- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
လုံခြုံရေးကြောင့် ပြည်မရောက်ရခိုင်များ နေရပ်ပြန်လာရန် ကြိုးပမ်းနေကြ
လုံခြုံရေးစိုးရိမ်မှုနှင့်အတူ အလုပ်အကိုင်အခွင့်လမ်းနည်းပါးလာခြင်းကြောင့် ပြည်မဘက်တွင် ရပ်တည်နေထိုင်ရေးမှာ အဆင်မပြေသဖြင့် ရခိုင်ပြည်သို့ ပြန်လာရန် စီစဉ်နေကြခြင်းဖြစ်သည်။
10 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်ပြင်ပ ပြည်မဘက်သို့ ရောက်ရှိနေကြသည့် ရခိုင်ဒေသခံအများအပြားမှာ ၂၀၂၅ နှစ်စပိုင်းမှစ၍ ရခိုင်ပြည်အတွင်း ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေကြကြောင်း သတင်းရရှိသည်။
လုံခြုံရေးစိုးရိမ်မှုနှင့်အတူ အလုပ်အကိုင်အခွင့်လမ်းနည်းပါးလာခြင်းကြောင့် ပြည်မဘက်တွင် ရပ်တည်နေထိုင်ရေးမှာ အဆင်မပြေသဖြင့် ရခိုင်ပြည်သို့ ပြန်လာရန် စီစဉ်နေကြခြင်းဖြစ်သည်။
"ဒီမှာ နေလို့အဆင်မပြေတော့ ရန်ကုန်က ပြန်လာဖို့ စုံစမ်းနေတယ်။ အခု လောလောဆယ် ပေါ်တာဆွဲတာတွေ ကြားရတော့ မနေရဲတော့ဘူး။ ကိုယ့်ရခိုင်ကို ပြန်ဖို့လည်း ပိုက်ဆံအများကြီးကုန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်တော့မယ် သင်တန်းလည်း မပြီးခဲ့ဘူး။ နိုင်ငံခြားထွက်ဖို့ မဖြစ်နိုင်တော့ဘူး" ဟု ရန်ကုန်တွင် ဂျပန်ဘာသာ သင်တန်းတက်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း ရခိုင်သို့ပြန်လာရန်အတွက် လမ်းခရီးအပြင် ငွေကြေးကုန်ကျမှုများစွာရှိနေပြီး ပွဲစားများနှင့် ချိတ်ဆက်ကာ လမ်းစရိတ်အဖြစ် လူတစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းမှ သိန်း ၂၀ အထိ ပေးနေရကြောင်း သိရသည်။
ရခိုင်သို့ ပြန်လာရန်လိုကြသူအများစုမှာ ဂျပန်၊ ကိုးရီးယား ဘာသာစကား သင်တန်းတက်နေသူများ၊ စက်ရုံ အလုပ်သမားများ ထိုင်း၊ မလေးရှားမှ ပြန်လာသူများဖြစ်သည်။
"ကျမ အသိ စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ မိန်းကလေးတွေ ပြီးခဲ့တဲ့ လကပဲ ရခိုင်ပြန်သွားတယ်။ ခရီးစရိတ် သက်သက် ၁၈ သိန်းပေးရတယ်။ စစ်ဆေးရေးဂိတ်တွေမှာလည်း ပိုက်ဆံပေးရသေးတယ်" ဟု ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်သို့ပြန်လာကြသူ အချို့မှာလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၌ ဖမ်းဆီးခံရမှုများရှိနေပြီး ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်သို့ပြန်လာသည့် ကားသုံးစီးမှာ စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
လက်ရှိ ရခိုင်ပြည်တွင် အာရက္ခတပ်တော်က မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ စစ်ရေးပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းကာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်စည်ပြန်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်ခံစားနေကြရသည်။
"ရခိုင်မှာလည်း ခက်ခဲမယ်မှန်း သိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ဘယ်နေ့ အဖမ်းခံမယ်မသိတော့ မနေချင်ဘူး။ အလုပ်အကိုင်တွေကလည်း အခုနောက်ပိုင်း ဘယ်လိုမှ အဆင်မပြေတာကြောင့် ကိုယ်ဒေသမှာ ဖြစ်သလို လုပ်စားမယ်ဆိုပြီး ပြန်လာတာ" ဟု ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရန်ကုန်မှပြန်လာသည့် ပေါက်တော မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
Rangoon Scout Network ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း ရန်ကုန်တွင် အရပ်သား ၄၇၅ ဦး ထိ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းနည်းဥပဒေ အသက်သွင်းပြီးနောက် စစ်မှုထမ်းရန် အတင်းအဓ္ဓမ ဖမ်းဆီးမှုများ ရှိနေသဖြင့် ရန်ကုန်ကဲ့သို့ ပြည်မမြို့ကြီးများတွင် နေထိုင်နေကြသူများမှာ ပြည်ပသို့နည်းမျိုးစုံဖြင့် ထွက်ခွာမှုလည်း မြင့်တက်နေသည်။