ကျောက်ဖြူတိုက်ပွဲ တစ်လပြည့်နှင့် ဓညဝတီရေတပ်ဌာနချုပ် စခန်းသိမ်းတိုက်ပွဲ အခြေအနေ

ဓညဝတီရေတပ်ဌာနချုပ်သည် ကျောက်ဖြူမြို့၏ အရှေ့ဘက် အဖြောင့်မိုင် ၄ မိုင်ခန့် အကွာတွင် ရှိပြီး ခလရ ၃၄ တပ်ရင်းသည် ဓညဝတီရေတပ်ဌာနချုပ်၏ နောက်ဖက် ၇ မိုင်ခန့်အကွာဖြစ်သောကြောင့် ယခုတိုက်ပွဲများသည် မြို့နှင့် နီးလာသည့် သဘောဖြစ်သည်။

By Admin 22 Mar 2025

ပုံစာ - သံတွဲမောင်ရွှေလေးရေတပ်စခန်းသိမ်းပြီးနောက်တွေ့ရသည့် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk။
ပုံစာ - သံတွဲမောင်ရွှေလေးရေတပ်စခန်းသိမ်းပြီးနောက်တွေ့ရသည့် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk။

DMG ၊ မတ် ၂၂ 

စစ်ကောင်စီနှင့် AA တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ စည်မော် ကျေးရွာအနီးက စတင်ခဲ့သည့် ကျောက်ဖြူ တိုက်ပွဲကာလသည် ယခုအခါ တစ်လပြည့်ခဲ့ပြီးဖြစ်သည်။

ယင်းနောက် ဦးကင်းနှင့် ကြတ္တိန်စသည့်ကျေးရွားများတွင် ဖြစ်နေခဲ့ပြီး တစ်နေမှ မနားတမ်းရှိနေကာ လက်ရှိ တိုက်ပွဲဧရိယာသည် ဓညီဝတီရေတပ် ဌာနချုပ်အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လျက်ရှိသည်။

“တိုက်ပွဲက အခုဆိုရင် စစ်တောရွာအနားထိ ရောက်သွားပြီး၊ စစ်တောဆိုတာက ရေတပ်ဌာနနဲ့ ကပ်ပြီးရှိနေတာ။ တိုက်ပွဲကတော့ စဖြစ်ကတည်းက ရပ်တဲ့နေ့ မရှိသေးဘူး။ လက်နက်ငယ်တွေနဲ့ ထိတွေ့တာမျိုး မဖြစ်ရင်တောင် လက်နက်ကြီး‌တွေနဲ့ အပြန်အလှန်ပစ်တဲ့နေတွေက နေ့တိုင်းရှိတယ်” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်ဖြူမြို့ အမှတ် ၃၂  ရဲတပ်ရင်းအနီး ဒိုးတန်းတောင်အောက်က နှမ်းဖဲတောင်ကျေးရွာ အနီးဝန်းကျင်တွင်လည်း မတ် ၁၉၊ ၂၀ တို့အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး တိုက်ပွဲဧရိယာကျယ် ပြန့်လာခြင်းဖြစ်သည်။ 

ဓညဝတီရေတပ်ဌာနချုပ်သည် ကျောက်ဖြူမြို့၏ အရှေ့ဘက် အဖြောင့်မိုင် ၄ မိုင်ခန့် အကွာတွင် ရှိပြီး ခလရ ၃၄ တပ်ရင်းသည် ဓညဝတီရေတပ်ဌာနချုပ်၏ နောက်ဖက် ၇ မိုင်ခန့်အကွာဖြစ်သောကြောင့် ယခုတိုက်ပွဲများသည် မြို့နှင့် နီးလာသည့် သဘောဖြစ်သည်။

“အခုတိုက်ပွဲဖြစ်နေတဲ့ နေရာတွေက စစ်ကောင်စီအတွက် အရေးပါတဲ့ နေရာတွေဖြစ်တယ်။ ဓညဝတီ ရေတပ်ဌာနပဲ ဖြစ်ဖြစ်၊ ၃၂ ရဲတပ်ရင်းပဲဖြစ်ဖြစ် အဲဒီထဲက တစ်ခုကျသွားမယ်ဆိုရင် မြို့အစွန်က အမှတ် ၅၄၂၊ ၅၄၃ စစ် တပ်ရင်းနဲ့ မြို့ထဲက အမှတ် ၃၄ တပ်ရင်းတွေဟာ ဘာမှလုပ်လို့မရတော့ဘူး” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မြေပြင်တပ်စခန်းများမှ လက်နက်ကြီးများ ပစ်ခတ်မှုအပါအဝင် စစ်သင်္ဘော၊ လေယာဉ်နှင့် ဒရုန်းများကို နေ့စဉ်အသုံးပြု တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှုကြောင့် ဦးကင်းကျေးရွာမှ အမျိုးသားတစ်ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးကင်း၊ ကြတ္တိန်၊ ရှောက်ချောင်း၊ ကပ်သပြေနှင့် စည်မော်ကျေးရွာတို့မှ နေအိမ် ၄၀၀ ထက်မနည်း မီးလောင်ပြာကျခဲ့ပြီး  ယင်းအထဲက ဦးကင်း၊ ကြတ္တိန်နှင့် ရှောက်ချောင်းကျေးရွာတို့မှာ ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရုံးခဲ့ရသည်။

ထို့အပြင် ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ် (၃၂) ရဲတပ်ရင်းအနီးဝန်းကျင်တို့ရှိ ကျေးရွာပေါင် ၂၅ ရွာခန့်က ဒေသခံ ၂၀၀၀၀ (နှစ်သောင်းခန့်) စစ်ဘေးတိမ်းရှောင်နေရပြီး သောက်သုံးရေအပါအဝင် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိသည်။