သင်ခန်းစာများဖြင့် ပြည့်လျှံနေသည့် နှစ်၏နောက်ဆုံးလ ဒီဇင်ဘာ
တရွှေ့ရွှေ့နှင့်ပြောင်းလဲလာသော ရက်၊ လ၊ နှစ်တို့သည်ကား ကုန်မှန်းမသိကုန်ဆုံးသွားလေပြီ။ ထို ရက်၊ လ၊ နှစ်တို့၌ အဖြစ်အပျက်များစွာ ရှိခဲ့ကြလိမ့်မည်။ အချို့ကား ပျောက်မှန်းမသိ ပျောက်ဆုံးသွားခဲ့ပေပြီ။ အချို့မှာ ပါးစပ်ရာဇဝင်အဖြစ် ကျန်ရှိနေတတ်သည်။ အချို့ကား ကမ္ဘာတည်သရွှေ့ သမိုင်းမှတ်တိုင်များအဖြစ် ကျန်ရှိနေမည်ဖြစ်ပါသည်။
31 Dec 2021
DMG ၊ ဒီဇင်ဘာ ၃၁
(ဆောင်းပါး)
တရွှေ့ရွှေ့နှင့်ပြောင်းလဲလာသော ရက်၊ လ၊ နှစ်တို့သည်ကား ကုန်မှန်းမသိကုန်ဆုံးသွားလေပြီ။ ထို ရက်၊ လ၊ နှစ်တို့၌ အဖြစ်အပျက်များစွာ ရှိခဲ့ကြလိမ့်မည်။ အချို့ကား ပျောက်မှန်းမသိပျောက်ဆုံးသွားခဲ့ပေပြီ။ အချို့မှာ ပါးစပ်ရာဇဝင်အဖြစ် ကျန်ရှိနေတတ်သည်။ အချို့ကား ကမ္ဘာတည်သရွှေ့ သမိုင်းမှတ်တိုင်များအဖြစ် ကျန်ရှိနေမည်ဖြစ်ပါသည်။
ရခိုင်လူ့အဖွဲ့အစည်း စတင်သန္ဓေတည်လာကတည်းက ယနေ့သို့ထိ ဖြတ်သန်းလာသည့် အတွေ့အကြုံတို့သည်လည်း ထိုနည်းတူစွာပင်ဖြစ်ပေသည်။ တချို့အချက်အလက်များ ဆက်လက်တည်ရှိနေပြီး ပျောက်ဆုံးသွားသည့်အဖြစ်အပျက်ပေါင်း များစွာရှိနေသည်။
ထင်ထင်ရှားရှားကျန်လိုက်သည့် အဖြစ်အပျက်များကိုကြည့်မည်ဆိုလျှင် တစ်နေ့ပြီးတစ်နေ့၊ တစ်ခေတ်ပြီးတစ်ခေတ် ဆက်လက်သယ်ဆောင်လာသည့် သမိုင်းဖြစ်ရပ်များသည် ရခိုင်လူ့အဖွဲ့အစည်းအတွက် မမေ့အပ်သော ဖြစ်ရပ်များပင်ဖြစ်ပေသည်။
ထိုနေ့ရက်သို့ရောက်လေတိုင်း ဝမ်းနည်းခြင်းဖြစ်ရပ်များ၊ ဝမ်းနည်းခြင်းအမှတ်တရများ ပြုလုပ်ကြသကဲ့သို့ ဝမ်းသာဂုဏ်ပြုဖွယ်ရာများကိုလည်း ဝမ်းမြောက်ဂုဏ်ပြုဖွယ်အထိမ်းအမှတ် ပွဲလမ်းသဘင်များ ကျင်းပကြမြဲဖြစ်သည်။
ဤသည်ကား သမိုင်းကိုဖော်ထုတ်ခြင်းဖြစ်သည်။ သင်ခန်းစာယူခြင်းလည်း ဖြစ်၏။ အတိတ်ကို သင်ခန်းစာယူပြီး သံဝေဂရယူခြင်း နောင်မမှားမိစေရန် သတိချပ်ခြင်းလည်းဖြစ်ပေသည်။
၂၀၂၁-ခုနှစ်၊ နောက်ဆုံးလဖြစ်သည့် ဒီဇင်ဘာလသည် ရခိုင်လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးများ ဆောင်ကြဉ်းပေးသည့် လလေလော။ သို့မဟုတ် မကောင်းသောအနိဋ္ဌာရုံမြင်ကွင်းများကို ဖန်တီးပေးခဲ့သည့်လေ သလား။ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာခဲ့သော ဒီဇင်ဘာလကို ပြန်လည်ငေးမောကြည့်ကြပါစို့။
