- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
အကျဉ်းစံ ဗျိုင်းဖြူရွာသားများနှင့် မိသားစုဝင်များ၏ ခရီးကြမ်း
“ဘုရားမှာလည်း နေ့တိုင်း ဆုတောင်းဖြစ်တယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီးတော့ အရင်လိုပဲ မိသားစုပြည့်ပြည့်စုံစုံနဲ့ နေနိုင်ဖို့အတွက်တော့ မျှော်လင့်ချက်ရှိပါတယ်” ဟု ဒေါ်ခိုင်ဌေးဦးက ပြောသည်။
26 Feb 2025

ဝင်းညွန့် - ရေးသည်။
သေနတ် ကိုယ်စီဖြင့် စစ်ဝတ်စုံ၊ အရပ်ဝတ် အင်္ကျီများ ဝတ်ထားသည့် ရာနှင့်ချီသော လူများသည် ဒေါ်ခိုင်ဌေးဦးတို့ ကျေးရွာသို့ ရုတ်တရက် ဝင်ရောက်လာသည်။ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးမကျန် ရွာသားများအားလုံးကို လမ်းပေါ်ထွက်ရန် စစ်ယူနီဖောင်း ဝတ်ထားသူတစ်ဦးက စေခိုင်းသည်။
တစ်ရွာလုံးကိုလည်း ပိတ်ဆို့လိုက်သည်။ နေအိမ်အပြင်သို့ ထွက်လာရသည့် ရွာသားများကို ကျေးရွာရှိ စာသင်ကျောင်း၊ ဈေးကွင်းပြင်၊ သင်္ချိုင်းကုန်း နေရာများသို့သွားရန် ထပ်မံစေခိုင်းသည်။
အမျိုးသမီးများမှ လွဲ၍ လူငယ်၊ လူလတ်၊ လူကြီးအရွယ် ဒေသခံ အမျိုးသား ၅၀၀ ခန့်ကို အင်္ကျီ ချွတ်ခိုင်းသည်။ အဝတ်စဖြင့် မျက်နှာကို အုပ်၊ လက်ပြန်ကြိုးတုတ်၊ ဒူးထောက်ခိုင်းကာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ရှိ / မရှိ၊ AA နှင့် ဆက်စပ်မှု ရှိ / မရှိကို တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းသည်။
ယင်းအထဲမှ ဒေသခံ ၃၀၀ ကျော်ကို နေ့လယ်ပိုင်းတွင် စစ်ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်။ ဖမ်းဆီးခံရသူများထဲတွင် ဒေါ်ခိုင်ဌေးဦး၏ ခင်ပွန်းဖြစ်သူ ကိုဦးလှကျော် (၃၆) နှစ်လည်း ပါသွားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ မေ ၂၉ ရက်က စစ်ကောင်စီနှင့် စောမြရာဇာလင်းဦးဆောင်သည့် ALP တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ကျေးရွာသား ၃၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။
“ကျမ အိမ်ရှင်က ကျမတို့ကို (၂၀၂၄) ဖေဖော်ဝါရီ လပိုင်းကတည်းက စစ်တွေမြို့က ကယ်ထုတ်ပေးတယ်။ ရွာမှာ အဘိုး၊ အဘွားတွေ ကျန်ခဲ့တဲ့အတွက် သူတို့ကိုလည်း ကယ်ထုတ်မယ်ဆိုပြီး စစ်တွေကို ပြန်သွားတယ်”
“(စစ်ကောင်စီ) နေဗီတွေက (သေနတ်) လှမ်းပစ်တဲ့အတွက် သူတို့က ပြန်ထွက်မလာနိုင်ဘူး။ အဲဒီနောက်ပိုင်းမှာ ဗျိုင်းဖြူရွာကို ဝိုင်းပြီးတော့ ဖမ်းတဲ့အထဲမှာ ကျမ အမျိုးသားလည်း ပါသွားတာ” ဟု ဒေါ်ခိုင်ဌေးဦးက ပြောပြသည်။
ထိုအချိန်က ဒေါ်ခိုင်ဌေးဦးသည် သမီးနှစ်ဦးဖြစ်သည့် မခင်မြတ်ဌေး (၄) နှစ်၊ မခင်စံဌေး (၁၁) နှစ်၊ အဘွားဖြစ်သူ ဒေါ်ခင်စော (၆၉) နှစ်တို့နှင့်အတူ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
ဖမ်းဆီးခံရသည့် ဗျိုင်းဖြူရွာသား ၃၀၀ ခန့်ထဲမှ အချို့မှာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ သို့သော် ဒေါ်ခိုင်ဌေးဦး၏ ခင်ပွန်းအပါအဝင် ၂၄၂ ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခဲ့သည်။
ဩဂုတ်နှင့် စက်တင်ဘာလအတွင်းတွင် တရားစွဲဆိုခံရသူများထဲမှ ၈ ဦးမှာ အပြစ်မရှိဟုဆိုကာ ပြန်လည်လွတ်မြောက် လာခဲ့သည်။ ကျန် ၂၃၄ ဦးမှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရသည်။
