- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
မြေပုံက မွတ်ဆလင်ဒုက္ခသည် သုံးထောင်ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အခက်အခဲကြုံ
ICRC၊ WFP နှင့် အခြားသော လူမှုကူညီရေးအဖွဲ့များ၏ ကူညီထောက်ပံ့မှုများ မရရှိသည်မှာ အချိန်ကြာလာပြီဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
26 Sep 2024

DMG ၊ စက်တင်ဘာ ၂၆
ရခိုင်ပြည်၊ မြေပုံမြို့ရှိ တောင်ပေါ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်ဒုက္ခသည် သုံးထောင်ကျော်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်အခဲ ကြုံတွေ့ရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
ICRC၊ WFP နှင့် အခြားသော လူမှုကူညီရေးအဖွဲ့များ၏ ကူညီထောက်ပံ့မှုများ မရရှိသည်မှာ အချိန်ကြာလာပြီဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
“အရင်ကတော့ စားနပ်ရိက္ခာ၊ လောင်စာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်ရရှိခဲ့လို့ အခက်အခဲမရှိဘူး။ အခုက ထောက်ပံ့ကြေးမရတာ ငါးလလောက်ရှိနေပါပြီ” ဟု စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒုက္ခသည်များမှာ ကူညီထောက်ပံ့မှု မရရှိသည့်အထဲ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး ကျပ်တည်းလာသဖြင့် အစားအသောက်ကို ချွေတာစားသောက်နေရသည်ဟု ဆိုသည်။
“အကူအညီပေးတဲ့လူတွေလည်း မလာတော့ဘူး။ အလုပ်တွေလုပ်ဖို့ကလည်း အဆင်မပြေတော့ အခု ဆန်နှစ်ဗူး(နို့ဆီဗူး)ကနေ တစ်ဗူးလျှော့ပြီး စားနေရတယ်” ဟု ဒုက္ခသည်တစ်ဦးက ပြောသည်။
ယင်းအပြင် စခန်းတွင်းမှာ နာတာရှည်ရောဂါသည်အပြင် အရေပြားရောဂါ ဖြစ်ပွားသူများရှိနေပြီး ဆေးဝါးရှားပါးမှု၊ ငွေကြေးအခက်အခဲများကြောင့် ဆေးဝါးမကုသနိုင်ဟု မွတ်ဆလင်များက ပြောသည်။
လူမှုအဖွဲ့အစည်းတချို့က တခါတရံ ကျန်းမာရေးစောင့်ရှောက်မှုများ လာပေးသော်လည်း လိုအပ်ချက်များပြား၍ လုံလောက်မှု မရှိကြောင်း ပြောကြသည်။
တောင်ပေါ်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၇၃၀ ခန့် လူဦးရေ ၃,၁၀၀ ခန့်ရှိပြီး ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်နေကြရခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာအဖွဲ့အစည်းများမှာ ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လွတ်လပ်စွာပေးအပ်ရန် အခက်အခဲများရှိနေသည်။