“ဒီဇင်ဘာ (၁၅)ရက်” ရခိုင်ပြည်နယ်နေ့ဟု တချိန်ကသတ်မှတ်ခဲ့ကြသည်။ ၁၉၇၄-ခုနှစ်ဖွဲ့စည်းပုံအရ ဤနေ့ကို ဂုဏ်ပြုခဲ့ကြသည်။ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုနေ့သည် ရခိုင်ပြည်သူများအနေဖြင့် သဘောကျချင်မှ ကျပါလိမ့်မည်။ သို့သော် ခေတ်တစ်ခေတ်ကို ကိုယ်စားပြုပြီးပေါ်ထွက်လာသော နေ့ရက်တစ်ရက်ပင်ဖြစ်ပေ၏။ တချို့နိုင်ငံရေးသမားများက အတုအယောင်ပြည်နယ်။ အနှစ်မပါဘဲ အကာသာရှိသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄-ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံဥပဒေက ပြဋ္ဌာန်းပေးလိုက်သည့် ပြည်နယ်နေ့ပင်ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ ဒီဇင်ဘာလမှာ ပေါ်ထွက်လာခဲ့သည့် သမိုင်းဝင်နေ့ရက် တစ်ရက်ဖြစ်၏။ နှစ်ပေါင်း (၄၀)ကျော်တိုင်တိုင် ရှင်သန်လာသည့် နေ့ရက်၊ တရားဝင်ရုံးပိတ်ရက်မဖြစ်စေကာမူ အများစုစိတ်ထဲ၌ကိန်းဝပ်နေသည့် နေ့ရက်တစ်ရက်ပင်ဖြစ်ပေ၏။
ထို့နေ့ရက်က သတ်မှတ်ပေးလိုက်သည့် ပြည်နယ်သည်ကား ရခိုင်လူ့အဖွဲ့အစည်းကို တထစ်ချိုး ပြောင်းလဲစေခဲ့သည့်နေ့ရက် ဖြစ်/မဖြစ်ဆိုသည်ကို နှစ်ပေါင်း(၄၀)ကျော်ဖြစ်ရပ်များက သက်သေခံပါလိမ့်မည်။ ရခိုင်ပြည်သူများ နှလုံးသည်းခြေကြိုက် နေ့ရက်တစ်ရက်မဟုတ်သည်တော့ သေချာမည်ထင်ပါသည်။
“ဒီဇင်ဘာ(၃၁)ရက်” ဤနေ့ရက်သည် ရခိုင်လူမျိုးတို့အတွက် ကံဆိုးမိုးမှောင်ကျခဲ့သည့် နေ့ရက်ပင်ဖြစ်၏။ ထည်ဝါခန့်ညားသည့် မြောက်ဦးနန်းတော်ကြီး မြေခခဲ့သည့်နေ့ရက်ပင်ဖြစ်၏။ အရက်စက်အကြမ်းတမ်းဆုံးသော စစ်ပွဲများဖြင့် ပျော်မြူးနေခဲ့သည့် နေ့ရက်ဖြစ်၏။ ကမ္ဘာမြေကြီးတုန်ခါလုမတတ် အော်သံငိုသံများနှင့် ပြည့်လျှံနေခဲ့သည့် နေ့ရက်ဖြစ်၏။
“ရခိုင်နိုင်ငံတော်”ဆိုသည့် ဆိုင်းဘုတ်ကြီး ပြိုလဲကျသည့်နေ့ရက်ပင် ဖြစ်ပေသည်။ နှစ်ပေါင်း(၂၃ဝ)ကျော် ကြာသွားသည့်တိုင်အောင် နှလုံးသားထဲ၌ စွဲတင်နေစေနိုင်သည့် အနိဋ္ဌာရုံလက်ရာများ ကျန်နေဆဲဖြစ်သည်။
မြောက်ဦးမြို့နယ်နိမိတ်အတွင်း၌ ယိုယွင်းပျက်စီးနေသည့် နန်းတော်ကုန်း၊ ကျောင်းကန်ဘုရားတို့သည် ယင်းနေ့ရက်တို့၌ ဖြစ်ပျက်ခဲ့ပုံများကိုတွေးကြည့်ရုံဖြင့် သိမြင်နိုင်အောင် အထင်အရှားပြသနေသည်။ သမိုင်းကို အမှန်သိရုံ၊ အမှန်ပြောရုံမျှဖြင့်မပြီး၊ ထိုအမှန်တရားအတွက် လုပ်ဆောင်နိုင်အောင်ကြိုးပမ်းမှ အသက်ဝင်သော သမိုင်းတစ်ရပ်ဖြစ်ပေမည်။
ဒီဇင်ဘာ(၃၁)ရက်ရောက်တိုင်း ဝမ်းနည်းခြင်းအမှတ်တရ ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် သမိုင်းမှန်ကို သိရုံမဟုတ်၊ သမိုင်းမှန်ကိုပြောရုံမဟုတ်၊ သင်ခန်းစာယူတတ်ရန် ဖြစ်ပေ၏။ သမိုင်းမှန်ကို ဖော်ထုတ်ရန်လည်း ဖြစ်ပေသည်။
