သားဆိုးတစ်ယောက်၏ မိခင်
" ငါ့သားက ထောင်ကျတယ်ဆိုပေမယ့် သူများပစ္စည်းခိုးလို့၊ သူများသားသမီးကို မတော်မတရားကျင့်လို့လည်းမဟုတ်၊ သူယုံကြည်ရာ နိုင်ငံရေး၊ တော်လှန်ရေးလုပ်လို့ ထောင်ထဲရောက်တာ။ သေသွားရင်တောင် ဝမ်းမနည်းဘဲ ဂုဏ်ယူနေဦးမယ် ... "
ကျွန်တော်ထောင်ထဲရောက်နေချိန်မှာ ပတ်ဝန်းကျင်၏ ဝေဖန်သံများအား ကျွန်တော့်အမေ၏ တုံ့ပြန်ဖြေရှင်းချက်များပင် ဖြစ်သည်။
08 Jul 2018
DMG / DNJ
ရမ္မာကျော်စော ရေးသားသည်။
" ငါ့သားက ထောင်ကျတယ်ဆိုပေမယ့် သူများပစ္စည်းခိုးလို့၊ သူများသားသမီးကို မတော်မတရားကျင့်လို့လည်းမဟုတ်၊ သူယုံကြည်ရာ နိုင်ငံရေး၊ တော်လှန်ရေးလုပ်လို့ ထောင်ထဲရောက်တာ။ သေသွားရင်တောင် ဝမ်းမနည်းဘဲ ဂုဏ်ယူနေဦးမယ် ..."
ကျွန်တော်ထောင်ထဲရောက်နေချိန်မှာ ပတ်ဝန်းကျင်၏ ဝေဖန်သံများအား ကျွန်တော့်အမေ၏ တုံ့ပြန်ဖြေရှင်းချက်များပင် ဖြစ်သည်။
ကျွန်တော့်ကို ဖမ်းမိသည်ဆိုသည်နှင့်တပြိုင်နက် ကျွန်တော်နှင့်ပတ်သက်ဖူးခဲ့သည့် လူတိုင်းအား စစ်ဆေးမေးမြန်းခြင်းများကို အာဏာပိုင်တွေဘက်က ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။ ယင်းအထဲတွင် ရန်ကုန်မှာနေထိုင်ကြသော ရွာကလူများလည်း အပါအဝင်ဖြစ်သည်။ တချို့စစ်ဆေးခံရသူများ၏ မိသားစုဝင်များက မကြားဝံ့မနာသာ စကားလုံးများနှင့် ဆဲဆိုကြသည်ကိုလည်း ကျွန်တော့်အမေ ခါးစည်းခံခဲ့ပေသည်။ မိသားစုထဲတွင်လည်း လူဆိုးတစ်ယောက်မွေးထားသော အမေအဖြစ် မျက်နှာငယ်ခဲ့ရသည်။ ပတ်ဝန်းကျင်တွင်လည်း အားပေးစကားပြောသူများထက် ကဲ့ရဲ့ရှုတ်ချလိုသူက ပိုများလေရာ အစ်မဖြစ်သူဆိုလျှင် ဝမ်းနည်းလွန်း၍ ကြိတ်ငိုခဲ့ရသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်သည်။
ကျွန်တော့်အမေသည်လည်း အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှုကို ရက်အတန်ကြာ ခံခဲ့ရပေသည်။ ရမ်းဗြဲရဲစခန်း၊ ကျောက်ဖြူရဲစခန်း၊ ရန်ကုန်က မည်သည့်နေရာမှန်းမသိသည့် အချုပ်ခန်းများ၌ ရက်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့ရပေသည်။ ဖေါက်ခွဲမှုနှင့် အဖမ်းခံထားရသည့် သားဆိုးတစ်ယောက်ကြောင့် အဖေနှင့်ကွာရှင်းတုန်းကပင်လျှင် ကျေးရွာဥက္ကဋ္ဌအိမ်သို့ မရောက်ဖူးခဲ့သော ကျွန်တော့်အမေ ရွာကနေ ရန်ကုန်အရောက် အချုပ်ကားအဆင့်ဆင့် စီးခဲ့ရဖူးသည်။ သို့သော် အမေမျက်ရည်တစ်ပေါက် မကျခဲ့ပါ။ “ ဘယ်မိဘကမှ ဆင်းရဲလို့ ကိုယ့်သားသမီးကို ဓါးပြမတိုက် ခိုင်းပါဘူး ” ဆိုသည်မှာ စစ်ကြောရေးကာလ၌ အမေ့လက်သုံးစကား အဖြေပင်ဖြစ်သည်။
