အန္တရာယ်စက်ဝန်းကြားက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ (၁)
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ (သို့မဟုတ်) စီမံခန့်ခွဲမှုအာဏာဟာ ရခိုင်တွေလက်ထဲမှာ မရှိတဲ့အခါ သူတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးရမယ့် အန္တရာယ်တွေနဲ့ ကြုံတွေ့တိုင်း အဲဒီအန္တရာယ်တွေကို မကာကွယ်နိုင်ခဲ့ပါဘူး။ လက်ရှိအုပ်ချုပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ရခိုင်ပြည်နယ်အစိုးရဟာ စက္ကူပေါ်က ကျားတစ်ကောင်သာ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုတွေနဲ့ ဖွဲ့စည်းထားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတဲ့ ရခိုင်ပြည်ရဲ့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ စကားလုံးအောက်မှာ ပျက်သုဉ်းမယ့် ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
29 May 2015
ခိုင်လင်း (မေဃဝတီ) ရေးသားသည်။
ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထား မြတ်နိုးတဲ့သူတွေကတော့ နယ်စပ်မျဉ်းတွေ၊ အသားအရောင်ကွဲပြားမှုတွေ၊ ကိုးကွယ်ရာ ဘာသာတရားခြားနားမှုတွေ၊ နိုင်ငံရေးအယူအဆ မတူညီမှုတွေကို ကျော်လွန်ပြီး တန်ဖိုးထားထိန်းသိမ်းကြခြင်းဟာ ပိုမိုယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆီကို မောင်းနှင်နေခြင်း သဘောလို့ အဓိပ္ပါယ်ဖွင့်ဆိုရလိမ့်မယ်။ အဲဒီလို ထိန်းသိမ်းစောင့်ရှောက်ခြင်းရဲ့တဖက်မှာ ရှေးဟောင်းယဉ်ကျေးမှုတွေကို ဖျက်ဆီးပစ်မယ့် အုပ်စုတွေကလည်း အဆင်သင့်ရှိနေပါတယ်။
ရခိုင်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာလည်း ပုံစံမျိုးစုံ၊ အသွင်အမျိုးမျိုးဖြင့် ဖျက်ဆီးခံခဲ့ရသလို ဖျက်ဆီးခံရမယ့်ဘေးနဲ့လည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီအန္တရာယ်တွေကို တားဆီးကာကွယ်ဖို့ ရခိုင်လူထုမှာ အာဏာမရှိပါဘူး။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး နိုင်ငံတော်ကို ပြည်ထောင်စု အသွင်သဏ္ဍာန်မျိုးနဲ့ ဖွဲ့စည်းခဲ့ပေမယ့် အနှစ်သာရမှာတော့ တပြည်ထောင်စနစ်ဖြစ်ပါတယ်။ ဆိုလိုတာက ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ နိုင်ငံ့အမည်ကို တရားဝင်သတ်မှတ်ခဲ့ပေမယ့် အဲဒီနိုင်ငံကို မောင်းနှင်ခဲ့တဲ့ (၁၉၄၇ ၊ ၁၉၇၄ နိုင်ငံတော်ဖွဲ့စည်းပုံ)နဲ့ မောင်းနှင်နေဆဲ (၂၀၀၈ ) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသုံးခုစလုံးဟာ တပြည်ထောင်ပုံစံမျိုး ဖြစ်နေပါတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ (သို့မဟုတ်) စီမံခန့်ခွဲမှုအာဏာဟာ ရခိုင်တွေလက်ထဲမှာ မရှိတဲ့အခါ သူတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးရမယ့် အန္တရာယ်တွေနဲ့ ကြုံတွေ့တိုင်း အဲဒီအန္တရာယ်တွေကို မကာကွယ်နိုင်ခဲ့ပါဘူး။ လက်ရှိအုပ်ချုပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ရခိုင်ပြည်နယ်အစိုးရဟာ စက္ကူပေါ်က ကျားတစ်ကောင်သာ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုတွေနဲ့ ဖွဲ့စည်းထားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတဲ့ ရခိုင်ပြည်ရဲ့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ စကားလုံးအောက်မှာ ပျက်သုဉ်းမယ့် ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ယခင် စစ်အစိုးရလက်ထက်က ဖောက်လုပ်ခဲ့တဲ့ စစ်တွေ- မင်းဘူးမီးရထားလမ်းကို ယခုအစိုးရလက်ထက်ထိ လက်ဆက်ကမ်း ဖောက်လုပ်ခဲ့ပါတယ်။ ဒီစီမံကိန်းဟာ အသွင်သဏ္ဍာန်အားဖြင့်ကြည့်ရင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့အတွက် ဒေသခံတွေ ကျေနပ်အားရစရာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒေသခံတွေ မကျေနပ်တဲ့အပြင် ဒေါသတွေ ပေါက်ကွဲခဲ့ရပါတယ်။ ရထားလမ်းဟာ ရခိုင့်ခေတ်ကြီးလေးခေတ်ထဲက ခေတ်သုံးခေတ်ကို ကိုယ်စားပြုနေတဲ့ ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး မြို့တော်ဟောင်းသုံးခုကို ရွေးချယ်ဖောက်လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီစံမံကိန်းဟာ အာဏာမဲ့နေတဲ့ ရခိုင်လူထု၏ ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးပစ်မယ့် စီမံကိန်း(သို့မဟုတ်)စနစ်တကျ ဖျက်ဆီးပစ်မယ့် စီမံကိန်းလားဆိုတာကို အာဏာပိုင်တွေ သတ္တိရှိရှိ ဖြေရှင်းဖို့လိုပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင်တော့ ရခိုင့်ရှေးဟောင်းအမွေအနှစ်တွေကို ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်က စနစ်တကျ ဖျက်ဆီးမှုလို့ ပြောရပါလိမ့်မယ်။
အေဒီ(၄)ရာစု မတိုင်မီက ထွန်းကားခဲ့တဲ့ ဓညဝတီနန်းတော်ရာကုန်းကို ရှေးဟောင်းသုတေသနဌာနက အနည်းငယ်တူးဖော်ကာ လေ့လာခဲ့တာတွေ ရှိပါတယ်။ အနည်းငယ်တူးဖော်ခဲ့တဲ့ ဓညဝတီဟာ ပုံပြင်ဆန်တဲ့ ဓညဝတီမဟုတ်ဘဲ သမိုင်းမှာတကယ်ရှိခဲ့တဲ့ ဓညဝတီဆိုတာကို မြေကြီးအောက်က သမိုင်းအမွေအနှစ်တွေက အခိုင်အမာပြသခဲ့ပါတယ်။ နန်းတော်ကုန်းပတ်လည်က မြေကြီးအောက်မှာ ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်တွေ အများအပြား ရှိနိုင်သေးတယ်ဆိုတာကို အနည်းငယ်တူးဖော်ထားတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေက ညွန်ပြနေပါတယ်။ ဘယ်လိုပဲ ရှေးဟောင်းယဉ်ကျေးမှုတွေ ရှိနေပါစေ အာဏာရှိသူတွေကတော့ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ စနစ်တကျဖျက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ တူးဖော်ဆဲ ဓညဝတီနန်းတော်ကုန်းကို အလယ်ကဖြတ်ပြီး ရထားအူလမ်းကြောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သတ်မှတ်မျဉ်းတွေဆွဲပြီး ရထားလမ်းမဖောက်လုပ်ခင် အဲဒီအချိန်က မြောက်ဦးရှေးဟောင်းသုတေသနဌာနခွဲ မဟာမုနိပြတိုက်တာဝန်ခံက ကန့်ကွက်ခဲ့တဲ့အတွက် နန်းတော်ကုန်းမြောက်ဘက်မှ ရထားလမ်းဖောက်ရန် သတ်မှတ်ခဲ့ပါတယ်။ အဲဒီလို တစုံတရာကျေနပ်အောင် နေရာရွှေ့ပြောင်းခဲ့ပေမယ့် ဓညဝတီနန်းတော်ကုန်း မြောက်ဘက်တံတိုင်းနဲ့ ပေ(၁၀၀)ခန့်သာကွာတဲ့နေရာကို သတ်မှတ်ခဲ့သလို ဖောက်လည်းဖောက်ခဲ့ပါတယ်။ ရထားရဲ့ တုန်ခါမှုတွေကြောင့် ပေ(၁၀၀)ခန့်အကွာက ရှေးဟောင်းအမွေအနှစ်တွေ ကာလတစ်ခုမှာ ပျက်စီးသွားမှာကတော့ အသေအချာဖြစ်ပါတယ်။
