူ ဦးလေးတဦးအား ” နေ့စဉ်တော့ သစ်ပင်တွေခုတ်လှဲခဲ့တယ်။ သစ်ပင်တွေများ စိုက်ပျိုးထိန်းသိမ်းထားတာ ရှိပါသလား” ဟု မေးမြန်းကြည့်ရာ “ တပင်မှမရှိဘူး။ သစ်ပင်တွေတွေ့မှ ဝမ်း ရေးအတွက် အဆင်ပြေမှာဆိုတော့ သစ်ပင်တွေရှိရာသို့သွားပြီး နေ့စဉ် သစ်ပင်တွေကို ခုတ်လှဲနေရတာနဲ့ပဲ အချိန်တွေကုန်လာခဲ့တယ်။” ဟု ဆိုသည်။ “ သူငယ်စဉ်က သစ်ပင်တွေဟာ ကျေးရွာအနီးပတ်ဝန်းကျင်တွင် ရှိသည့်အတွက် လွယ်ကူစွာခုတ်လှဲ၍ရပြီး ယခုဆိုလျှင် သစ်တပင်ခုတ်လှဲရန် တနေကုန်သွားရသည်” ဟု ဆိုပြန်သည်။ ဤအတိုင်းဆိုလျှင် ရခိုင်ပြည်နယ်အတွင်းက သစ်တောသစ်ပင်များသည် လာမည့်နှစ်များအတွင်း များစွာပြုန်းတီးခြင်းများနှင့် ကြုံတွေ့ရပြီး သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ရနိုင်သည်။ နှစ် စဉ်နှစ်တိုင်းလည်း ရခိုင်ပြည်နယ်အတွင်း မိုးရေကြီးခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
နောက်ထပ် ရခိုင်ပြည်နယ်အတွင်း သစ်တောပြုန်းတီးခြင်းကိုပြောရမည်ဆိုလျှင် မီးသွေးဖုတ်ခြင်းနှင့် အုတ်ဖုတ်ခြင်းလုပ်ငန်းကြောင့်ဖြစ်သည်။ ထင်းအပြင် မီးသွေးကို ထမင်းချက်ပြုတ်ရန် အသုံးပြုခြင်းကြောင့် မီးသွေးဖုတ်ခြင်းလုပ်ငန်းသည်လည်း သစ်တောပြုန်းတီး၏ ပင်မအကြောင်းရင်းတခု ဖြစ်နေသည်။ မီးသွေးဖုတ်သည့်အတွက် အရွယ်ရောက်သည့်သစ်ပင်များအပြင် သစ်ပင်ငယ်များလည်း ရောနှောပြီး ခုတ်လှဲခြင်းကိုခံရသည်။ မြို့ပေါ်မှ ပြည်သူများသည် ထင်းလောင်စာထက် မီးသွေးလောင်စာကို ပိုမိုအသုံးပြုကြသည်။ ၎င်းမှာ မီးသွေးသည်ထင်းထက် သိုလှောင်ထိန်းသိမ်းခြင်း လွယ်ကူသော ကြောင့်ဖြစ်သည်။ ရခိုင်ပြည်နယ်မြို့ နယ်အများတွင် (၂၄)နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်သော်လည်း မီးသွေးကို သုံးစွဲနေရသေးသည်။ အရေးပေါ်သုံးစွဲရန်လည်း သိုလှောင်ထားကြဆဲဖြစ်သည်။
တနှစ်ထက်တနှစ် သစ်ရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်မားလာခြင်းကြောင့် ပြည်သူအများစုသည် အာရ်စီ (RC) တိုက် အိမ်များ ဆောက်လုပ်လာသည့်အတွက် ပြည်နယ်မြို့တော် စစ်တွေမြို့နယ်အပါအဝင် အခြားသော မြို့နယ်များတွင် အုတ်ဖုတ်လုပ်ငန်းသည်လည်း တိုးပွား၍ လာနေသည်။ အဆိုပါ အုတ်ဖုတ်သည့်အတွက် ထင်းလောင်စာကို အသုံးပြုကြသည်။ အုတ်ချပ်ရေ (၁၀၀၀)အတွက် ထင်း (ဝ.၅)တန်ခန့် အသုံး ပြုရသည်ဆိုလျှင် အုတ်ချပ်ရေ တသိန်း (၁၀၀၀၀၀) အတွက် ထင်းတန်ချိန် (၅၀)ခန့် အသုံးပြုရာ ရောက်ပါလိမ့်မည်။ ဤသို့ဆိုလျှင် ရခိုင်ပြည်နယ်အတွင်းက ထင်းရရှိရန်အတွက် သစ်ပင်ပေါင်းများစွာကို ခုတ်လှဲအသုံးပြုကြရသည်။ သစ်တောသစ်ပင်များကို ခုတ်လှဲပစ်ခြင်း၊ လောင်စာအဖြစ် သုံးစွဲလိုက်ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များကို ဖြစ်ပေါ်စေသည်။ ထိုကာ ဗွန်ဓါတ်ငွေ့များကြောင့် လေထုညစ်ညမ်းဖြစ် မည်မှာလည်း မလွဲပေ။ ကမ္ဘာကြီးပူနွေးလာရခြင်း၏ ၂၀% သည် သစ်တောပြုန်းတီးခြင်းကြောင့်ဖြစ်သည် ဟု ဆိုသည်။