တခြားတခြားလူမျိုးတို့၌လည်း ဤကဲ့သို့မမေ့အပ်နိုင်သည့် နေ့ရက်တို့ရှိကြသည်။ အနီးစပ်ဆုံးပြောရလျှင် သီပေါမင်း ပါတော်မူသည့်နေ့သည် ဗမာလူမျိုးတို့အတွက် မည်သည့်အခါမျှ မေ့ပျောက်၍ရနိုင်မည့် နေ့ရက်တစ်ရက်မဟုတ်ပေ။ ထိုနေ့ရက်သည်ဗမာတို့ အင်္ဂလိပ်ကျွန်သဘောက်ဘဝ ကျရောက်သည့် နေ့ရက်ဖြစ်၏။
အမျိုးဂုဏ် ဇာတိဂုဏ် ရိုက်ချိုးခံရသည့်နေ့ရက်ဖြစ်၏။ ထိုနေ့ရက်ကိုသိသူတိုင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ ပြန်လည်ရှင်သန်နိုးထလာအောင် ခေတ်အဆက်ဆက်ကြိုးပမ်းလာခဲ့သည့်အတွက် ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်သည် လွတ်လပ်ရေးပြန်လည်ရှင်သန်လာသည့် နေ့ရက်ဖြစ်လာခဲ့သည်။ ဤသည်ကား သမိုင်းကိုသိသူတို့ကြိုးပမ်းခဲ့သည့် သမိုင်းရလဒ်ကောင်းပင်ဖြစ်ပေသည်။
၁၇၈၄-ခုနှစ်၊ ဒီဇင်ဘာလ၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို နှစ်ပေါင်း(၂၃၀)ကျော် ကြာသည့်တိုင် လက်ဆင့်ကမ်းလာကြခြင်းသည် အလွန်အေးစက်သည့် ဒီဇင်ဘာည၌ အိပ်မောကျနေသူများကို နိုးထစေနိုင်သည်။ အတိတ်ကာလအမှားများကို သင်ခန်းစာယူပြီး နှစ်သစ်၌ အစားထိုးလုပ်ဆောင်နိုင်အောင် ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်သည်။
လူ့သမိုင်းသည် အစဉ်တစိုက်ပြောင်းလဲ တိုးတက်နေသည်ဆို၏။ ထိုသို့ဆိုလျှင် ရခိုင်လူ့အဖွဲ့အစည်း ပြောင်းလဲတိုးတက်မှုလော၊ ဆုတ်ယုတ်ကျဆင်းမှုလောဆိုသည်ကို နှစ်ပေါင်း (၂၃၀)ကျော် ဖြတ်သန်းလာသည့် သမိုင်းက သက်သေပြပါလိမ့်မည်။ ထိုနေ့၏ နာကြည်းဖွယ် စိတ်ခံစားချက်များကို မည်သည့်အရာနှင့် အစားထိုး ကုသနိုင်မည်နည်း။
၂၀၂၁ ခုနှစ် ကုန်မှန်းမသိ ကုန်ဆုံးတော့မည်။ နှစ်တစ်နှစ်၏ နောက်ဆုံးလရောက်လေတိုင်း တစ်နှစ်တာကာလ၏ ဖြတ်သန်းခဲ့မှုများ၌ အကောင်းအဆိုးတို့ ရှိနေတတ်သည်။
၂၀၂၁-ခုနှစ်သည် ရခိုင်လူ့အဖွဲ့အစည်းအတွက် မည်သို့ဖြတ်သန်းခဲ့ရမှန်း အားလုံးအသိပင်ဖြစ်သည်။ မည်မျှထိဆိုးဝါးခဲ့မှန်းလည်း သိရှိကြပြီးဖြစ်သည်။ အလားတူပင် ၂၀၂၁-ခုနှစ်ရှေ့၌ ဖြတ်သန်းခဲ့ရသော နှစ်ကာလပေါင်းများစွာသည်လည်း ရက်စက်မှုအတိပြီးခဲ့သည်။
ဒီဇင်ဘာ(၁၅)ရက်နှင့် ဒီဇင်ဘာ(၃၁)ရက်တို့သည်ကား ခြောက်လှန့်သည့်သမိုင်းဝင်နေ့ရက်များလာဟု တွေးတောရင်း ၂၀၂၂ ကို ခြေလှမ်းကြရတော့မည် ဖြစ်ပေသည်။
အုန်တောရေးသားသည်။