- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ကညင်ချောင်းစီးပွားရေးဇုန်က စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေး
ကညင်ချောင်းစီးပွားရေးဇုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် တပ်စွဲထားပြီး ၎င်းတို့မှာ ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အခြားနေရာများသို့ ထွက်ပြေးသွားကြောင်း သိရသည်။
15 Jul 2024
DMG ၊ ဇူလိုင် ၁၅
ရခိုင်ပြည်၊ မောင်တောမြို့အနောက်ဘက်ရှိ ကညင်းချောင်းစီးပွားရေးဇုန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇူလိုင်လ ၁၄ ရက်တွင် ဆုတ်ခွာထွက်ပြေးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
“အဲဒီအနီးတဝိုက်မှာ မနေ့က တိုက်ပွဲတွေ တအားပြင်းတယ်။ ကညင်ချောင်းမှာ စစ်ကောင်စီက တပ်အင်အားဖြည့်ပြီးတော့ အခိုင်အမာချထားတာ။ မနေ့က အဲဒီအနီးတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ အသည်းအသန်ဗုံးလာကြဲတယ်။ AA ထိုးစစ်ကို မခံနိုင်လို့ ထွက်ပြေးသွားတာ” ဟု မောင်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဇူလိုင်လ ၁၄ ရက်က ကညင်ချောင်းအနီးတဝိုက်ကို လေကြောင်းပစ်ခတ်စဉ် ရွှေဇား(မွတ်ဆလင်)ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်များ မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။
“အဲဒီရွာကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲလို့ အိမ်တွေမီးလောင်နေတာကို မြင်ရတယ်။ ပျက်စီးမှုအရေအတွက်ကို မသိရဘူး။ ရွာမှာလူမရှိဘူး။ တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးသွားကြပြီ” ဟု မောင်တောမြို့မှ မွတ်ဆလင်တစ်ဦးက ပြောသည်။
ကညင်ချောင်းစီးပွားရေးဇုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် တပ်စွဲထားပြီး ၎င်းတို့မှာ ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အခြားနေရာများသို့ ထွက်ပြေးသွားကြောင်း သိရသည်။
ဇူလိုင်လ ၁၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့် လိုက်ပါလာသည့် စက်လှေနှစ်စီးသည် နတ်မြစ်တွင်း၌ မျောနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ဒါကာထရီဗျူးန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကညင်ချောင်းစီးပွားရေးဇုန်မှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံခြားဒေါ်လာ ဝင်ငွေများစွာကို ရှာပေးနေသည့် နေရာလည်း ဖြစ်သည်။
မောင်တောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ(၅) မြို့သူကြီးစခန်းအား AA က ဆက်လက်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီကလည်း မောင်တောမြို့မကျရှုံးရေး လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် အသည်းအသန်ခုခံနေသည်။