ကျွန်တော့်အသက် ၁၀ နှစ်လောက်မှာ အမေနှင့်အဖေ ကွာရှင်းခဲ့ကြသည်။ အဖေက တစ်နှစ်ပင်မကြာမီ နောက်အိမ်ထောင်ပြုခဲ့သော်လည်း အမေသည် နောက်ထပ် အိမ်ထောင်မပြုတော့ဘဲ သားသုံးယောက်နှင့် သမီးတစ်ယောက်ကို ပင်ပန်းဆင်းရဲစွာရုန်းကန်၍ ရှာဖွေကျွေးမွေးလာခဲ့ခြင်း ဖြစ်သည်။ အစ်ကိုကြီးသည်လည်း မိသားစုပြိုကွဲခြင်းကို အဓိကခံစားခဲ့ရသူဖြစ်သည်။ ပညာရေးတွင် စာတော်၍ ပါရမီထူးရှိသော်လည်း ရှစ်တန်းအောင်ရုံနှင့်ပင် ကျောင်းထွက်လိုက်ရကာ လယ်ယာလုပ်ငန်းကို အရွယ်နှင့်မမျှအောင် လုပ်ခဲ့ရပေသည်။ အစ်မသည်လည်း ငါးတန်းနှင့်ပင် ကျောင်းထွက်လိုက်ရပေသည်။ ညီလေးက အရွယ်ငယ်သေးသဖြင့် မမှတ်မိနိုင်သော်လည်း ကျွန်တော့်အဖေ ဘယ်လောက်ဆိုးခဲ့သလဲဆိုသည်ကို ကျွန်တော်ကောင်းကောင်း မှတ်မိနေပေသည်။ အိမ်မှာရှိသည့် ပစ္စည်းဟူသမျှ အကုန်ဖျက်ဆီးခဲ့ရာ ထမင်းစားရန် ပန်းကန်နှင့်ဇွန်းပင် အကောင်းတစ်ခုမျှ မကျန်ခဲ့ပေ။ သားသမီးများအားလုံးက မည်မျှစိတ်နာကြသလဲဆိုလျှင် ဆယ်နှစ်ကျော်ကြာမှ အဖေ့ကို စကားပြန်ပြောခဲ့ကြခြင်းက သက်သေပင် ဖြစ်သည်။
အမေသည် လှိုင်းလေများကြားမှာ ခရီးသွားရင်း သားသမီးများအတွက် ဘေးအန္တရာယ် အသွယ်သွယ်ကို ကျော်ဖြတ်ခဲ့ရ၏။ မိသားစုစားဝတ်နေရေးအတွက် ရှာဖွေရုန်းကန်ရင်းက ကျွန်တော့်ကိုလည်း ဆယ်တန်းအောင်သည်အထိ ပညာသင်ပေးနိုင်ခဲ့လေသည်။ ဆယ်တန်းအောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အလုပ်ဝင်လုပ်ခဲ့သော်လည်း မလောက်ငှသော လစာနှစ်ပဲ တစ်ပြားကြောင့် အမေ့ဆီမှ အထောက်အပံ့ကို အားကိုးနေရတုန်းသာ ဖြစ်ခဲ့ဖူးသည်။ အလုပ်ကထွက်ပြီး ထိုင်းနိုင်ငံသို့သွားရာတွင်လည်း အမေ့ဆီကပင် လမ်းစရိတ်တောင်းခဲ့ရသည်။ ထိုင်းနိုင်ငံ၌ နေထိုင်စဉ်တွင်လည်း သူများသားသမီးများကဲ့သို့ အိမ်ကို ပိုက်ဆံပြန်မပို့နိုင်ခဲ့ပေ။ တော်လှန်ရေးအဖွဲ့အစည်းအတွင်း ခက်ခဲစွာ ရပ်တည်နေခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော်လည်း အမေသည် ကျွန်တော့်ကို တစ်ခါမျှ အပြစ်မတင်ခဲ့ပေ။ သူအလုပ်လုပ်နေနိုင်သရွေ့ မည်သည့်သားသမီးဆီက အထောက်အပံ့ကိုမျှ မမျှော်လင့်ခဲ့ပေ။ စိတ်ဓာတ် အလွန်ခိုင်မာသော ကျွန်တော့်အမေပင် ဖြစ်သည်။
