မွန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက်လာ

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မွန်ပြည်နယ်အနှံ့အပြားတွင် အုပ်စုလိုက်ဖမ်းဆီးခံရမှု ဖြစ်စဉ် မကြာခဏတွေ့မြင်ရပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှုနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုဖြစ်စဉ်များသည် သိသိသာသာမြင့်မားလာသည်ဟု လဂွန်းအိမ်စာစဉ်တွင် ပါရှိသည်။

By Admin 07 Feb 2025

ပုံစာ - မွန်ပြည်နယ်၊ ရေးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - အံ့မှူး
ပုံစာ - မွန်ပြည်နယ်၊ ရေးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - အံ့မှူး

DMG ၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်အတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများကို ယနေ့တိုင်ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်းလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှစ၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမှာ သိသိသာသာမြင့်တက်လာနေကြောင်း လဂွန်းအိမ်စာစဉ်က ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်သည်။

မွန်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ အာဏာသိမ်းမှုအစောပိုင်းကာလနှင့် နှိုင်းယဉ်ပါက စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ သိသိသာသာမြင့်တက်လာပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ထဲတွင် မတရားဖမ်းဆီးခံရမှုသည် ဆိုးဆိုးရွားရွားဖြစ်လာသည်ဟု ထိုစာစဉ်က ဖော်ပြသည်။

စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများကို အရှိန်မြင့်လုပ်ဆောင်ကာ ၎င်းတို့ကို တွန်းလှန်တိုက်ခိုက် နေသည့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကြား အထင်အမြင်လွဲမှားအောင်ဖန်တီးနေသည်ဟု လဂွန်းအိမ်စာစဉ်မှ တာဝန်ရှိသူ ကိုမင်းသံလွင်က ပြောသည်။

" စစ်ကောင်စီရှိနေသရွေ့ မိဘ၊ ညီအစ်ကို၊ သားသမီးစတဲ့ မိသားစုတွေအကုန်လုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စစ်ကောင်စီရှိနေတဲ့ ကာလပတ်လုံး မတရားဖမ်းဆီးတာတွေ၊ ဥပဒေပြဌာန်းပြီးတော့ အကြမ်းဖက် စစ်သားစုဆောင်းတာတွေ ဆက်လက်ရှိနေအုံးမှာပါ။ အဲဒါကြောင့် ဒီအခြေအနေကို ကျော်လွှားဖို့အတွက် စစ်ကောင်စီကို အမြန်တွန်းလှန်တိုက်ခိုက်ဖို့ လိုအပ်ပါတယ်" ဟု ကိုမင်းသံလွင်က ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မွန်ပြည်နယ်အနှံ့အပြားတွင် အုပ်စုလိုက်ဖမ်းဆီးခံရမှု ဖြစ်စဉ် မကြာခဏတွေ့မြင်ရပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှုနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုဖြစ်စဉ်များသည် သိသိသာသာမြင့်မားလာသည်ဟု လဂွန်းအိမ်စာစဉ်တွင် ပါရှိသည်။

လဂွန်းအိမ်စာစဉ်၏ အချက်အလက်များအရ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရသူ ၈၆ ဦးရှိသည့်အနက် စစ်မှုထမ်းရန် အတင်းအဓမ္မပြန်ပြေးဆွဲဖမ်းဆီးခံရသူ ၂၄ ဦးကျော်ထက်မနည်းရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသားနှင့် အမျိုးသမီးများလည်းပါဝင်ပြီး ရေးမြို့နယ်တွင် (၅၄) ဦးနှင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မော်လမြိုင်မြို့နယ်ဖြစ်ကာ ဖမ်းဆီးခံရသူ ၂၀ ဦးရှိကြောင်း လဂွန်းအိမ်စာစဉ်၏ အချက်အလက်များအရ သိရသည်။

ထိုသို့ စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးနေမှုများမြင့်တက်လာ၍ ဒေသခံများမှာ စိုးရိမ်ကြောက်လန့် စိတ်ဖြင့် နေထိုင်နေကြပြီး အချို့မှာလည်း ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများက ပြောဆိုကြသည်။

မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက "အမျိုးသမီးကော အမျိုးသားတွေကိုပါ ဖမ်းတယ်။ ပေါ်တာဆွဲတယ်။ အခု ဒေသက လူတွေက စိုးရိမ်စိတ်တွေ အများကြီး ဖြစ်နေကြတယ်။ မြို့တွင်းမှာလည်း စစ်ကောင်စီက လှည့်လည် တာတွေရှိတော့ ပိုပြီးဆိုးတယ်" ဟု ပြောသည်။

ယင်းအပြင် မွန်ပြည်နယ်အနှံ့ တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သားထိခိုက် သေဆုံးမှုနှုန်းမှာလည်း နေ့စဉ်နှင့်အမျှ တိုးလာနေပြီး ဇန်နဝါရီလအတွင်း သေဆုံး ဒဏ်ရာရရှိသူ ၂၇ ဦးထိရှိကြောင်း လဂွန်းအိမ်စာစဉ်မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

မွန်ပြည်နယ်အတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနေ၍ ဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများကြား အကြောက်တရားများနှင့် နေ့စဉ်ဖြတ်သန်းနေကြရသည်။

လဂွန်းအိမ်စာစဉ်၏ စာရင်းအရ မွန်ပြည်နယ်တွင် အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီကြောင့် ဖမ်းဆီးခံရသူ ၁,၃၅၁ ဦးနှင့် ဒဏ်ရာရရှိသူ ၄၆၀ ကျော်နှင့် သတ်ဖြတ်ခံရသူ ၂၅၆ ဦး ထိရှိသည်။