ကမ္ဘာ့စက်မှုထွန်းကားသော နိုင်ငံအချို့သည် ကာဗွန်ရောင်းဝယ်ခြင်း (Carbon Trade) ကို လုပ်ဆောင် နေကြပြီ။ ကာဗွန်သုံးစွဲခြင်းအတွက် အစိုးရအား အခွန်ပေးဆောင်စေသည်။ သို့တည်းမဟုတ် ကာဗွန်အသုံးပြုထားသူမှ သစ်ပင်များကို တာဝန်ယူစိုက်ပျိုးထားကြသည်။ ယင်းအပြင် သစ်တော ထိန်းသိမ်းထားသူများကို ပိုမိုစိုက်ပျိုးထိန်းသိမ်းရန် ရန်ပုံငွေများပေးအပ်ချီးမြှင့်နေကြပြီ။ ရခိုင်ပြည်နယ်မြို့နယ် များအတွင်း အုတ်ဖုတ်ကြသူများသည် ခွင့်ပြုချက်ရရန် မြို့နယ်ထွေ/အုပ်ရုံးများတွင် ငွေပေးဆောင်ရသည်။ မည်သည့်ခေါင်းစဉ်အောက်တွင် ပေးဆောင်ကြသနည်း။ မြေနေရာအတွက် မြေစာရင်းဌာနတွင်လည်း ခွင့်ပြုချက်တချို့ယူရသည်ဟုဆိုသည်။ အမှန်ဆိုလျှင် ကာဗွန်သုံးစွဲသူများကို ဥပဒေများပြဌာနျးပြီး အရေးယူဆောင်ရွက်သင့်သည်။ ထိုမှသာ တာဝန်ယူမှု၊ တာဝန်ခံမှုများလည်း ရှိလာမည်ဖြစ်သည်။ နိုင်ငံအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ မိမိတို့အားလုံးသည် အနည်းနှင့်အများသာ ကွာခြားမည် ကာဗွန်သုံးစွဲနေကြသူများ ဖြစ်သည်။
နောက်ပြီး ရခိုင်ပြည်နယ်အတွင်း သစ်တောပြုန်းတီးခြင်းတွင် ဒီတောသစ်ပင်များ ပြုန်းတီးခြင်းဖြစ်သည်။ ယင်းတွင် တွေ့ရှိရသည်မှာ ပုစွန်မွေးမြူရန်အတွက် ပုစွန်ကန်များ တည်ဆောက်ကြခြင်း၊ မြေချဲ့ထွင်ကြခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော်လည်း တည်ဆောက်ပြီးသော ပုစွန်ကန်များ၏ ၈၀% ခန့်သည် မုန်တိုင်းဒဏ်၊ မိုးသက်လေပြင်းဒဏ်တို့ကြောင့် ယိုယွင်းပျက်စီးနေသည်။ ယခုအခါ ဒီရေတောပင်များ ပျက်စီးဆုံးရှုံးသွားခြင်းကြောင့် သားငါး၊ ပုစွန်များလည်း ယခင်ကလောက် မရရှိတော့ပေ။ ၁၉၈၈ ခုနှစ် မတိုင်မီက စာရေးသူတို့ မြို့၏အနောက်ဘက် မယူမြစ်ကမ်းပါးရှိ ဒီရေတောကို အမှီပြုလျက် ဖျံများကျက်စားရှင်သန်ခဲ့ကြသည်။ ယခုအခါ သစ်တောလည်းပြုန်းပြီး ဖျံများလည်းမရှိတော့ပေ။ ယခင်က ဆိုလျင် ဒီရေတောနေ မျောက်၊ တောဝက်များကို ရခိုင်ပြည်နယ်နေရာအနှံ့တွင် တွေ့ရှိရသည်။ သူတို့၏ နေထိုင် ကျက်စားရာ သဘာဝဇာတိမြေ (Natural Habitat) များ ပျက်စီးပျောက်ဆုံးသွားသည့်အတွက် သူတို့ကို မတွေ့မမြင်ရတော့ပေ။ သစ်တောများမရှိတော့လျှင် အနာဂတ်တွင် သစ်တောနေတိရစ္ဆာန်များလည်း ပေါက်ပွားအသက်ရှင်ရန် အခက်အခဲရှိလာနိုင်သည်။ တချို့သတ္တဝါများလည်း မျိုးတုန်းပျောက်ကွယ်သွား ပြီဖြစ်သည်။