ယင်းအချိန်က စစ်အစိုးရအုပ်စိုးစဉ်ကာလ ဖြစ်သည်နှင့်အညီ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ဆိုသည်မှာ မြန်မာနိုင်ငံတွင် စကားလုံးအဖြစ်ပင် ပြော၍မရသော အကြောင်းခြင်းရာ တစ်ခုဖြစ်ပေသည်။ စိတ်သဘောထားချင်းတိုက်ဆိုင်သည့် ရခိုင်လူငယ်တစ်စုတို့သည် ၂၀၀၄ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး All Arakan Students and Youths Congrass( AASYC) ကို ပြန်လည်ထူထောင်၍ အားသစ်လောင်းခဲ့ကြသည်။ ယင်းအဖွဲ့သည် စစ်အစိုးရကို အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် နည်းလမ်းပေါင်းစုံနှင့် ဆန့်ကျင်တိုက်ဖျက်ခဲ့ကြသည်။ သို့သော် တချို့လူငယ်များက ၎င်းနည်းလမ်းများသည် မထိရောက်ဟု ယူဆကြကာ လက်နက်ဖြင့် ခြိမ်းခြောက်အုပ်ချုပ်သော စစ်ဝါဒီအစိုးရကို လက်နက်ကိုင်စွဲ၍ တော်လှန်ပုန်ကန်ရန် အားထုတ်ကြလေသည်။ ယင်းအထဲတွင် ကျွန်တော်သည်လည်း တစ်ယောက် အပါအဝင်ဖြစ်ခဲ့သည်။ စစ်အစိုးရကို သက်ဆိုးရှည်အောင် အဓိက အထောက်အပံ့ပေးထားသော ဒေါက်တိုင်များကို ဖြိုလှဲနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားအားထုတ်ခဲ့ကြလေသည်။ ရည်ရွယ်ချက်ချင်းတူသော အခြားတိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းများလည်း ရှိပေသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လက်ထဲမှာကိုင်ထားသော မိုင်းပေါက်ကွဲခဲ့ရာမှ ခြေထောက်တစ်ဖက်ပြတ် ဒဏ်ရာရပြီး ကျွန်တော်လည်း အဖမ်းခံခဲ့ရသည်။ ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ အက်ဥပဒေပုဒ်မ ၃/၅၊ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁)၊ မတရားအသင်းဥပဒေ အသင်းအဖွဲ့ (၇) တို့ဖြင့် တရားစွဲဆိုခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံခဲ့ရသည်။ ယင်းအချိန်တွင် အမေ့ရင်ထဲ၌ မည်သို့ ခံစားနေရမည်ကို ကျွန်တော် မတွေးရဲလောက်အောင်ပင် ဖြစ်သည်။ အခက်အခဲများကြားထဲမှ အမေသည် ကျွန်တော့်ကို ထောင်ဝင်စာလာတွေ့ဖြစ်အောင် လာတွေ့သေးသည်။ လူကောင်းပကတိမှ ဒုက္ခိတဖြစ်သွားသော သူ့ကိုကြည့်ပြီး အမေမျက်ရည်ကျမှာကို ကျွန်တော်ကြည့်ရက်နိုင်ပါမည်လား ဆိုသည့်် စိုးရိမ်စိတ်များဖြင့် ထောင်ဝင်စာတွေ့ရန် ကျွန်တော်ထွက်လာခဲ့သည်။