စစ်ကောင်စီ ထောင်ဒဏ်ချမှတ်လိုက်သည့် ဗျိုင်းဖြူရွာသားများမှာ သဗ္ဗာန်ကူးတို့သည်၊ ကုန်တင်ကုန်ချလုပ်ကိုင်သူ၊ ဈေးရောင်းချသူနှင့် ဘေးတွဲဆိုင်ကယ်မောင်းသည့် အခြေခံ လက်လုပ်လက်စားများသာဖြစ်ကြောင်း မိသားစုဝင်များက အခိုင်အမာ ပြောဆိုသည်။
“သူတို့က ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်မှု မရှိဘူး။ ကျမ အိမ်ရှင်ဆိုရင်လည်း သဗ္ဗာန်ကူးတို့ မောင်းနေတဲ့သူဖြစ်တယ်” ဟု ဒေါ်ခိုင်ဌေးဦးက ဆိုသည်။
ယင်းအချိန်တွင် ရခိုင်ဒေသ၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး AA က မြို့နယ်ပေါင်း ၁၀ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။ စစ်ကောင်စီကလည်း ၎င်းတို့ ထိန်းချုပ်ဒေသများရှိ ရခိုင်ဒေသခံများကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲထောင်ဒဏ်ချမှတ်မှုများ ဆက်တိုက်ရှိနေချိန်ဖြစ်သည်။
ထောင်ဒဏ်ချမှတ်ခံရသည့် ခင်ပွန်းဖြစ်သူ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစသည့် အခြေအနေများကို စစ်တွေရှိ မိသားစုဝင်များထံမှ တစ်ဆင့် သတင်းကြားရ၍ စိတ်သက်သာ ရခဲ့သည်ဟု ဒေါ်ခိုင်ဌေးဦးက ဖွင့်ဟသည်။
သို့သော် စိတ်သက်သာရမှုမှာ တာရှည်မခံခဲ့ပေ။ တစ်လခန့်အကြာတွင် ဝေးသထက်ဝေးပြီး အဆက်အသွယ်ပြတ်ရန် အကြောင်းဖန်လာသည်။ စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော်ကို စစ်ကောင်စီက ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းပင်။
အောက်တိုဘာ ၈ ရက်တွင် နိုင်ငံရေးပုဒ်မအပြင် မူးယစ်ဆေးဝါးပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၃၅၁ ဦးမှာ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရသည်။ ယင်းအထဲတွင် ဒေါ်ခိုင်ဌေးဦး၏ ခင်ပွန်းအပါအဝင် ဗျိုင်းဖြူရွာမှ ထောင်ဒဏ်ချခံထားရသည့် အကျဉ်းသား ၂၀၀ ကျော်လည်း ပါဝင်သွားခဲ့ခြင်းဖြစ်သည်။
ခင်ပွန်းဖြစ်သူ၏ သတင်းစကားကို မကြားရသည်မှာ ယခုအခါ ၅ လကြာအထိရှိလာပြီဖြစ်ကြောင်း ဒေါ်ခိုင်ဌေးဦးက ပြောသည်။“တစ်ဆင့်ခံ ပြောစကားအရတော့ ပုသိမ်ထောင်ကို ပြောင်းသွားတယ်လို့ သိရတယ်။ အခုထိတော့ ဘာအဆက်သွယ်မှ မရသေးဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဒေါ်ခိုင်ဌေးဦးသည် စစ်ဘေးရှောင်စခန်း၌ မုန့်တီရောင်းပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေသည်။ သို့သော် မိသားစု ၄ ဦး စားသောက်ရေးအတွက် တွက်ခြေမကိုက်ပေ။
တစ်နေ့တာ မုန့်တီ ရောင်း၍ ရသည့် အမြတ်ငွေမှာ ၄,၀၀၀ ကျပ်ခန့်သာ ရရှိ၍ ထမင်းနပ်မှန်ရေးအတွက် နေ့စဉ်နှင့်အမျှ နပန်းလုံးနေရသည်ဟု ဒေါ်ခိုင်ဌေးဦးက ဖွင့်ဟသည်။
“ကုန်ဈေးနှုန်းက တအားမြင့်တက်နေတာဆိုတော့ ဒီလောက်ငွေလေးနဲ့ ဘယ်လိုစားသောက်ပြီး လောက်ငှမှာလဲ။ ဒီလိုပဲ ငတ်တလှည့် ပြတ်တလှည့်နဲ့ စားသောက်ပြီး နေရတယ်” ဟု သူက ပြောသည်။
ယခင်က ကုန်တင်/ကုန်ချ အလုပ်ကို လုပ်ခဲ့သော်လည်း ကျန်းမာရေးမကောင်းမှုကြောင့် ယင်းအလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ မုန့်တီဆိုင်ငယ်လေးဖွင့်ကာ လုပ်ကိုင်စားသောက်နေရခြင်းဖြစ်သည်ဟုလည်း ဒေါ်ခိုင်ဌေးဦးက ပြောပြသည်။