ဓညဝတီနန်းတော်ကုန်း အလယ်တည့်တည့်ကို ရထားလမ်းဖောက်ဖို့ရွေးချယ်ခဲ့ခြင်းဟာ ဗြောင်ကျကျ ရခိုင်သမိုင်းကို ဖျက်ဆီးပစ်မယ့် စီမံကိန်းဆိုတာ သိသာထင်ရှားပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေက ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထား ထိမ်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ မျဉ်းတွေ၊ အသားအရောင်တွေ၊ ကိုးကွယ်မှုတွေအားလုံးကို ကျော်လွန်ခဲ့ပေမယ့် ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်းအမွေအနှစ်တွေကို မြန်မာအစိုးရက ဘာကြောင့် ဖျက်ဆီးပစ်ချင်ရသလဲ၊ အဖြေကတော့ ရိုးရှင်းပါတယ်။ ရထားလမ်းနေရာတွေ ပြောင်းလဲသတ်မှတ်ခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်မယ့် အစိုးရသစ်တရပ်ဟာလည်း ပေါ်ခဲ့ပါတယ်။
အစိုးရသစ်လက်ထက်မှာလည်း စက္ကူပေါ်က ကျားရုပ်သာသာရှိတဲ့ ပြည်နယ်အစိုးရ (သို့မဟုတ်) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတဲ့ ပြည်နယ်အစိုးရဟာ ဗဟိုကညွန်ကြားသမျှ အကောင်အထည်ဖော်ရင်း ရှေးဟောင်းယဉ်ကျေးမှုတွေ ပျက်သုဉ်းမယ့် ဘေးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ရထားလမ်းဖောက်လုပ်ခြင်းကို ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် ဓညဝတီမြို့တော်ဟောင်း ဗဟိုမှာရှိတဲ့ နန်းတော်ကုန်းတံတိုင်းအနီး အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့မှ ဝေ့ဝိုက်ကာ နန်းတော်ကုန်းနဲ့ မဟာမုနိကုန်းတော်ကြားက ဖောက်စေခဲ့ပါတယ်။ ဓညဝတီနန်းတော်ကုန်း အနောက်မြောက်ဘက်တံတိုင်းနားမှာ ဘူတာရုံတည်ဆောက်ခြင်းက တချိန်မှာ လူစည်ကားလာပြီး အဲဒီလူတွေကပဲ ဒီယဉ်ကျေးမှုတွေကို ဖျက်ဆီးပစ်မှာ သေချာပါတယ်။ ရခိုင့်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ရခိုင်တွေကိုယ်တိုင် ဖျက်ဆီးပစ်မယ့် မဟာစီမံကိန်းကို ရေးဆွဲပေးခဲ့၊ အကောင်အထည်ဖော်ခဲ့တယ်လို့ပဲ ယုံကြည်ပါတယ်။
အေဒီ(၄)ရာစုမှာ စတင်ခဲ့တဲ့ ဝေသာလီထက် ရှေးကျစွာထွန်းကားခဲ့တဲ့ ရခိုင်တို့ရဲ့ဓညဝတီဟာ တူးဖော်မှု အထောက်အထားတွေအရ အေဒီ(၄)ရာစု မတိုင်မီက ထွန်းကားခဲ့တယ်ဆိုတာကို အကြမ်းအားဖြင့် ပြောနိုင်ပေမယ့် ရှေးဆက်ပြီး တူးဖော်မှုတွေနဲ့အတူ သုတေသနဆက်လုပ်ရမှာတွေ အများကြီး ရှိပါတယ်။ အဲဒီလို ဆက်လုပ်ရမယ်အလုပ်တွေကို မလုပ်ဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေနဲ့ ဓညဝတီမြို့တော်ဟောင်းကိုရွေးပြီး ရထားလမ်းဖောက်လုပ်ခြင်းဟာ လူမျိုးတမျိုးရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးလိုက်ခြင်းဖြစ်တယ်။ တကယ်တမ်း ရထားလမ်းဖောက်တော့မယ်ဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနကို တိုင်ပင်ပြီးပြုလုပ်သင့်ပါတယ်။ တကယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တိုင်ပင်ပြီး ပြုလုပ်ခဲ့တာဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ရခိုင်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို စနစ်တကျ ဖျက်ဆီးလိုက်တယ်လို့ ပြောရပါလိမ့်မယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနရော၊ ဒီစီမံကိန်းကို ဆောင်ရွက်ခဲ့တဲ့ အစိုးရရော ပျက်စီးသွားတဲ့ ရခိုင်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေအတွက် ဘယ်လို တာဝန်ယူမလဲ၊ ဘယ်လို တာဝန်ခံမလဲဆိုတာကို မေးရပါလိမ့်မယ်။
