- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
ယနေ့ (မတ် ၁၀ ရက်)၊ နံနက် ၁၁ နာရီခန့်မှ စကာ ညနေ ၃ နာရီခန့်အထိ ကပ်သပြေကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဒရော့ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
10 Mar 2025

DMG ၊ မတ် ၁၀
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားပြီး နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ယနေ့ (မတ် ၁၀ ရက်)၊ နံနက် ၁၁ နာရီခန့်မှ စကာ ညနေ ၃ နာရီခန့်အထိ ကပ်သပြေကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဒရော့ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲမှုကြောင့် ကပ်သပြေကျေးရွာမှ ဦးဘသိန်းအောင် (၅၆) နှစ်၏ မျက်နှာတွင် ဗုံးစ ထိမှန် ဒဏ်ရာရရှိသွား၍ ဆေးကုသမှုခံယူနေရပြီး နေအိမ် ၂၀ ထက်မနည်းမှာလည်း မီးလောင်ပြာကျသွားကြောင်း သိရသည်။
အလားတူ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ တိုက်နယ်ဆေးရုံကိုလည်း ယနေ့ (မတ်လ ၁၀ ရက်)၊ နံနက်ပိုင်းတွင် စစ်ကောင်စီက အသေခံ ဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအပြင် နေအိမ်များ မီးလောင်ပျက်စီးမှုမှာ မြင့်တက်လာနေသည်။
ပြီးခဲ့သည့် မတ် ၇ ရက်က ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ် ကြတ္တိန်အောက်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်။
အလားတူ မတ် ၆ ရက်ကလည်း ဦးကင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် နှစ်ကြိမ်အထိ ဗုံးကြဲမှုကြောင့် နေအိမ် ၁၄၀ ထက်မနည်း မီးလောင်ပြာကျသွားခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း ၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ယခုလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ် ၂၀၀ ခန့်အထိ ရှိလာနေသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA ) တို့သည် ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။