- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ရခိုင်တောင်သူများ မိုးစပါးရိတ်သိမ်းရန် အခက်အခဲရှိနေ
ရခိုင်က တောင်သူများမှာ ဓာတ်မြေဩဇာ ဈေးမြင့်တက်မှု၊ စက်သုံးဆီဈေးမြင့်တက်မှု စသည့် သွင်းအားစုစရိတ်ကြီးမားမှု အခက်အခဲအမျိုးမျိုးကြားမှ ထွက်ယက်စိုက်ပျိုးထားသော မိုးစပါးများအား ရိတ်သိမ်းရန် အခက်အခဲများ ရှိနေပြန်သည်။
11 Nov 2024
DMG ၊ နိုဝင်ဘာ ၁၁
ဆောင်းရာသီ အစပျိုးလာပြီဖြစ်သဖြင့် တောင်သူများမှာ ထွန်ယက်စိုက်ပျိုးထားသော မိုးစပါးများကို ရိတ်သိမ်းသိုလှောင်ရန်အတွက် စတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။
ရခိုင်က တောင်သူများမှာ ဓာတ်မြေဩဇာ ဈေးမြင့်တက်မှု၊ စက်သုံးဆီဈေးမြင့်တက်မှု စသည့် သွင်းအားစုစရိတ်ကြီးမားမှု အခက်အခဲအမျိုးမျိုးကြားမှ ထွက်ယက်စိုက်ပျိုးထားသော မိုးစပါးများအား ရိတ်သိမ်းရန် အခက်အခဲများ ရှိနေပြန်သည်။
ရိတ်သိမ်းခြွေလှေ့စက် နည်းပါးခြင်း၊ ရိတ်သိမ်းခစရိတ်ကြီးမားခြင်း၊ လုပ်သားရှားပါးမှုတို့ကြောင့် အချိန်မီ ရိတ်သိမ်းသိုလှောင်မှုများ မလုပ်ဆောင်နိုင်မည်ကို တောင်သူများက စိုးရိမ်နေကြသည်။
“စပါးရိတ်စက်က ဒီနှစ်အတိုင်းအတာနဲ့ဆိုရင် ဆီဈေးကြီးတာတွေ ရိတ်စက်ပိုင်ရှင်တွေကလည်း ထွက်ဖို့ အခြေအနေ မမြင်ရဘူး။ အဲဒါကြောင့် ရိတ်သိမ်းဖို့က အခက်အခဲရှိတယ်။ အဲ့ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရမလဲ စဉ်စားလို့ မရသေးဘူး” ဟု ကျောက်တော်မြို့နယ်မှ တောင်သူ ဦးလှသိန်းက ပြောာသည်။
ရခိုင်ဒေသအတွင်း အသုံးပြုနေသော ရိတ်သိမ်းခြွေလှေ့စက်များမှာ နှစ်ကာလကြာမြင့်နေပြီဖြစ်၍ ဟောင်းနွမ်းနေပြီဖြစ်ကာ ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်၍ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်။
လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်ပစ္စည်းအပါအဝင် စက်ပစ္စည်းများ ပြည်မဘက်မှ ဝင်ရောက်မှုမရှိ၍ ရိတ်သိမ်းခြွေလှေ့စက်များကို ပြန်လည်ပြုပြင်အသုံးပြုရန် အခက်အခဲရှိနေကြသည်။
“ဖြစ်နိုင်မယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ကတော့ စပါးရိတ်စက် အပိုပစ္စည်းလိုအပ်မှုကိုဖြစ်ဖြစ်၊ စက်သုံးဆီ လိုအပ်မှုကိုဖြစ်ဖြစ် ဖြည့်ဆည်းပေးနိုင်ရင်တော့ လယ်သမားတွေအတွက် ဝမ်းသာစရာတစ်ခုဖြစ်ဖို့လို့ ယုံကြည်ပါတယ်” ဟု ဓညဝတီမျိုးစပါးစိုက်ပျိုးရေးအသင်းမှ အတွင်းရေးမှူး ဦးမောင်သန်းလှက ပြောသည်။
ပြီးခဲ့သည့်နှစ်က လယ် ၁ ဧကကို ရိတ်သိမ်းခြွေလှေ့ခ ငွေကျပ် ၂ သိန်းကျော်အထိ ရှိခဲ့ပြီး ယခုနှစ်တွင် ၃ သိန်းခန့်ရှိနိုင်ပြီး ယခင်နှစ်က အလုပ်သမားငှားရမ်းရိတ်သိမ်းခမှာ လယ် ၁ ဧကလျှင် စပါးတောင်း ၂၀ ရှိခဲ့သော်လည်း ယခုနှစ်တွင် စပါးတောင် ၃၀ ကျော်ထိ ရှိနိုင်သည်ဟု တောင်သူများက ခန့်မှန်းထားကြသည်။
“ရိတ်သိမ်းခြွေစက်က အဆင်ပြေမယ့် အခြေအနေမရှိတော့ အလုပ်သမားတွေနဲ့ ရိတ်သိမ်းဖို့ စီစဉ်ထားတယ်။ ရိတ်စက်ကလည်း လွယ်လွယ်ရမယ့် အနေအထား မရှိ။ စက်နဲ့ ရိတ်မယ်ဆိုရင်လည်း ရိတ်ခြွေခတွေက များတယ်” မြောက်ဦးမြို့နယ်မှ တောင်သူ ဒေါ်ဇင်ယဉ်နုက ပြောသည်။
တောင်သူများမှာ သွင်းအားစုစရိတ် ကြီးမားသည်အထဲ ဒေသတွင်းစပါးဈေးကွက်လည်း အာမခံချက်မရှိသဖြင့် ယခုနှစ် အရှုံးပေါ်မည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
ရခိုင်တွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော်ရှိပြီး စစ်ရေးနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် အပြည့်အဝ မလုပ်ကိုင်နိုင်သဖြင့် ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာလည်း တဖြည်းဖြည်းနှင့် အကျဘက်သို့ ဦးတည်လျက်ရှိသည်။