- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ကျောက်ဖြူမြို့ အဝင်/အထွက်ကို စစ်ကောင်စီ တင်းကျပ်စွာ ကန့်သတ်ပိတ်ဆို့
တိုက်ပွဲများစတင်ပြင်းထန်လာပြီးနောက် မြို့အဝင် /အထွက်ကို လုံးဝ ကန့်သတ်ပိတ်ဆို့လိုက်၍ စစ်ဘေးတိမ်းရှောင်လိုကြသည့် ဒေသခံများမှာ အခက်အခဲများဖြစ်ပေါ်နေကြသည်
28 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၈
ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေလာသည်နှင့်အမျှ စစ်ကောင်စီက မြို့တွင်းလုံခြုံရေးကို အာရုံစိုက်လာကာ မြို့ အဝင်/ အထွက်များကို တင်းကျပ်စွာ ကန့်သတ်ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျောက်ဖြူမြို့ အဝင်/အထွက်ကို စစ်ကောင်စီက ကန့်သတ်ခဲ့သော်လည်း မြို့ခံများမှာ အာဏာပိုင်များ၏ ခွင့်ပြုချက်လက်မှတ်များဖြင့် ဝင်ထွက်သွားလာခွင့်ရရှိနေသေးသည်။
သို့သော် တိုက်ပွဲများစတင်ပြင်းထန်လာပြီးနောက် မြို့အဝင် /အထွက်ကို လုံးဝ ကန့်သတ်ပိတ်ဆို့လိုက်၍ စစ်ဘေးတိမ်းရှောင်လိုကြသည့် ဒေသခံများမှာ အခက်အခဲများဖြစ်ပေါ်နေကြသည်။
“အရင်တုန်းကတော့ ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အကြောင်းပြချက်တစ်ခုခုပြပြီး ပိုက်ဆံပေးရင် မြို့ပြင်ကို ထွက်ခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲစဖြစ်တဲ့နောက်ပိုင်းကနေ မြို့ခံတွေကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ထွက်ခွင့်မပေးတော့ဘူး။ ပိတ်လှောင်လိုက်တဲ့ သဘောပေါ့” ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ဓညဝတီရေတပ်ဌာနချုပ်အနီး ဇိုင်ချောင်းနှင့် သစ်ပုတ်တောင် လမ်းဆုံအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲများ ကျယ်ပြန့်စွာဖြစ်ပွားလာခဲ့သည်။
လက်ရှိတွင် ဓညဝတီရေတပ်ဌာနချုပ်ရှိရာ သစ်ပုတ်တောင်နှင့် အနီးတဝိုက်တွင် တိုက်ပွဲပြင်းနေသည်။
တစ်ဘက်တွင်လည်း ပြည်မဘက်မှ လေကြောင်းလိုင်းဖြင့် ကျောက်ဖြူမြို့သို့ ဝင်ရောက်လာသူအချို့အား မြို့ပြင်သို့ ထွက်ခွာခွင့် ပေးလျက်ရှိကြောင်း သိရသည်။
“ရန်ကုန်က လာတဲ့ လူတွေကိုတော့ ထွက်ခွာဖို့ အကြောင်းပြချက် ခိုင်လုံရင် မြို့ပြင်ကို ထွက်ခွင့်ပေးတယ်။ ကျောက်ဖြူမြို့တွင်းမှာ နဂိုကတည်းက ရှိနေတဲ့သူတွေကတော့ ထွက်ခွင့်မရတော့ဘူး” ဟု ၎င်းက ဆက်ပြော သည်။
လက်ရှိ ကျောက်ဖြူမြို့မှ လေကြောင်းလိုင်းများမှာ ပုံမှန်ပြေးဆွဲနေသေးသော်လည်း မြို့အတွင်း ပိတ်မိကျန်ခဲ့သည့် အခြေခံလက်လုပ်လက်စားများမှာ ငွေကြေးမတတ်နိုင်၍ စစ်ဘေးတိမ်းရှောင်ရန် အခက်အခဲရှိနေကြသည်ဟု ပြောဆိုကြသည်။
ယခုလို စစ်ကောင်စီက ဒေသခံများအား မြို့ပြင်သို့ ထွက်ခွာခွင့် ပိတ်ဆို့ထားသဖြင့် မြို့တွင်းတိုက်ပွဲပြင်းထန် လာပါက စစ်ပွဲကြားပိတ်မိသွားမည့်အရေးနှင့်ပတ်သက်၍ ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြသည်။
“ပေါက်တောတိုက်ပွဲတုန်းက ဆိုရင် မြို့ခံတွေကို လူသားဒိုင်းကာ လုပ်ခဲ့တယ်။ အခုလည်း မြို့ခံတွေကို ထွက်ခွင့် မပေးတာက ဒီသဘောပဲ။ အခုဆိုရင် မြို့ထဲကလူတွေနဲ့ အဆက်သွယ်တောင်မရဘူး။ ဒီဘက်မှာကလည်း စစ်မှု ထမ်း ကိစ္စနဲ့ဆိုတော့ သိပ်မလာရဲကြဘူး” ဟု ရန်ကုန်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့ကို အဝင်/အထွက်လုပ်နိုင်သည့် ကုန်းမြေတလျောက်လုံးကို တပ်စခန်းများ ဆောက်လုပ်ကာ တပ်စွဲနေထိုင်သည့်အပြင် မြို့ပတ်ပတ်လည်ကို မြေမြုပ်မိုင်းများ ထောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။