တိုက်ပွဲကြားပိတ်မိနေသည့် မြိုစစ်ဘေးရှောင် ၆၀၀ ခန့် အကူအညီလိုအပ်နေ

လက်ရှိတွင် နခခ(၅) မြို့သူကြီးနှင့် နခခ(၂) ၄ မိုင်ကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲကြား စားဝတ်နေရေး အခက်အခဲများဖြင့် ပိတ်မိနေကြပြီး ကလေးငယ်အချို့လည်း နေမကောင်းဖြစ်နေကြောင်း ပြောကြသည်။ 

By Admin 17 Jun 2024

တိုက်ပွဲကြားပိတ်မိနေသော မြိုစစ်ဘေးရှောင်များ။ (ဓာတ်ပုံ - Citizen Journalist) 
တိုက်ပွဲကြားပိတ်မိနေသော မြိုစစ်ဘေးရှောင်များ။ (ဓာတ်ပုံ - Citizen Journalist) 

DMG ၊ ဇွန် ၁၇

ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေသော မောင်တောဒေသတွင် ပိတ်မိနေသော မြိုလူမျိုးစစ်ဘေးရှောင် ၆၀၀ ခန့်မှာ တိုက်ပွဲကြားမှ တိမ်းရှောင်ရန်အပါအဝင် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သိရသည်။

သီဟိုဠ်အေးနှင့် ကိုင်းကြီး မြိုကျေးရွာတို့မှ စစ်ဘေးရှောင် ၆၀၀ ခန့်မှာ မြို့သူကြီးနှင့် ၄ မိုင်အကြားရှိ ၃ မိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေကြခြင်း ဖြစ်သည်။ 

လက်ရှိတွင် နခခ(၅) မြို့သူကြီးနှင့် နခခ(၂) ၄ မိုင်ကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲကြား စားဝတ်နေရေး အခက်အခဲများဖြင့် ပိတ်မိနေကြပြီး ကလေးငယ်အချို့လည်း နေမကောင်းဖြစ်နေကြောင်း ပြောကြသည်။ 

သီဟိုဠ်အေးရွာသားတစ်ဦးက “မြို့ထဲကလူတွေကို ထွက်ဖို့အတွက် AA က အသိပေးထားတယ်။ အခုက ၄ မိုင်မှာ တိုက်ပွဲဖြစ်နေတော့ ဘယ်မှသွားလို့မရဘူး။ မြို့ထဲကိုလည်း သွားလို့ မရတော့ဘူး။ ပိတ်မိနေကြပြီ” ဟု ပြောသည်။

အာရက္ခတပ်တော်(AA)က မောင်တောမြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများအနေဖြင့် ဇွန်လ ၁၆ ရက်မှစ၍ မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် အသိပေးထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နခခ (၅)မြို့သူကြီး၊ နခခ (၂) လေးမိုင်တပ်ရင်းများနှင့် စခန်းငယ်အချို့ သာ ကျန်ရှိတော့ပြီး ကျန်တပ်စခန်းများကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးလည်း ဖြစ်သည်။ 

စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက “သူတို့က မြို့ထဲကိုလည်း သွားမရဘူး။ တိုက်ပွဲဖြစ်နေတာဆိုတော့ အလှူရှင်လည်း မရောက်ဘူး။ သူတို့ကို အလှူငွေတွေကောက်ခံပြီးတော့ ကူညီပေးနေတာ။ အခု ငွေသားတွေလည်း ထုတ်မရတော့ဘူး။ ငွေမရှိတော့ ဆန်လည်းမဝယ်နိုင်ဘူး။ ဟင်းရှာ၊ ငါးရှာလည်း မသွားနိုင်ကြတော့ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံနေရတယ်” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ဒေသအတွင်း မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ် မြို့နယ်များတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့မှာ တိုက်ပွဲကြားပိတ်မိနေကြသည်။