- နခခ ၅ ကို ဆက်လက်ခုခံနိုင်ရန် လေကြောင်းဖြင့် ရိက္ခာဖြည့်ပေးနေ
- အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်
- DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ တစ်နှစ်ပြည့်ပြီ
- စစ်ကောင်စီ လောင်စာဆီရရှိနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့
- အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ
DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ တစ်နှစ်ပြည့်ပြီ
DMG သတင်းဌာနမှ ဖော်ပြခဲ့သော "လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးရန် မွတ်ဆလင်များ တောင်းဆို" သတင်းနှင့်ဖော်ပြမှု တစ်ခုတည်းကို အကြောင်းပြကာ စစ်ကောင်စီက DMG သတင်းဌာနမှ ဝန်ထမ်း ၂၀ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
29 Oct 2024
DMG ၊ အောက်တိုဘာ ၂၉
ရခိုင်ပြည်အခြေစိုက် Development Media Group - DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
သတင်းထောက် ကိုထက်အောင်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က စစ်တွေမြို့ ဝင်္ကဘာကွင်းတွင်ပြုလုပ်သည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံ ရိုက်ယူနေစဉ် ဖမ်းဆီးခံလိုက်ရသည်။ ထိုနေ့တွင် DMG ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကိုလည်း ထပ်မံဖမ်းဆီးခဲ့သည်။
ယင်းနောက် သတင်းထောက် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်အပါအဝင် DMG သတင်းဌာနမှ ဝန်ထမ်း ၂၀ ဦးကို စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ရဲအုပ် ဗိုလ်ဗိုလ်ကျော်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က)ဖြင့် တရားစွဲဆိုခဲ့သည်။
သတင်းထောက် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပြီး နောက်ထပ် ဝန်ထမ်း ၁၈ ဦးမှာလည်း တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့ရာတွင် အကျဉ်းကျခံနေရသော DMG သတင်းထောက် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့လည်း ပါဝင်ခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ ယင်းသို့ ထောင်ပြောင်း ရွှေ့ခံရခြင်းကြောင့် အခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ အခွင့်အရေးများ ဆုံးရှုံးနေရသည်။
"ကိုထက်အောင်နဲ့ ကိုစိုးဝင်းအောင်တို့ ထောင်ပြောင်းရွှေ့ခံရတော့ မိသားစုဝင်တွေအနေနဲ့ တော်တော်လည်း စိတ်ထိခိုက်တာတွေရှိတယ်။ သူတို့ကို ထောင်ဝင်စာသွားတွေ့ဖို့လည်း အကန့်အသတ်တွေ ရှိသွားတာပေါ့လေ။ သူတို့နှစ်ဦး ကျန်းကျန်းမာမာရှိဖို့ မျှော်လင့်ပါတယ်" ဟု DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နေဝင်းစံက ပြောသည်။
DMG သတင်းဌာနမှ ဖော်ပြခဲ့သော "လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးရန် မွတ်ဆလင်များ တောင်းဆို" သတင်းနှင့်ဖော်ပြမှု တစ်ခုတည်းကို အကြောင်းပြကာ စစ်ကောင်စီက DMG သတင်းဌာနမှ ဝန်ထမ်း ၂၀ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ သတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၇ ယောက်ကို ဖမ်းဆီးခဲ့သည်။ လက်ရှိအချိန်အထိ သတင်းသမား ၅၃ ယောက်ကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ၏ စာရင်းအရ သိရသည်။