သစ်တောများသည် မိုးရေကို ထိန်းသိမ်းထားနိုင်သည့် သဘာဝရေအရင်းအမြစ်ဖြစ်သည်ကို စမ်းရေထွက်ရှိသည့် ရေအိုင်၊ ရေထွက်များမှ သက်သေခံနေသည်။ ပင်လယ်ပြင်မှ ရေခိုးရေငွေ့များကို သယ်ဆောင်လာသည့် တိမ်စိုင်တိမ်လိပ် တိမ်မည်းညိုကြီးများကို သစ်တောများ၏ အအေးဓါတ်ထုတ်ပေးမှုဖြင့် အရည်အဖြစ်ပြောင်းလဲပြီး မိုးရွာသွန်းခြင်းဖြစ်စဉ်မှာ အထင်အရှားရှိသည်။ သစ်တောများဖုံးလွှမ်းသည့်မြေတွင် မြေသြဇာကောင်းများရှိသဖြင့် သစ်တောများမှတဆင့် စီးဆင်းလာသည့် မြစ်ရေဖုံးလွှမ်းခြင်းခံရသော နုန်းတင် မြေနုကျွန်းများသည် စိုက်ပျိုးရေးကောင်းမွန်လျက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်သည်။ တောတောင် ရှိမှ စမ်းရေရ၏။ စမ်းရေရှိမှ စိုက်ပျိုးရ၏။ သစ်တောသစ်ပင် ကျေးဇူးရှင်ပင်ဖြစ်၏။ သစ်တောသစ်ပင်များသည် လူတို့ အသက်ရှင်ရပ်တည်ရေးအတွက် အလွန်အရေးပါလှသည်။
ဤလောက၌ သစ်ပင်များမရှိလျင် သတ္တဝါများလည်းမရှိနိုင်တော့ပေ။ ထို့ကြောင့် သစ်တောသစ်ပင်များ ပြုတ်ပြုန်းမသွားအောင် ကာကွယ်ခြင်းသည် လူအစရှိသော သတ္တဝါများ၏ဘဝကို ကာကွယ်ခြင်းပင်ဖြစ်သည်။ ယင်းအပြင် သစ်ပင်များသည် ကမ္ဘာမြေကြီးကိုပါ သူတို့၏စွမ်းအားဖြင့် စောင့်ရှောက်ပေးနေသော အဖိုးတန် ရတနာများဖြစ်သည်။ ထိုမျှမက သစ်ပင်များသည် လူ၊ သတ္တဝါတို့အား အစားအစာကိုလည်းပေးသည်။ လောင်စာကိုလည်းပေးသည်။ ထို့အပြင် ရာသီဥတုကိုလည်း မျှတစေသည်။ ရှုခင်းပသာဒကိုလည်း လှပစေသည်။ ထိုကဲ့သို့ အဖိုးတန်ရတနာများ စုဝေးရာပစ္စည်းများဖြစ်ခြင်းကြောင့် “ ရွှေပင်ငွေခက် တောမှထွက် ၏” ဟုဆိုကြခြင်းပင်ဖြစ်သည်။ သစ်ပင်က ကျေးဇူးပြုသလောက် လူတို့က သစ်ပင်၏ကျေးဇူးကို သိတတ်ကြပါ၏လောဟု မေးခွန်းထုတ်ကြည့်မည်ဆိုလျှင် ကျေးဇူးမသိတတ်ကြဟုဆိုရပေမည်။ အဘယ်ကြောင့်နည်း။ လူတို့သည် သစ်ပင်များကို ထင်းအဖြစ်ခုတ်သည်။ အိမ်ရာအဆောက်အအုံအတွက် ခုတ် သည်။ ပရိဘောဂအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်ခုတ်သည်။ ဤသို့ မနားမနေခုတ်ကြသော်လည်း ပြန်လည်စိုက်ပျိုးရကောင်းမှန်း မသိကြ။ အငုတ်၊ အတတ်၊ အသက်ဆက်နိုင်အောင် ချန်ပြီး ခုတ်ရကောင်းမှန်းမသိကြ။ ထို့ကြောင့် တောများပြုန်းလာသည်။ တောပြုန်းတော့ မိုးခေါင်လာသည်။ နွေမှာ ရေရှားလာသည်။ ရာသီဥတုက တနှစ်ထက်တနှစ် ပူပြင်းလာသည်။ စိမ့်စမ်းများခမ်းပြီး ခြောက်သွေ့လာသည်။ ကျွနု်ပ်တို့ သစ်တောများပြန်လည် စိုက်ပျိုးထိန်းသိမ်းရန် အချိန်မီသေးသည်။ (The best time to plant a tree was 20 years ago. The second time is now!) သင့်ဘဝမှာ သစ်တပင်စိုက်ပျိုးရန် အကောင်းဆုံး အချိန်သည် လွန်ခဲ့သောနှစ် (၂၀)က ဖြစ်ခဲ့မည်။ သို့သော်လည်း သင့်ဘဝအတွက် ဒုတိယအကောင်းဆုံး အချိန်သည် ယနေ့ပင်ဖြစ်သည်။ မကြာမီ သစ်ပင်စိုက်ပျိုးရန် မိုးရာသီသို့ရောက်တော့မည် သင်ဆောင်ရွက် ကြည့်ဖို့မမေ့ပါနှင့်ဟု ပြောချင်ပါသည်။