သို့သော် ကျွန်တော့်၏အမေသည် အလွန်အသဲမာပေသည်။ အမေ့မျက်နှာတွင် ဝမ်းနည်းပူဆွေးရိပ် အနည်းငယ်ကို တွေ့ရသော်လည်း ကျွန်တော့်ရှေ့တွင်တော့ မျက်ရည်လုံးဝမကျခဲ့ပေ။ ရင်ထဲတွင်တော့ ကြိတ်၍ ယူကျုံးမရဖြစ်နေမည်မှာ သေချာသည်။ ယခင်က သန်သန်မာမာသား တစ်ယောက်ကို ချိုင်းထောက်နှစ်ချောင်းနှင့် တွေ့လိုက်ရလျှင်ဖြင့် အမေ့ရင်ထဲမှာ ဗလောင်ဆူအောင် ခံစားရမည်ကို ကျွန်တော်ခံစားမိပါသည်။ ကျွန်တော် စိတ်မကောင်း ဖြစ်မည်စိုး၍သာ စိတ်ကို ထိန်းထားခဲ့ပုံပေါ်သည်။ “|တကယ်လို့သာ လွတ်ငြိမ်း ချမ်းသာခွင့်ရလို့ ပြန်လွတ်လာရင်သာ ဘယ်နေရာကိုမှ မသွားသေးဘဲ အမေ့ဆီကိုသာ အရင်ဆုံးပြန်လာခဲ့ပါသားရယ် ” ဟု တတွင်တွင်မှာ၍ ပြန်သွားရှာပေသည်။ အပြစ်တင်စကား တခွန်းတလေမျှပင် ပြောမသွားခဲ့ရှာပေ။ သည်တစ်ကြိမ် အမေ့ကို ထူးထူးခြားခြား ကျေးဇူးတင်မိပါသည်။ ထို့ကြောင့်ပင် အမေ့စကားကို နားထောင်ပြီးနေနိုင်သည့် သားတစ်ယောက်ဖြစ်အောင် ကြိုးစား၍ နေတော့မည်ဟုလည်း ဆုံးဖြတ်ချက် ချလိုက်မိသည်။
ထောင်ကလွတ်လျှင်လွတ်ချင်း အပြင်လူများနှင့် ထိတွေ့ဆက်ဆံရမည်ကို ကျွန်တော် ကြောက်နေမိခဲ့သည်။ ထောင်ထွက်တစ်ယောက်ဟူသော အကြည့်မျိုးနှင့် ကြည့်ကြမည့်ဒဏ်ကို ခံနိုင်ရည်ရှိပါ့မလားဟူသော စိုးရိမ်စိတ်များ ဖြစ်ခဲ့မိသည်။ ယင်းနှင့်အတူ “ ငါဟာ ထောင်ကထွက်လာတဲ့ ဒုက္ခိတတစ်ယောက်ပါလား ” ဆိုသည့် သိမ်ငယ်စိတ်ကပါ ကပ်၍ပါလာသည်။ ထိုအရာတို့ကို ကျော်ဖြတ်နိုင်ရန် အမေ့၏ ပြောစကားများက ခွန်အားဖြစ်စေခဲ့ပါသည်။ ညီအစ်ကို မောင်နှမများက ဝမ်းနည်းလွန်းကြ၍ ကျခဲ့ကြသောမျက်ရည်များကိုလည်း အမေတားဆီးပေးနိုင်ခဲ့ပေသည်။ “ ဘယ်သူ့ကိုမှ သိမ်ငယ်နေစရာမလို၊ ဘယ်သူ့ဆီကမှ မတရားရယူထားတာ တစ်ခုမှမရှိဘူး၊ ကိုယ် ယုံကြည်ရာကို လုပ်ခဲ့ရာမှာ ချွတ်ချော်မှုဖြစ်လို့ ထောင်ထဲရောက်တာ၊ တကယ်တမ်းက ကိုယ့်တိုင်း ပြည် ကိုယ့်လူမျိုးအတွက်၊ ကိုယ့်အမျိုးသားရေးအတွက် ပေးဆပ်ခဲ့တာပဲ သား ဂုဏ်တောင်ယူနေရဦးမှာ ” ဆိုသည်မှာ အမေကျွန်တော့်ကို အားပေးခဲ့သော စကားများပင်ဖြစ်သည်။ အငယ်ဆုံးဦးလေးနှင့် အစ်ကိုကြီးဖြစ်သူတို့ကလည်း အမေ့စကားကို အကြွင်းမဲ့ ထောက်ခံအားပေးခဲ့ကြသည်။
