ကုလားတန်မြစ် အထက်ပိုင်းတွင် ငှက်ဖျားဖြစ်ပွားမှု မြင့်တက်နေပြီး သေဆုံးသူများရှိနေ

ကုလားတန်အထက်ပိုင်း ကျေးရွာများမှာ ခြုံနွယ်ထူထပ်မှုကြောင့် မိုးတွင်းကာလ ခြင်ပေါက်ဖွားမှုများ၍ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး အဖြစ်များခြင်းဖြစ်သည်။

By Admin 16 Sep 2024

ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်း‌ကျေးရွာမြင်ကွင်း။ (၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်)
ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်း‌ကျေးရွာမြင်ကွင်း။ (၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်)

DMG ၊ စက်တင်ဘာ ၁၆ 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းရှိ မျောက်တောင်၊ သာစည်၊ မာလာ၊ တင်းမကြီး၊ တင်းမသစ်၊ ပြိုင်းတိုင်း စသည့် ကျေးရွာများတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သေဆုံးသူများလည်း ရှိနေသည်။ 

ငွေကြေးအခက်အခဲ၊ ဆေးဝါးရှားပါးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ မရသဖြင့် ပြိုင်းတိုင်းရွာတွင် ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၄ ဦးအထိ ရှိကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

ပြိုင်းတိုင်းကျေးရွာမှ ဦးစိန်သာထွီးက “ကျန်းမာရေးစောင့်ရှောက်မှုက မရှိဘူး။ ငှက်ဖျားဖြစ်လို့ သေတဲ့သူတွေလည်း ရှိတယ်။ ပိုက်ဆံမရှိတဲ့သူတွေက ဆေးရုံဆေးခန်းလည်း မသွားနိုင်တော့ သေဆုံးမှုတွေအထိ ဖြစ်သွားတာပေါ့” ဟု ပြောသည်။ 

ရခိုင်တွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆခန့်မြင့်တက်နေပြီး အထူးသဖြင့် ကျေးလက်ဒေသတွင် ပိုအဖြစ်များနေသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။ 

ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ ပျက်စီးနေသော တိုက်နယ်ကျေးလက်ကျန်းမာရေးဌာန

ကုလားတန်အထက်ပိုင်း ကျေးရွာများမှာ ခြုံနွယ်ထူထပ်မှုကြောင့် မိုးတွင်းကာလ ခြင်ပေါက်ဖွားမှုများ၍ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး အဖြစ်များခြင်းဖြစ်သည်။ ဆေးဝါးရှားပါးမှုကြောင့် သေဆုံးမှုများရှိနေသဖြင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ 

“ဆိုင်မှာ ဆေးမရှိဘူး။ ဝယ်လို့လည်း မရဘူး။ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ ဘာမှမရှိဘူး” ဟု မာလာကျေးရွာမှ ဒေါ်တင်ညွန့်က ပြောသည်။

တင်းမ၊ ပြိုင်းတိုင်း၊ မာလာ၊ မျောက်တောင်၊ သာစည် စသည့် ကျေးရွာသားများမှာ  ၂၀၂၀ ခုနှစ်၊ မတ်လအတွင်း ပြင်းထန်ခဲ့သည့် ရခိုင်စစ်ရေးကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တကျော့ပြန်တိုက်ပွဲတွင် ကျောက်တော်မြို့နယ်ကို AA သိမ်းပိုက်ပြီးနောက် လေးနှစ်ကြာ စစ်ဘေးရှောင်ဘဝကို အဆုံးသတ်ပြီး မိမိဒေသမှာ ပြန်နေထိုင်ခွင့် ရရှိခဲ့ကြသည်။ 

တိုက်ပွဲကာလ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများ ဆုံးရှုံးသွားခဲ့ပြီး စားဝတ်နေရေး၊ ကျန်းမာရေး စသည့် လူမှုဘဝ ပြန်လည်ထူထောင်ရေးမှာ စိန်ခေါ်မှုများ ရှိနေကြသည်။