မိမိတို့မြေး၊ မြစ်များကို အမှန်တကယ်ချစ်မြတ်နိုးပါလျှင် သစ်ပင်စိုက်ပျိုး၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကိုပါ လက် ဆင့်ကမ်းအမွေအဖြစ် ထားရစ်ကြရမည်ဖြစ်သည်။ ယင်းသို့ စိုက်ပျိုးခဲ့ပါက နောင်တချိန်တွင် မြေး၊ မြစ်များ အတွက်နေထိုင်ရန် အိမ်အခက်အခဲမရှိသလို၊ ပရိဘောဂပြုလုပ်ရန်အတွက် သစ်လည်း အလွယ်တကူ ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။ သင်ကိုယ်တိုင် မစိုက်ပျိုးခဲ့ပါက နောင်တချိန်မှာ သင့်မြေးများက တို့အဖိုး၊ အဖွားများ ဘာလုပ်နေခဲ့ပါလဲဟု အပြစ်တင်ကာ ချစ်ချင်မှာမဟုတ်တော့ဘူးဆိုသည်ကို သတိရှိကြစေချင်သည်။ သင့်အိမ်ခြံဝင်းမှာ စိုက်ပျိုးခြင်းဖြင့်အရိပ်ရခြင်း၊ အသီးအပွင့်၊ အရွက်စားသုံးရခြင်း၊ လယ်ယာဝန်းကျင်တွင် စိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ထုတ်ယူရရှိနိုင်ခြင်း၊ ကျေးရွာပိုင်စိုက်ခင်း၊ ပုဂ္ဂလိက စိုက်ခင်းများမှစနစ်တကျ ထုတ်ယူခြင်းဖြင့် စီးပွားဖြစ်အကျိုးအမြတ်ကို ရရှိနိုင်သည်။ ကိုယ့်အိမ်၊ ကိုယ့်လယ်၊ ကိုယ့်ရပ်၊ ကျေးရွာများမှသည် တအုပ်တမစိုက်ခင်း သစ်တောများတည်ထောင်ခြင်းဖြင့် ရေ၊ မြေ၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်အောင် ထိန်းသိမ်းပြုပြင်နိုင်သည်ကို နိုင်ငံသားတိုင်းက အသိတရားရှိရှိ တာဝန်သိသိဖြင့် ရေရှည်တည်တံ့သည့် လူမှုစီးပွားဖွံ့ဖြိုးမှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ပြည်သူလူထုကိုပါ ပညာပေးပြီးလျှင် သစ်ပင်များကို ဟန်ပြ စိုက်ပျိုးရုံသက်သက်မျိုးမဟုတ်ဘဲ အမှန်တကယ် ဖြစ်မြောက်အောင်လုပ်ဆောင် စိုက်ပျိုးထိန်းသိမ်း စောင့်ရှောက်သင့်သည်။ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများကလည်း ပူးပေါင်းပါဝင်သင့်သည်။ သစ်တော သစ်ပင်စိုက်ပျိုးရေးသည် ရေရှည်တည်တံ့ရေးဖြစ်သောကြောင့် ရေရှည်အကျိုးမျှော်ကိုးပြီး စနစ်တကျ လုပ်ဆောင်သင့်သည်။
ဤသို့အားဖြင့် ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိသတ္တဝါအားလုံးတို့၏ ကျေးဇူးရှင်ဖြစ်သော သစ်တောသစ်ပင်များ စိမ်းညို့အုပ်ဆိုင်းလာအောင် ကျွနု်ပ်တို့အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ယုံကြည်ပါသည်။