ဒေသခံများကို ခြိမ်းခြောက်နေသည့် ကျောက်ဖြူမြို့နယ်က မြေမြှုပ်မိုင်းများ

စစ်ရေးတင်းမာနေသည့် တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူမြို့ နယ်တွင် ယခုရက်ပိုင်းအတွင်း ဒေသခံများ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရမှုများ တိုးလာနေသည်။

By Admin 28 Sep 2024

ကျောက်ဖြူမြို့ အဝင်အထွက်ရှိ စစ်ကောင်စီ၏ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။
ကျောက်ဖြူမြို့ အဝင်အထွက်ရှိ စစ်ကောင်စီ၏ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၈

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခြင်းမရှိသေးသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ် မိုင်းများက ဒေသခံများအပေါ် စိုးရွားစွာ ခြိမ်းခြောက်လာနေကြောင်း ပြောဆိုကြသည်။

စစ်ရေးတင်းမာနေသည့် တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူမြို့ နယ်တွင် ယခုရက်ပိုင်းအတွင်း ဒေသခံများ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရမှုများ တိုးလာနေခြင်းဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှ အသက် (၂၄) နှစ်အရွယ် ကိုမောင်မောင် အဖော်သုံးဦးနှင့်အတူ ဒေသအခေါ် (သစ်ပုပ်ရမြတ်ဂျိုင်)သို့ မျှစ်ချိုးရန်သွားစဉ် အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

“ခါးအောက်ကနေ ပြတ်ထွက်သွားတာ ခြေထောက် နှစ်ဘက်စလုံး ပြတ်သွားတယ်။ ကျောက်ဖြူဆေးရုံကိုတော့ ၄ နာရီလောက်မှ ပို့နိုင်တယ်။ ဒါပေမဲ့ ဒဏ်ရာပြင်းထန်တာကြောင့် လမ်းမှာဆုံးသွားတာပါ” ဟု အုန်းတောကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ သစ်ပုတ်ရမြတ်ဂျိုင်နှင့် ၃၂ ရဲတပ်ရင်းအနီးတွင်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီက မိုင်းထောင်မှုများရှိကြောင်း ဒေသခံများက ပြောသည်။

“အဲဒီ သစ်ပုတ်ရမြတ်နဲ့ ရဲတပ်ရင်းကြားမှာ စစ်တပ်က မကြာမကြာ မိုင်းလာထောင်တာရှိတယ်။ လွန်ခဲ့တဲ့ ၃ ရက် လောက်ကည်း ရဲတပ်ရင်းအနားက ဒိုးတန်တောင်ပေါ်မှာ စစ်သားတွေ မိုင်းထောင်နေကြတာကို တွေ့ခဲ့တယ်” ဟု အနီးနား ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၇ ရက်ကလည်း ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်မှ အမျိုးသမီးတစ်ဦးမှာ မြို့အစွန်အောင်စေတီ ကျေးရွာအနီးရှိ ဒေသအခေါ် (ငကာကျောက်ကာရီ) တွင် ဟင်းခူးနေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။ 

စစ်ကောင်စီသည် ကျောက်ဖြူမြို့ရှိ တပ်ရင်း၊ စန်းများ၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် အနီးတဝိုက်တွင် မိုင်းထောင်ထားမှု အများအပြားရှိနေကြောင်း ဒေသခံများက ဆိုသည်။ 

“ကျောက်ဖြူဒေသဟာ တိုက်ပွဲပြင်းထန်တာ မရှိသေးပေမဲ့ မိုင်းအန္တရာယ်ကတော့ အရမ်းစိုးရိမ်နေရတယ်။ အဓိက ကျောက်ဖြူမြို့ကို AA ဝင်တိုက်လာရင် ကာကွယ်လို့ စစ်ကောင်စီက မိုင်းတွေထောင်ထားတာ နေရာ တိုင်းပဲ။ တော်တော်များတယ်။ ဒီအထဲမှာ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ရှာဖွေ စားသောက် ရာမှာ ထိခိုက်ဒဏ်ရာရတာ များလာတယ်” ဟု ကျောက်ဖြူဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

DMG ကကောက်ယူထားသည့် စာရင်းများအရ ၂၀၂၃ နိုဝင်ဘာလကစပြီး ကျောက်ဖြူမြိုနယ်ရှိ အောင်စေတီ၊ စိုင်ခြုံ၊ အုန်းတော၊ ကုလာဘာ၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင် ကျေးရွာတို့တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦးအထိ ရှိလာနေသည်။

လက်ရှိ‌ ကျောက်ဖြူမြို့ပေါ်နှင့် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များကို AA က ပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေသည့် အနေအထားရှိသော်လည်း တရုတ်စီမံကိန်းတည်ရှိသဖြင့် နှစ်ဘက်စလုံးက တိုက်ပွဲဖော်ဆောင်ရန် အကန့်အသတ်များလည်း ရှိနေကြောင်း ကျောက်ဖြူဒေသခံများက သုံးသပ်နေကြသည်။