ကျောက်ဖြူက မိုင်းထိလူနာတစ်ဦး ငွေကြေးအကူအညီ လိုအပ်နေ  

မိုင်းထိလူနာမှာ ကျောက်ဖြူပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေမှာ ခွဲစိတ်ကုသရမည်ဖြစ်၍ ငွေကြေးအခက်အခဲများရှိနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

By Admin 15 Jul 2024

ကျောက်ဖြူမြို့နယ်အတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီမြေမြှုပ်မိုင်းများ။ 
ကျောက်ဖြူမြို့နယ်အတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီမြေမြှုပ်မိုင်းများ။ 

DMG ၊ ဇူလိုင် ၁၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ စေတီတောင်ကွင်းရပ်ကွက်မှ မိုင်းထိလူနာတစ်ဦးမှာ ဆေးဝါးကုသမှုခံယူရန် ငွေကြေးအကူအညီ လိုအပ်နေကြောင်း သိရသည်။ 

အသက် (၅၀)ကျော်အရွယ် ဦးမောင်ဝေသိန်းမှာ ဇူလိုင်လ ၁၂ ရက်က အောင်စေတီကျေးရွာအနီး ဟင်းရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ 

လက်ရှိတွင် ကျောက်ဖြူပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေမှာ ခွဲစိတ်ကုသရမည်ဖြစ်၍ ငွေကြေးအခက်အခဲများရှိနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

“ဆေးဝါးစရိတ်အတွက် ဆယ်သိန်းဝန်းကျင်ကုန်သွားပါပြီ။ နောက်ထပ် ဘယ်လောက်ကုန်အုံးမလဲ မသိသေးဘူး။ ဆေးကုခံယူမှာက ကြာမယ်ဆိုတော့ အခုကာလ ဆေးဝါးစရိတ်နဲ့က မလွယ်ဘူးဖြစ်နေတယ်” ဟု ပြောသည်။ 

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော အောင်စေတီကျေးရွာအနီး တောင်ရှည်တောင်(ဒေသအခေါ်)တွင် စစ်ကောင်စီ တပ်စခန်းတစ်ခုရှိပြီး ဦးမောင်ဝေသိန်း နင်းမိသွားသည်မှာလည်း စစ်ကောင်စီထောင်ထားသော မိုင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

တောတောင်ကိုအမှီပြုပြီး သစ်ခုတ်၊ ငါးရှာ စသဖြင့် လုပ်ကိုင်စားသောက်ကြသူများမှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးနေကြရ၍ နောက်ကွယ်ကမိသားစုမှာ ထိခိုက်နစ်နာမှုများ ဖြစ်နေကြသည်။

“မိုင်းတွေက ဘယ်လောက်ထိ များသလဲဆိုရင် မိုးရွာတဲ့အချိန်မျိုးမှာဆို မြေကြီးမှာပေါ်နေတာကို သွားရင်းလာရင်း အများကြီးတွေ့ရတယ်” ဟု ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အောင်စေတီကျေးရွာအနီးတွင် မိုင်းနင်းမိ၍ အမျိုသားနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ကျောက်ဖြူမြို့နယ်တွင် မိုင်းကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁ ဦးထိရှိလာနေပြီဖြစ်သည်။ 

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲ ဒေသများနှင့် AA ထိန်းချုပ်ဒေသများရှိ စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာများ၌ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှုများစွာ ရှိနေသည်။ 

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစခန်းနှင့် ပတ်ဝန်းကျင်များသို့ သွားလာခြင်းမပြုကြရန် အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်ထားသည်။