ရခိုင်တွင် စစ်ကောင်စီက ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်

အမ်းမြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်နေ့ မြို့အစွန် ခမရ ၃၇၃ တိုက်ပွဲအတွင်း စစ်ကောင်စီက ဖျက်အားပြင်း ကလပ်စ်စတာဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင့် စစ်တပ်နှင့်နီးစပ်သော အသိုင်းအဝိုင်းများထံမှ သိရသည်။ 

By Admin 12 Oct 2024

ကလက်စတာဗုံးပေါက်ကွဲပုံ  (ဓာတ်ပုံ - ဘီဘီစီ)
ကလက်စတာဗုံးပေါက်ကွဲပုံ (ဓာတ်ပုံ - ဘီဘီစီ)

DMG ၊ အောက်တိုဘာ ၁၂

ရခိုင်စစ်မျက်နှာတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် နိုင်ငံတာကာက တားမြစ်ထားသည့် ကလပ်စတာဗုံး အမျိုးအစားဖြင့် တိုက်ခိုက်မှုများ ရှိလာနေသည်။ 

အမ်းမြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်နေ့ မြို့အစွန် ခမရ ၃၇၃ တိုက်ပွဲအတွင်း စစ်ကောင်စီက ဖျက်အားပြင်း ကလပ်စ်စတာဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင့် စစ်တပ်နှင့်နီးစပ်သော အသိုင်းအဝိုင်းများထံမှ သိရသည်။ 

“အမ်းတိုက်ပွဲမှာ ကလပ်စ်ဗုံးနှစ်လုံး ပစ်ချခဲ့တယ်လို့ စစ်တပ်ရဲ့ သတင်းအရင်းမြစ်တွေဆီက သိရတယ်။ အထိအခိုက်တော့ မရှိဘူး။ စစ်တပ်က အခုနောက်ပိုင်း အမ်း၊ တောင်ကုတ်၊ မောင်တောက လက်ကျန် တိုက်ပွဲတွေမှာ (AA) ထိုးစစ်အရှိန် ပြင်းလာတာဖြစ်တဲ့အတွက် ရခိုင်စစ်မြေပြင်မှာ ကလပ်စ်စတာလိုမျိုး ဓာတုဗုံးတွေ ကြဲတာတွေ ထပ်ပြီး ခပ်စိပ်စပ်လုပ်လာနိုင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ကလပ်စတာဗုံးမှာ လူများနှင့် စစ်သုံးယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဖန်းတီးထားခြင်းဖြစ်ပြီး ‌ဝေဟင်မှလည်း ကြဲချနိုင်သည့်အပြင် မြေပြင်ကလည်း ပစ်လွှတ်နိုင်သည်။ လူအများအပြားကို ထိခိုက်သေစေနိုင်သဖြင့် နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်တားမြစ်ထားသည့် လက်နက်လည်း ဖြစ်သည်။ 

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အောက်တိုဘာ ၇ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးသွားခဲ့သည်။ စက်တင်ဘာ ၁၆ ရက်ကလည်း ဆားပြင်ကျေးရွာနှင့် ကုန်ဘောင်ကျေးရွာကို ဗုံးနှစ်လုံး ကြဲချခဲ့သည်။ 

တောင်ကုတ်မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုများမှာ အရပ်သားများကို အစုလိုက်အပြုံလိုက်သေစေနိုင်သည့် ကလပ်စ်စတာဗုံးများဖြစ်ကြောင်း ဒေသခံများက ယူဆကြသည်။ 

“ပဒေသာဗုံးတွေပစ်တာကို ဒီကလူတွေက တစ်ရက်ထဲ ဗုံးသီးတစ်ဆယ်ကျော် ကြဲချတယ်ဆိုပြီး ထင်ကြတယ်။ တကယ်တော့ ဆင့်ပွားပေါက်ကွဲသွားလို့သာ ဟိုနားဒီနား ပြန့်ပြီးကျတာ။ တချို့ဗုံးတွေဆို မပေါက်ဘဲ ဒီတိုင်းပဲရှိနေတော့ ထပ်အန္တရာယ်ဖြစ်မှာ စိုးရိမ်တယ်” ဟု မြေပြင်အခြေအနေသိရှိသူ တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။ 

ကလပ်စတာဗုံးမှာ ပထမအဆင့် တစ်လုံးကွဲပြီးနောက် ဗုံးအငယ်အစား ဒါဇင်နှင့်ချီ ဆင့်ပွားလွင့်စင် ပေါက်ကွဲနိုင်သည့် လက်နက်တစ်မျိုးဖြစ်ပြီး တိုက်ပွဲလွန်ကာလမှာလည်း အရပ်သားပြည်သူများအတွက် အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။ 

ဓာတုဗုံးအမျိုးအစားဖြစ်၍ အငွေ့များကို ရှူရှိုက်မိပါက မူးဝေခြင်း၊ အော့အန်ခြင်းများကို ခံစားရပြီး ဗုံးအသေးစားများမှာ မြေပြင်သို့ ကျရောက်သော်လည်း ချက်ချင်းမပေါက်ကွဲဘဲ မြေမြှုပ်မိုင်းများကဲ့သို့ နှစ်ပေါင်းများစွာကြာအောင် စစ်ကျန်လက်နက်အဖြစ် တည်ရှိနိုင်သည်။ 

CDM ဗိုလ်ကြီး ဇင်ယော်က “လေကြောင်း တိုက်ခိုက်မှုသတင်းတွေကို မျက်ခြေမပြတ်သင့်ဘူး။ ဗုံးဒဏ်သင့်ပြီဆိုရင်လည်း ဓာတုအဆိပ်ဗုံးငွေ့ဖြစ်တာမို့ အရေပြားတွေကို ရေစိုအဝတ်တွေနဲ့ အမြန်ဆုံး ကာကွယ်တာ အကောင်းဆုံးပါ။ ဗုံးခိုကျင်းတွေထဲမှာလည်း ရေဘူးတွေ၊ အဝတ်တွေ ဆောင်ထားသင့်ပါတယ်” ဟု ပြောသည်။

မြန်မာစစ်တပ်အနေဖြင့် ကလပ်စတာဗုံးကို ယခင်က ပြည်ပနိုင်ငံများမှ ဝယ်ယူသော်လည်း နောက်ပိုင်းတွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမတွင် အခြေစိုက်သည့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထုတ်လုပ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ စစ်တပ်က ကလပ်စတာဗုံး စတင်အသုံးပြုနေကြောင်း ထပ်ဆင့်ပေါက်ကွဲလက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ (CMC)၏ ၂၀၂၃ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။  ၂၀၂၃ ခုနှစ်အတွင်း ရှမ်း၊ ကရင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် ကလပ်စတာဗုံးများဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။