- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
မလေးရှားတွင် ဖမ်းဆီးရခံသူများ မြန်မာဘက်သို့ ချက်ချင်းပို့ဆောင်ခံနေရ
ယခင်က အထောက်အထားမဲ့ ဖမ်းဆီးခံရသူများမှာ တရားရင်ဆိုင်ခွင့်ရှိပြီး မလေးရှားအာဏာပိုင်များက သတ်မှတ်ထားသည့် ပြစ်ဒဏ် ထောင် ၆ လ သို့မဟုတ် ၂ လနှင့် ဒဏ်ငွေပေးဆောင်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံ ရသူများရှိသည်။
28 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၈
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ ယခုအခါ ဖမ်းဆီးခံရမှုများရှိနေပြီး ဖမ်းဆီးခံရသူအများစုမှာလည်း မြန်မာနိုင်ငံသို့ ချက်ချင်း လွှဲပြောင်းပို့ဆောင်ခံနေရကြောင်း အလုပ်သမား အရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ယခင်ကာလက ဖမ်းဆီးရသူများကို မလေးရှားနိုင်ငံတရားရုံးတွင် ကြားနာစစ်ဆေး အမှုရင်ဆိုင်ကာ ထောင်ဒဏ်၊ ပြစ်ဒဏ်များ ချမှတ်ပြီးမှ မြန်မာသို့ ပို့ပေးလေ့ရှိသော်လည်း ယခုအခါ ထိုသို့မရှိတော့ဘဲ ချက်ချင်းပို့ဆောင်ခံနေရခြင်းဖြစ်သည်။
“အခုတလော နေ့တိုင်းရာနဲ့ချီပြီးတော့ အဖမ်းခံရတယ်။ ဖမ်းခံရလို့ အထောက်အထားအပြည့်အစုံရှိရင်တော့ တစ် ရက်နှစ်ရက်စစ်ဆေးပြီး ပြန်လွတ်ပေးတယ်။ အထောက်အထားမရှိတဲ့ သူတွေကတော့ အဆက်အသွယ်ပါ ပြတ သွားတော့တာပဲ။ နှစ်ဘက် အာဏာပိုင်တွေ ချိတ်ဆက်ပြီး မြန်မာဘက်ကိုတန်း ပို့တယ်လို့ကြားတယ်” ဟု မလေးရှားရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမား ဦးမောင်ဝင်းက ပြောသည်။
ယခင်က အထောက်အထားမဲ့ ဖမ်းဆီးခံရသူများမှာ တရားရင်ဆိုင်ခွင့်ရှိပြီး မလေးရှားအာဏာပိုင်များက သတ်မှတ်ထားသည့် ပြစ်ဒဏ် ထောင် ၆ လ သို့မဟုတ် ၂ လနှင့် ဒဏ်ငွေပေးဆောင်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံ ရသူများရှိသည်။
အချို့မှာလည်း ပြစ်ဒဏ်ကျေပြီးနောက် မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ပါမစ်များ လျှောက်ထားပြီး ပြန်လည်နေထိုင်လုပ်ကိုင်ခွင့်ရကြသည်။
လက်ရှိတွင် ထိုသို့မရှိတော့ဘဲ ဖမ်းဆီးခံရလျှင် မြန်မာဘက်သို့ချက်ချင်း ပြန်ပို့နေခြင်းမှာ မလေးရှား အာဏာပိုင်များက စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်မှုထမ်းအတွက် လူစုပေးနေသဖွယ် ဖြစ်နေကြောင်းလည်း ဝေဖန်နေကြသည်။
“အခုရက်ပိုင်း ဖမ်းခံရတဲ့သူ ဆလန်ဂေါတစ်ခုတည်းကို ထောင်ချီတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို တရားရုံးမထုတ်ဘူး UN စာရွက်ကိုင်ဆောင်ထားတဲ့သူတွေ၊ UN လျှောက်ထားတဲ့သူတွေဆို တရားရုံး လုံးဝ မထုတ်ဘူး။ မြန်မာပြန်ပို့ပါတယ်” ဟု မြန်မာ အလုပ်သမားရေးရာနှင့် ဒုက္ခသည်များအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလအစောပိုင်းက ဖမ်းဆီးခံရသူ ၂၀၀ ကျော်ကို မြန်မာနိုင်ငံသို့ပြန်ပို့ပေးခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်ကလည်း ၁၀၂ ဦးကိုမြန်မာနိုင်ငံသို့ပြန်ပို့လိုက်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၂ ရက်က မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမြို့တွင် မြန်မာနိုင်ငံသားများ အများအပြားရှိသည့် မဲရူးဈေးသို့ အော်ပရာစီ ဝင်ရောက်ဖမ်းဆီးမှုကြောင့် ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရသည်။
“ မြန်မာဘက်ပြန် ပို့လိုက်တဲ့သူတွေကို စစ်ကောင်စီက လေဆိပ်ကနေပြီး စစ်သင်တန်း တန်းခေါ်နေတာပါ။ မလေးရှားကပြန်ပို့လိုက်ပြီး မိသားစုဆီမရောက်ဘဲ စစ်သင်တန်း ရောက်သွားပြီး အဆက်အသွယ် ပြတ်သွားတာတွေ အများကြီးရှိနေတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူအမျိုးသမီးတစ်ဦးက ပြောသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် မလေးရှားနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ အစောပိုင်းကတွေ့ဆုံပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများနေရပ်ပြန်ပို့ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာတွင် စစ်မှုထမ်းနည်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း လူငယ်အများအပြား မလေးရှားနှင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ကြပြီး အချို့မှာလည်း အလုပ်အကိုင် အခွင့်အလမ်းများကြောင့် ပြည်ပထွက်ခွာသူလည်း များပြားလာနေသည်။
စစ်ကောင်စီသည် မလေးရှားအာဏာပိုင်များက လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို စစ်မှုထမ်း သင်တန်းသားအဖြစ် ခေါ်ယူသည့်အပြင် မိသားစုဝင်များမှ ငွေညှစ်ယူခြင်းများလည်း ရှိကြောင်း သိရသည်။