- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
ကျောက်ဖြူဆေးရုံတွင် ဒဏ်ရာရ စစ်ကောင်စီတပ်သား အများအပြား ဆေးကုသနေ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်အနီး တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီ တပ်သားအများအပြားမှာ လက်ရှိ ကျောက်ဖြူမြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြကြောင်း သတင်းရရှိသည်။
04 Mar 2025

DMG ၊ မတ် ၄
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်အနီး တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီ တပ်သားအများအပြားမှာ လက်ရှိ ကျောက်ဖြူမြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သား အရေအတွက် အတိအကျကို မသိရသော်လည်း ကုတင် ၂၀၀ ဆံ့ ကျောက်ဖြူဆေးရုံတွင် နေရာမလုံလောက်၍ သာမာန်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို စစ်တပ်ထဲသို့ ပြန်လည်ယူဆောင်ခဲ့ရမှုများ ရှိနေသည်။
"အရပ်သား လူနာတွေဆိုရင် နည်းနည်းလောက် သက်သာပြီဆိုတာနဲ့ စစ်သားတွေအတွက် ဆေးရုံက ဆင်းပေးရတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းကစပြီး အဲလိုဖြစ်နေတာ။ အခုဆိုရင် ဆေးရုံတစ်ခုလုံး စစ်သားတွေ အပြည့်ပဲ။ သွေးရှာလို့ မရလို့ သွေးမသွင်းရသေးတဲ့ စစ်သားတွေလည်း အများကြီးပဲ" ဟု ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက DMG သို့ ပြောသည်။
လက်ရှိ ဆေးရုံမှ ပြန်လည်ယူဆောင်သွားသည့် စစ်ကောင်စီတပ်သားများကို ကျောက်ဖြူအခြေစိုက် ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃) စစ်တပ်ရင်းတို့တွင် ဆေးဝါးကုသပေးနေကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။
ဓညဝတီ ရေတပ်ဌာနချုပ်အနီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကျဆုံးဒဏ်ရာရရှိသူ အများအပြားရှိနေပြီး ဒဏ်ရာရရှိသူ အချို့ကို ဆေးဝါးကုသရန်အတွက် ရန်ကုန်သို့ ပို့ဆောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
"စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့လူတွေကို ကျနော်တို့ တိတိကျကျ မခန့်မှန်းနိုင်ပေမယ့် အတော်အမြောက်အများတော့ ရှိမယ်။ သူတို့ အလောင်းမကောက်နိုင်ဘဲ ဒီအတိုင်း ပစ်ထားခဲ့တာတောင် ၅၀ ဦးထက်မက ရှိမယ်။ ဒါက ကျနော် လွန်ခဲ့တဲ့ ၄ ရက်လောက်က သိရတာ" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြား ကျဆုံးဒဏ်ရာရရှိကြောင်း ပြောဆိုမှုများနှင့် ပတ်သက်၍ DMG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဓညဝတီ ရေတပ်ဌာနချုပ် အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA )တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှ စ၍ နှစ်တိုက်ပွဲဖြစ်ပွားနေပြီး မတ်လ ၃ ရက်နေ့အထိ တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိသည်။