AA ထိုးစစ်ရပ်ထားချိန် နတ်ရေကန်စခန်းကို စစ်‌ကောင်စီ အင်အားဖြည့်တင်း

ရခိုင်ရိုးမနှင့် ထိစပ်နေသည့် စစ်‌ကောင်စီတပ်စခန်းများကိုလည်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လျှက်ရှိပြီး အထူးသဖြင့် နတ်ရေကန်စခန်းကို လက်နက်ခဲယမ်းအများအပြား ဖြည့်တင်းနေခြင်း ဖြစ်သည်။ 

By Admin 24 Apr 2025

၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ ဓာတ်ပုံ - CINCDS 
၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ ဓာတ်ပုံ - CINCDS 

DMG ၊ ဧပြီ ၂၄ 

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ရခိုင်ရိုးမနှင့် ထိစပ်နေသည့် စစ်‌ကောင်စီတပ်စခန်းများကိုလည်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လျှက်ရှိပြီး အထူးသဖြင့် နတ်ရေကန်စခန်းကို လက်နက်ခဲယမ်းအများအပြား ဖြည့်တင်းနေခြင်း ဖြစ်သည်။ 

“ ဒီရက်ပိုင်းတွေမှာတော့ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ လုပ်နေတာရှိတယ်။ အဓိကတော့ နတ်ရေကန်စခန်းကို ဖြည့်တင်းတာ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သော်လည်း ငလျင်ကြောင့် ထိုးစစ်များ ရပ်နားထားသည်မှာ လက်ရှိတွင် တစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။ 

သို့သော် စစ်ကောင်စီက အင်အားဖြည့်တင်းမှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် မြေပြင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ ရှိလာနေသည်ဟု နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

 “  နတ်ရေကန်စခန်းက တိုက်ပွဲတွေ ငြိမ်နေတာကြာပြီ။ ဒီတစ်ပတ်တွင်းတော့ မြေပြင်မှာ နှစ်ဘက် ပစ်ခတ်တာ ရှိတယ်။ အကြီးအကျယ်ဖြစ်တာမျိုး မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၃ ရက်) ကလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာမှုကြောင့် နတ်ရေကန်စခန်းနှင့် ဂုတ်ကြီးကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီသည် ဧပြီလ ၂၂ ရက်နေ့က  ၃၀ ရက်နေ့အထိ အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း မြေပြင်တွင် လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်ရေးလှုပ်ရှားမှုများကြောင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှု ရှိနေခြင်း ဖြစ်သည်။ 

လက်ရှိတွင် နတ်ရေကန် စခန်းအနီးကို စစ်‌ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုနှင့် ကင်းထောက်ဒရုန်းများဖြင့် ကင်းထောက်ခြင်း စသည့် စစ်ရေးလှုပ်ရှားမှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီသည် ငဖဲမြို့နယ်ရှိ ကပစ စက်ရုံများကို တော်လှန်ရေးတပ်များ၏ ထိုးစစ် မရောက်ရှိအောင် နတ်ရေကန်စခန်းကို အပြင်းအထန် အင်အားဖြည့်၍ ကာကွယ်နေခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။