AA အကျဉ်းစခန်းများကို စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲနေ

ပေါက်တောနှင့် မောင်တောမြို့နယ်တို့ရှိ AA အကျဉ်းစခန်းများကို စစ်ကောင်စီက ယခုရက်ပိုင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၅၇ ဦးနှင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။

By Admin 10 Sep 2024

မောင်တော လေးမိုင်စခန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုအပြီး တွေ့ရစဉ်။
မောင်တော လေးမိုင်စခန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုအပြီး တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်၊ ပေါက်တောနှင့် မောင်တောမြို့နယ်တို့ရှိ AA အကျဉ်းစခန်းများကို စစ်ကောင်စီက ယခုရက်ပိုင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၅၇ ဦးနှင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။ 

စက်တင်ဘာလ ၈ ရက် ညနေ ၇ နာရီအချိန်တွင် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ရှင်ရွာကျေးရွာအနီးရှိ AA ၏ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့်နေရာကို ဂျတ်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် စစ်သုံ့ပန်း ၇ ဦးနှင့် ဒေသခံ ၁၀ ဦးသေဆုံးပြီး၊ ၁၀ ထက်မနည်း ဒဏ်ရာရှိခဲ့သည်။ 

သေဆုံးသူများထဲတွင် စစ်သုံ့ပန်းများအပြင် ဖမ်းဆီးစစ်ဆေးခံနေရသူ၊ ပြစ်ဒဏ်ကျခံနေရသူ၊ အကျဉ်းစခန်း တာဝန်ရှိသူနှင့် ကျန်းမာရေးဝန်ထမ်းတချို့ပါဝင်ပြီး အနီးပတ်ဝန်းကျင်ရှိ ကလေးအပါအဝင် အရပ်သားများလည်း သေဆုံးသွားခြင်း ဖြစ်သည်။  

ဓာတ်ပုံ - AA Info Desk

ထို့အတူ စက်တင်ဘာ ၉ ည ၉ နာရီခွဲအချိန်တွင်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲမှုကြောင့် မောင်တောမြို၊ လေးမိုင် (နခခ-၂) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်းများနှင့် အရပ်သားအကျဉ်းသားများထဲမှ လူဦးရေ ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ အများပြားရှိကြောင်း AA က ထုတ်ပြန်သည်

သေဆုံးသွားသူများထဲတွင် မောင်တောတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သားနှင့် သင်တန်းဆင်းမွတ်ဆလင်များ၊ ARSA၊ RSO များ၊ စစ်ကောင်စီသတင်းပေးများ၊ ALP နှင့် ဆက်စပ်သူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူများ ပါဝင်ကြောင်း ဆိုသည်။ 

စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေရှိ အကျဉ်းစခန်းများကို လေကြောင်းအသုံးပြု ပစ်ခတ်နေမှုများမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “အချုပ်ထောင်ဆိုတာက ULA အစိုးရဘက်က ရာဇဝတ်မှုနဲ့ ဖြစ်စေ၊ စစ်ရေးနဲ့ဖြစ်စေ ထိန်းသိမ်းထောင်ချထားတဲ့ နေရာဖြစ်တယ်။ စစ်တပ်စခန်းမဟုတ်ဘူး။ အကျဉ်းသားတွေဟာလည်း ထောင်ချခံထားရတဲ့အတွက် သာမန်ပြည်သူတွေပဲ ဖြစ်တယ်။ ဒီလို အရပ်သားတွေကို စစ်ရေးပစ်မှတ်နေနဲ့ တိုက်ခိုက်နေတာဟာ လူသားမျိုးနွယ်စုကို ဆန့်ကျင့်တဲ့ ရာဇဝတ်ပြစ်မှုမျိုးဖြစ်သလို စစ်ရာဇတ်မှုတွေ ဖြစ်တယ်” ဟု ဝေဖန်သည်။

စစ်ကောင်စီသည် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ နေ့စဉ်ရက်ဆက် ကျူးလွန်နေမှုများကို နိုင်ငံတကာက အရေးယူသင့်ကြောင်း ဒေသခံများက ပြောသည်။

“လေကြောင်းရန်က အမြဲတမ်းစိုးရိမ်နေရတဲ့ အနေအထားမှာရှိပါတယ်။ အဲဒါကြောင့် ဒီလိုမျိုးလုပ်ရပ်တွေ မကျူးလွန်ရအောင် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ဟန့်တားပေးဖို့ လိုအပ်တယ်” ဟု ရခိုင်အရပ်ဖက်အစည်းတစ်ခုက တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘာသာရေးအဆောက်အုံ၊ ပြည်သူပိုင်အဆောက်အအအုံ အပါအဝင် ၎င်းတို့စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် မိုင်းအန္တရာယ်ကို သတိထားကြပါရန် AA က တိုက်တွန်းထားသည်။