- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့မဈေးကြီး မီးလောင်ပျက်စီး
တောင်ကုတ်ဒေသခံတစ်ဦးက “ဂျက်နဲ့လာပြီး ဈေးကြီးကိုပဲ တိုက်ရိုက် ဗုံး ၂ လုံးကြဲချတာ။ ဆိုင်ခန်းတွေလည်း မီးလောင်ပြီး ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး” ဟု ပြောသည်။
04 Dec 2024
DMG ၊ ဒီဇင်ဘာ ၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဈေးကြီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၃ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့မဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၅၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်။
တောင်ကုတ်ဒေသခံတစ်ဦးက “ဂျက်နဲ့လာပြီး ဈေးကြီးကိုပဲ တိုက်ရိုက် ဗုံး ၂ လုံးကြဲချတာ။ ဆိုင်ခန်းတွေလည်း မီးလောင်ပြီး ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက် ဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ ညဈေးတန်းမှ ဈေးဆိုင်ခန်းများ မီးလောင်ပျက်စီးသွားခဲ့ရသည်။
တောင်ကုတ်မြို့ကို AA က နိုဝင်ဘာ ၂၄ ရက်မှစ၍ အလုံးစုံထိန်းချုပ်ထားပြီး ကျန်နေသေးသည့် စစ်ကောင်စီ၏ စကခ (၅ ) နှင့် လက်အောက်ခံတပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။
စစ်ကောင်စီက စစ်ဘက်အရပ်ဘက်မခွဲခြားဘဲ စစ်ဘေးရှောင်နေရာများ၊ အရပ်သားနေထိုင်ရာနေရာများ အပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဈေး၊ စာသင်ကျောင်းတို့ကို ပစ်မှတ်ထားခိုက်နေကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။
မင်းပြားဒေသခံ လူငယ်တစ်ဦးက “ဈေးတွေကို ဖျက်ဆီးတယ်ဆိုတာ တိုက်ပွဲလွန်ကာလမှာ လူတွေ ပြန်ပြီး နာလန်မထူနိုင်အောင် ပြည်သူပိုင်တဲ့ ပစ္စည်းဥစ္စာအရင်းအနှီးတွေကို မီးရှို့ပြာချတာနဲ့ အတူတူပဲ။ ဈေးတွေကို ဖျက်ဆီးလိုက်ရင် လူတွေ အကျပ်ရိုက်မယ်ဆိုပြီး သက်သက်မဲ့လုပ်တာ” ဟု ပြောသည်။
တိုက်ပွဲကာ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်တော၊ ဘူးသီးတောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ စနဲ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့တို့တွင် ဈေး ၂၂ ခုအထိ မီးလောင်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီက စားနပ်ရိက္ခာ၊ စားသောက်ကုန်ပစ္စည်းများရှိသည့် နေရာများကို တိုက်ခိုက်ဖျက်ဆီးမှုအပြင် ကုန်သွယ်မှုလမ်းကြောင်းကိုလည်း ပိတ်ဆို့ထား၍ ရခိုင်ဒေသခံများမှာ စားနပ်ရိက္ခာ အကျပ်အတည်းဒဏ်ကို ရင်ဆိုင်နေကြရသည်။
“စစ်ကောင်စီက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဖြစ်တယ်။ ပြည်သူတွေမှာ တစ်သက်တာ ရှာဖွေစုဆောင်းထားသမျှ စစ်ကောင်စီကြောင့် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားပြီ။ စစ်ကို စစ်နဲ့တူအောင် မတိုက်ဘဲ ကောက်ကျစ်တဲ့ အကျင့်ဆိုးနဲ့ လုပ်ဆောင်နေတယ်။ အခုက ပြည်သူတွေမှာ အတိဒုက္ခရောက်နေကြရတယ်” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် AA က မြို့ကြီး ၁၁ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး AA ထိန်းချုပ်မြို့များကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်အဆောက်အအုံ ပျက်စီးမှု လစဉ် တိုးလျက်ရှိသည်။