နေရပ်စွန့်ခွာလာကြသည့် ဗျိုင်းဖြူရွာသားများအပါအဝင် စစ်ဘေးရှောင်များမှာ အကူအညီရရှိမှု နည်းပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင်း စားဝတ်နေရေးအခက်အခဲကို ဆိုးရွားစွာ ရင်ဆိုင် နေကြရသည်။
ယင်းအပြင် စစ်တွေက အကျဉ်းသားများကို ဒေသနှင့် ဝေးရာသို့ ပြောင်းရွှေ့လိုက်သဖြင့် မိသားစုဝင်အချို့မှာ လမ်းခရီးနှင့် ငွေကြေး အခက်အခဲများကြောင့် ထောင်ဝင်စာ သွားတွေ့နိုင်ခြင်း မရှိကြပေ။ ထိုသို့အခြေအနေများကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးအပါအဝင် နေထိုင်စားသောက်ရေးနှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်မှု မြင့်တက်နေသည်။
“စစ်တွေထောင်ထဲမှာ ရှိနေတုန်းကလည်း မတွေ့လိုက်ရဘူး။ အခု ပုသိမ်ထောင်ကို ပြောင်းသွားတော့ ပိုပြီးဆိုး သွားတာပေါ့။ ဘယ်လို နေထိုင်စားသောက်နေရမှန်း မသိဘူး။ စိုးရိမ်ပူပန်စိတ်ကတော့ အများကြီးရှိတာပေါ့” ဟု AA ထိန်းချုပ်ရာဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူ အသက် ၅၅ နှစ်အရွယ် ဒေါ်မနုက ဆိုသည်။
ဒေါ်မနုသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှဖြစ်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမိုးကျော်သည် ပုသိမ်ထောင်သို့ ပြောင်းရွှေ ခံရပြီးနောက် ယခုအချိန်ထိ အဆက်အသွယ်မရသေး၍ စိုးရိမ်နေခြင်းဖြစ်သည်။
လက်ရှိ ပုသိမ်အကျဉ်းထောင်တွင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ခြင်း၊ ထောင်ပတ်ပတ်လည်တွင် ကတုတ်ကျင်းများ၊ ဘန်ကာများတူးပြီး စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့မှ သိရသည်။
ယင်းအပြင် အကျဉ်းသားများမှာ ဆေးဝါး အလုံအလောက် ကုသခွင့်မရရှိသည့်အပြင် မိသားစုဝင်များမှ ပေးသည့် ဆေးဝါးများ ကန့်သတ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကြုံတွေ့နေရသည်။
“မိသားစုတွေ ပေးပို့တဲ့ ပါဆယ်တွေကိုလည်း ကန့်သတ်တာ မျိုးတွေလုပ်နေတဲ့အတွက် (ထောင်) အထဲမှာတော့ စားဝတ်နေရေး အခက်အခဲ ပိုမိုရင်ဆိုင်နေရတဲ့ အခြေအနေမှာရှိတယ်” PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်လက်စွဲ ဥပဒေတွင် အကျဉ်းသားတိုင်းသည် ထောင်တွင်း အကျဉ်းကျနေစဉ်ကာလတွင် သင့်လျှော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ထောင်အာဏာပိုင်များ၏ ကျန်းမာရေးစောင့်ရှောက်ရေး ညံ့ဖျင်းမှုနှင့် ညှင်းပန်းနှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၃၁ ဦး သေဆုံးခဲ့ကြောင်း PPNM အဖွဲ့မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ထောင်ပြောင်းခံလိုက်ရသည့် ဗျိုင်းဖြူရွာက အကျဉ်းသားများနှင့် မိသားစုဝင်များမှာ ဘဝခရီးကြမ်းကို အံတုလျက် ရှေ့ဆက်နေရအုံးမည်ဖြစ်သည်။
ဒေါ်ခိုင်ဌေးဦး တစ်ယောက်လည်း ခင်ပွန်းဖြစ်သူနှင့် ပြန်လည်လွတ်မြောက်လာပြီး ပြည့်စုံနွေးထွေးသည့် မိသားစုအသိုက်အဝန်း အမြန်ဆုံးပြန်လည်ရောက်ရှိရေးကို မျှော်လင့်နေရှာသည်။
“ဘုရားမှာလည်း နေ့တိုင်း ဆုတောင်းဖြစ်တယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီးတော့ အရင်လိုပဲ မိသားစုပြည့်ပြည့်စုံစုံနဲ့ နေနိုင်ဖို့အတွက်တော့ မျှော်လင့်ချက်ရှိပါတယ်” ဟု ဒေါ်ခိုင်ဌေးဦးက ပြောသည်။