ထောင်ထဲတွင် နေထိုင်ခဲ့ရစဉ်တုန်းကလည်း ကူညီစောင်မသည့် လူကောင်းတစ်ချို့ကို တွေ့ခဲ့ရပေသည်။ မိသားစုဝင်များပင် အထောက်အထားမပြည့်စုံလျှင် ထောင်ဝင်စာတွေ့ရန် ခက်ခဲလှသော အခြေအနေမျိုးမှာ မရောက်ရောက်အောင်လာတွေ့သော မိတ်ဆွေစစ်ကိုလည်း တွေ့ခဲ့ရသည်။ ကျွန်တော်ဒုက္ခတွေ့လျှင် တနည်းနည်းဖြင့် ကူညီလိမ့်မည်ဟု ယုံကြည်ဖူးခဲ့သူတို့၏ ဥပေက္ခာပြုခြင်းကိုလည်း ကြုံတွေ့ခဲ့ရသည်။ ခက်ခဲစွာ ရပ်တည်ခဲ့ရသော အခြေအနေမျိုးတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းသည်လည်း အားကိုးရာတစ်ခုပင်ဖြစ်သည်။ သုံးလတစ်ကြိမ်ထောက်ပံ့သော ပိုက်ဆံတစ်သိန်းနှစ်သောင်းသည် အကျဉ်းထောင်ထဲတွင် ဘဝရှင်သန် ရေးအတွက် အရေးပါလှပေသည်။
အပြင်ကို ရောက်လျှင်ရောက်ချင်း ရန်ကုန်၌ လာရောက်အားပေးကြသော တစ်ချိန်က လုပ်ဖော်ကိုင်ဖက်ဟောင်း၊ ရဲဘော်ရဲဘက်ဟောင်း ညီအစ်ကိုမောင်နှမများ၏ အားပေးမှုကလည်း ရှေ့ဆက်ရုန်းကန်ရမည့် ဘဝအတွက် ခွန်အားတစ်ရပ် ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ကျွန်တော့်အမေသည် အတန်းပညာကို ကောင်းကောင်း မသင်ခဲ့ရပေ။ စာကို ရေးတတ်၊ ဖတ်တတ်ရုံလောက်သာ သင်ခဲ့ရသော်လည်း ကျွန်တော်တို့ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေးစောင့်ရှောက်လာခဲ့ရုံသာမက စိတ်ဓါတ်မြှင့်တင်ရေး အတွေးအခေါ်တွေကိုပါ သင်ကြားပေး ခဲ့သည်။ သင်ကြားဆဲလည်းဖြစ်သည်။ သူများအမေများကဲ့သို့ ဘွဲ့ရပညာတတ်ကြီး မဟုတ်သော်လည်း ကျွန်တော့်အတွက်တော့ အမေသည် လေ့လာဆည်းပူးစရာ ပညာရွှေအိုးကြီးဖြစ်ပေသည်။
အမေပေးသော ခွန်အားများနှင့်ပင် ကျွန် တော်ယုံကြည်ရာလမ်းကို ဆက်၍လျှောက်လှမ်းပါမည်။ မိမိတို့ လူမျိုး၊ ဘာသာ၊ သာသနာအတွက် တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ဖယ်ဒရယ်ဒီမိုက ရေစီအရေးတို့တွင် နိုင်ရာတာဝန်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်ပါမည်ဟု သန္တိဌာန်ချထားပြီးလည်း ဖြစ်သည်။ အမေ့သားလူဆိုးသည် ယုံကြည်ချက်အတွက် မည်သည့်အခါတွင်မျှ လက်မြှောက်အရှုံးပေးလိမ့်မည် မဟုတ်ပေ။ နောင်တစ်ချိန်တွင် အမေဂုဏ်ယူရမည့် သာတစ်ယောက်အဖြစ် မြင်တွေ့နိုင်အောင်လည်း ကျွန်တော်ကြိုးစားနေဆဲပါ အမေ ....။
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်ထွက်ရှိသော Development News Journal ၏ အမှတ် (၈၈) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)