ဓညဝတီနန်းတော်ကုန်းရာကို ရှောင်လွှဲကာ ရထားလမ်းဖောက်လုပ်ခဲ့ပေမယ့် ဓညဝတီမြို့တော်တံတိုင်းအချို့ကတော့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းထဲမှာ ပျက်စီးသွားခဲ့ရပါတယ်။ ရထားလမ်းဖောက်ရာမှာ ပါသွားခဲ့တဲ့ မြို့တံတိုင်းတွေဟာ ဒီနေ့အချိန်အထိ ငွါးငွါးစွင့်စွင့် မြင်တွေ့နေရဆဲဖြစ်ပါတယ်။ သမိုင်းအကြောင်းနားလည်တဲ့ ဒေသခံတွေ အကြိမ်ကြိမ်ကန့်ကွက်တဲ့ကြားက မဖြစ်မနေဖောက်လုပ်ခဲ့တဲ့ ရထားလမ်းဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်မဟုတ်ဘဲ ရခိုင်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို နင်းချေဖျက်ဆီးပစ်မယ့် ရထားလမ်းအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ရခိုင်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခံရတဲ့အခါ အာဏာမရှိတဲ့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတဲ့ ရခိုင်လူထုဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့သာ မရဲတရဲ ထောက်ပြနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခြင်းမှာ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးရမယ့်ဘေးနဲ့ ကြုံလိမ့်မယ်လို့ မမျှော်လင့်သလို ဖျက်ဆီးပစ်မယ့် ရည်ရွယ်ချက်တွေလည်း မရှိဘူးလို့ အစိုးရအနေနဲ့ အဖြေပေးရင်တော့ ဒါဟာ လိမ်လည်တဲ့ အဖြေတွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေနဲ့ ဖြေကြားတဲ့အဖြေဟာ တခြားစီဖြစ်နေလို့ ဖြစ်ပါတယ်။
တကယ်လို့ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာဆိုရင် ဒီလမ်းကို ဖောက်ဖို့ညွှန်ကြားခဲ့တဲ့၊ လုပ်ဆောင်ခဲ့တဲ့ လူတွေဟာ တရားဥပဒေနဲ့ ရင်ဆိုင်ဖြေရှင်းရမှာ သေချာပါတယ်။ မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဆိုရင် ဒီစံမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တဲ့ ဌာနတိုင်းဟာ တရားဥပဒေရှေ့မှောက်မှာ ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ရှိနေစေချင်ပါတယ်။ ဆက်ရရင် ဒီရထားလမ်းတလျောက်ဟာ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပွန်းတီးနေတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီလမ်းကို ဖောက်ဖို့ ညွှန်ကြားခဲ့တဲ့ ယခင်စစ်အစိုးရနဲ့ အဲဒီအစိုးရရဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို မတိုင်ပင်ဘဲ လုပ်တယ်ဆိုရင် လုပ်ဖို့ညွှန်ကြားခဲ့တဲ့ အစိုးရဌာနမှာ တာဝန်ရှိပါတယ်။ တကယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တိုင်ပင်ခဲ့တယ်ဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ပါ ဒီရထားလမ်းဖောက်လုပ်ခြင်းရဲ့ တရားခံတွေ တနည်းအားဖြင့် ရခိုင့်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတဲ့ တရားခံတွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ရှေးဟောင်းယဉ်ကျေးမှုတွေရှိတဲ့ နေရာဆိုတာကို သာမန်အရပ်သားတွေတောင် သိနိုင်တဲ့နေရာတွေဖြစ်ပါတယ်။ အစိုးရတရပ်အနေနဲ့ ဘာကြောင့် မသိရသလဲ၊ ယဉ်ကျေးမှုဝန်ကြီးဌာနကရော ယဉ်ကျေးမှုဇုံအဖြစ် ဘာကြောင့်မသိရသလဲ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိမ်းသိမ်းရေးဥပဒေဟာ ဘာကြောင့် ရခိုင်ပြည်ကို မသက်ရောက်သလဲ။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဘာလဲဆိုတဲ့ မေးခွန်းတိုင်းရဲ့ အဖြေတွေဟာ ရခိုင်လူထုကိုရော၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသားပေါင်းစုံက ဖြေဆိုနိုင်မယ့် အဖြေလို့ မျှော်လင့်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ယူနက်စကိုဟာ အသားအရောင်တွေ၊ ကိုးကွယ်ရာ ဘာသာတရားတွေ၊ နိုင်ငံရေးယုံကြည်မှုတွေ၊ နယ်စပ်မျဉ်းတွေ ကျော်လွန်ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို တန်ဖိုးထားထိန်းသိမ်းနေခြင်းဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကြီးကို မောင်းနှင်နေခြင်းရဲ့ သင်္ကေတလို့ ပြောရပါလိမ့်မယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေကို အပြန်အလှန် တန်ဖိုးထားထိန်းသိမ်းခြင်းဟာ ငြိမ်းချမ်းတဲ့ လူ့ဘောင်ကို တက်လှမ်းခြင်းလို့ ပြောရပါလိမ့်မယ်။ မတူညီတဲ့ လူမျိုးစုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်း တည်ထောင်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ အာဏာရှိတဲ့ လူမျိုးတစ်စုက အာဏာမရှိတဲ့ အခြားလူမျိုးစုတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ထင်ထင်ရှားရှားတမျိုး၊ သွယ်ဝိုက်တဲ့နည်းနဲ့တဖုံ ဖျက်ဆီးပစ်ခြင်းဟာ လူသားဆန်တဲ့ လုပ်ရပ်တွေ မဟုတ်ဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။
နောက်ဆုံးပြဿနာရဲ့ ရင်းမြစ်ဟာ တပြည်ထောင်စနစ်နဲ့ လူမျိုးတမျိုးတည်းက အုပ်ချုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်ကြောင့် ဖြစ်လာခဲ့တယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။ ဒီကောက်ချက်ဟာလည်း လက်တွေ့ဖြတ်သန်းခဲ့ဖူးတဲ့ ဖြတ်သန်းနေတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခုစလုံးကို အခြေခံပြီး ကောက်ချက်ချရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံတိုင်းဟာ ပြည်ထောင်စုဗဟိုနဲ့ပြည်နယ်တွေရဲ့ တိကျတဲ့ အာဏာခွဲဝေမှုတွေ မရှိပါဘူး။ ရှမ်း ၊ ရခိုင် ၊ ကရင်စတဲ့ လူမျိုးတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မဲ့တဲ့ ပြည်နယ်(၇)ခုနဲ့ ဖွဲ့စည်းထားပေမယ့် ဗမာလူမျိုးကတော့ ပြည်နယ်တစ်ခုအဖြစ် မဖွဲ့စည်းဘဲ တိုင်း(၇)တိုင်း ပုံစံမျိုးနဲ့ ဖွဲ့စည်းကာ အမျိုးသားလွှတ်တော်မှာ ဗမာတွေက လွှမ်းမိုးထားပါတယ်။ ထို့အတူ လူဦးရေများတဲ့ ပြည်သူ့လွှတ်တော်မှာလည်း ဗမာတွေကပဲ လွှမ်းမိုးထားပါတယ်။ လွှတ်တော်နှစ်ရပ်လုံးရဲ့ လွှမ်းမိုးမှုပုံစံဟာ နာမည်ခံပြည်ထောင်စုရဲ့ တပြည်ထောင်စနစ်ဖြစ်သလို လူမျိုးတမျိုးက အုပ်ချုပ်တဲ့ပုံစံဆိုတာ သိသာထင်ရှားပါတယ်။ ၂၀၁၄ ရဲ့ ထုတ်ပြန်ချက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေအများဆုံး California ပြည်နယ်နဲ့ လူဦးရေအနည်းဆုံး Wyoming ပြည်နယ်တွေဟာ တူညီတဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ စေလွှတ်ခဲ့ပြီး အထက်လွှတ်တော်ကို ဖွဲ့စည်းတဲ့ပုံစံမျိုးကို နမူနာပြချင်ပါတယ်။ ဒီဖွဲ့စည်းမှုပုံစံဟာ ပြည်နယ်၊ တိုင်း ကြီးငယ်မဟူ နိုင်ငံရေးအရ တန်းတူမှုပုံစံဖြစ်ပါတယ်။
