- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
စစ်ကောင်စီနှင့်ပူးပေါင်းနေသော ALP ကို ချေမှုန်းသွားမည်ဟု AA ပြော
AA နှင့် ALP ရခိုင်လက်နက်ကိုင်တော်လှန်ရေးနှစ်ဖွဲ့သည် ယခင်ကတည်းက ဆက်ဆံရေးတင်းမာမှုများရှိခဲ့ပြီး ALP ခေါင်းဆောင်များ လုပ်ကြံခံရမှုများကို AA လက်ချက်ဟု မကြာခဏစွပ်စွဲမှုများ ရှိခဲ့သည်။
08 Jun 2024

DMG ၊ ဇွန် ၈
စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရခိုင်ပြည်သူများအား ညဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသဖြင့် တွေ့ဆုံဆွေးနွေးမည်မဟုတ်ဘဲ ချေမှုန်းသွားမည်ဟု ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AA က သတိပေးလိုက်သည်။
ရခိုင်ပြည်တွင် ULA က ဖွဲ့စည်းထားသည့် အာရက္ခတပ်တော်(AA) ကလွဲပြီး ‘မည်သည့်လက်နက်တပ်ဖွဲ့မှ မရှိစေရ’ မူဝါဒအရ စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် လက်နက်ကိုင်အဖွဲ့များကို ချေမှုန်းသွားမည်ဟု DMG သတင်းဌာန မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အာရက္ခတပ်တော်အနေနဲ့ အရင်ကပြောထားတဲ့ မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အာရက္ခပြည်မှာ လက်နက်ကိုင်ဆိုရင် ULA ကဖွဲ့စည်းထားတဲ့ အာရက္ခတပ်တော်တစ်ခုတည်းသာ ရှိရမယ်ဆိုတဲ့ မူဝါဒဖြစ်ပါတယ်။ ရန်သူ(စစ်ကောင်စီ)နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့က တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တယ်” ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
AA နှင့် ALP ရခိုင်လက်နက်ကိုင်တော်လှန်ရေးနှစ်ဖွဲ့သည် ယခင်ကတည်းက ဆက်ဆံရေးတင်းမာမှုများရှိခဲ့ပြီး ALP ခေါင်းဆောင်များ လုပ်ကြံခံရမှုများကို AA လက်ချက်ဟု မကြာခဏစွပ်စွဲမှုများ ရှိခဲ့သည်။
စောမြရာဇာလင်း ဦးဆောင်သည့် ALP အဖွဲ့သည် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ဌာနချုပ်အခြေစိုက်ထားပြီး စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရးဆွေးနွေးပွဲများသို့ မပျက်မကွက် တက်ရောက်နေသည်။
“AA ပြောဆိုချက်အရ စစ်တွေမြို့ကို တိုက်ရင်တော့ ALP ကိုလည်း တိုက်ရမှာပဲလေ။ စစ်တွေမြို့မှာ ALP က အခြေစိုက်တာကိုး။ စိတ်ဝင်စားဖို့ကောင်းတာက ALP အနေနဲ့ ဘယ်လိုရပ်တည်မလဲဆိုတာပဲ” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ALP တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဗျိုင်းဖြူရွာလူသတ်မှုတွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ကျူးလွန်ခဲ့သည်ဟု ဒေသခံများနှင့် AA ကပြောဆိုထားပြီး ALP ကတော့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။
စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အနေဖြင့် စစ်ရေး၊ နိုင်ငံရေး အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ALP အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောကြားထားသည်။
AA သည် ရခိုင်နှင့် ချင်းက မြို့နယ် ၁၀ ခုကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် တိုက်ခိုက်သိမ်းထားပြီး လတ်တလောတွင် မောင်တော၊ သံတွဲ၊ အမ်း မြို့နယ်တို့ကို ထိုးစစ်ဆင်နေသည်။ စစ်တွေမြို့ကိုလည်း မကြားမီတိုက်ခိုက်သွားမည်ဟု ကြေညာထားပြီး မြို့ခံများကို ရှောင်တိမ်းကြဖို့ အသိပေးထားသည်။