- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးလေးဦး ဒဏ်ရာရ
စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပဒေသာရွာတွင် စစ်ဘေးရှောင်နေသည့် စစ်တွေမြို့နယ်မှ ဦးမောင်ယဉ်သာ(၅၈) နှစ်မှာ ဉီးခေါင်းပြတ်ထွက်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
18 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာတွင် ဒီဇင်ဘာ ၁၇ ရက်၊ ညဉ့် ၁၁ နာရီအချိန် စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပဒေသာရွာတွင် စစ်ဘေးရှောင်နေသည့် စစ်တွေမြို့နယ်မှ ဦးမောင်ယဉ်သာ(၅၈) နှစ်မှာ ဉီးခေါင်းပြတ်ထွက်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ယင်းအပြင် ပဒေသာကျေးရွာမှ ဒေါ်မသိန်းနု (၅၈) နှစ်၏ ပေါင်တွင် ပွန်းပဲ့ဒဏ်ရာ၊ ဒေါ်သိန်းနု (၄၃) နှစ်၏ ဦးခေါင်းတွင် ပွန်းပဲ့ဒဏ်ရာနှင့် မဘုမချေ (၂၅)နှစ်၏ ညာဖက်လက်မောင်း ဒဏ်ရာရရှိသွားသည့်အပြင် ရွာသို့ အလည်ရောက်ရှိနေသူ ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိသွားခဲ့သည်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက “မနေ့က ညည့် ၁၁ လောက်မှာ စစ်တွေဖက်က လက်နက်ကြီးပစ်တာ။ ပဒေသာရွာမှာကျလို့ တစ်ယောက်သေသွားတယ်။ တိုက်ပွဲဖြစ်တာတွေလည်း မရှိဘဲ စစ်ကောင်စီက ရမ်းသန်းပြီး ပစ်နေတာ” ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နှင့် အနီးတဝိုက်ရွာများကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်ကလည်း စစ်တွေတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာမှ ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက “ဒီဖက်ကို လက်နက်ကြီးနဲ့ မကြာခဏ လှမ်းပစ်တာတွေရှိတယ်။ မထင်မှတ်ထားတဲ့အချိန်တွေ၊ လူအိပ်ချိန်တွေမှာ ပစ်တာတွေရှိတော့ အမြဲ သတိဝိရိယနဲ့ နေကြရတယ်။ မနေ့ကဆိုရင်လည်း တစ်ညလုံးအိပ်လို့မပျော်ဘူး။ ဘယ်အချိန် ထပ်ပစ်မလဲဆိုပြီး အမြဲတွေးပူနေရတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် AA သိမ်းပိုက်ထိန်းချုပ်ထားသော အရပ်သားနေထိုင်ရာ နေရာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးနေရသည်။
ရခိုင်ပြည်တွင် ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၃၀ ထက်မနည်းရှိကြောင်း DMG စာရင်းအရ သိရသည်။