ခေတ်သစ်မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသုံးခုလုံးဟာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို တိကျတဲ့ အာဏာခွဲဝေသုံးစွဲမှု မရှိတဲ့အတွက် checks and balances မရှိဘူး။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးမှာ ဗမာလူမျိုးများက လွှမ်းမိုးထားတဲ့အတွက် checks and balances ရှိသည့်တိုင်အောင် (ဘာမှ အသုံးမဝင်ဘူး) အချည်းအနှီးဖြစ်ပါတယ်။ ဘာကြောင့် အချည်းအနှီးဖြစ်ရသလဲဆိုတော့ ပြည်နယ်တွေက တူညီတဲ့ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပေမယ့် ဗမာပြည်နယ် တစ်ပြည်နယ် မဖွဲ့ဘဲ တိုင်း(၇)တိုင်းက စေလွှတ်တဲ့ လူဦးရေနဲ့ အမျိုးသားလွှတ်တော်ကို ဗမာတွေကပဲ လွှမ်းမိုးထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်တွေရဲ့ အာဏာခွဲဝေမှုကိုပဲ ကြည့်ကြည့်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်ကိုပဲ ကြည့်ကြည့်၊ ဗမာလူမျိုးတွေက အုပ်ချုပ်တဲ့ ပုံစံမျိုးဖြစ်အောင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။
ဒီလို ခေတ်သစ်မြန်မာနိုင်ငံတော်သစ်မှာ လူမျိုးတမျိုးက တနည်းအားဖြင့် ဗမာလူမျိုးက အုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့ ၁၉၄၈ ကပင် ယနေ့အချိန်အထိ မောင်းနှင်ခဲ့တဲ့အတွက် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်။ စစ်ပွဲတွေရဲ့ရင်းမြစ်ဟာ တိုင်းရင်းသားပေါင်းစုံရဲ့ နိုင်ငံရေးအရ တန်းတူမှု မရှိခြင်းကြောင့်ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ဗမာလူမျိုးတွေကသာ အုပ်ချုပ်တဲ့ပုံစံမျိုးကို နိုင်ငံတော်ဖွဲ့စည်းပုံမှာ ရေးဆွဲခဲ့တဲ့အတွက် လွတ်လပ်ရေးနဲ့ ထပ်တူမွေးဖွားလာတဲ့ ပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်တာ ဖြစ်ပါတယ်။ လူမျိုးတမျိုးတည်းက အုပ်ချုပ်တဲ့ ပုံစံမျိုး(သို့မဟုတ်) လူမျိုးတမျိုးက အခြားလူမျိုးတွေကို စစ်အောင်နိုင်လို့ အုပ်ချုပ်တဲ့ပုံစံမျိုးကို သွားချင်တဲ့အခါ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ကွဲပြားခြားနားတဲ့ နောက်ခံသမိုင်းတွေကို ချေမှုန်းပစ်ရေးအထိ လုပ်ဆောင်လာခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးကို အခြေခံခဲ့တဲ့ စနစ်တွေကြောင့် မတူညီတဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ ဖျက်ဆီးခံခဲ့ရတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
ဆိုတော့ လူမျိုးတမျိုးတည်းက အုပ်ချုပ်နေတဲ့ ပုံစံမျိုးဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပစ်ရပါလိမ့်မယ်။ လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကို လူမျိုးပေါင်းစုံ ပါဝင်အုပ်ချုပ်နိုင်တဲ့ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမျိုးကို ပြောင်းလဲပစ်မှ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ရှေးဟောင်းအမွေအနှစ်တွေကို ဥပဒေအရ ထိမ်းသိမ်းကာကွယ်နိုင်လိမ့်မယ်။ ဒါ့အပြင် လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ကမ္ဘာ့အရှည်ကြာဆုံး စစ်ပွဲတွေကိုလည်း ငြိမ်းသတ်နိုင်လိမ့်မယ်လို့ ပြောရဲပါတယ်။ ။
ခိုင်လင်း (မေဃဝတီ)
မေလ ၁၂၊ ၂၀၁၅
(ဤဆောင်းပါးကို ၂၀၁၅ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင်ထွက်ရှိသော Development News Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)