- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
ရွေးကောက်ပွဲပုဒ်မနှင့် ထပ်တိုးတရားစွဲဆိုခံထားရသည့် ဦးညီပုနှင့်ဦးမင်းအောင်တို့ကို ရုံးထုတ်
ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မတို့နှင့် ထပ်တိုးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ Video Conferencing ဖြင့်ရုံးထုတ်ကာ မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
14 Jan 2022
DMG ၊ ဇန်နဝါရီလ ၁၄
ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မတို့နှင့် ထပ်တိုးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ Video Conferencing ဖြင့်ရုံးထုတ်ကာ မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါရွေးကောက်ပွဲပုဒ်မတို့မှာ ဝန်ကြီးချုပ်ဟောင်းဦးညီပုကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)နှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်အောင်ကိုမူ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)အပြင် ပုဒ်မ-(၁၀၉)နှင့် တရားစွဲဆိုထားခြင်းဖြစ်ကာ ယနေ့ရုံးထုတ်ရာတွင် မှုခင်းစီမံခန့်ခွဲမှုအကြိုပြုလုပ်ခဲ့ကြောင်း အမှုလိုက်ရှေ့နေထံမှ သိရသည်။
သဇင်ဥပဒေဆိုင်ရာ အထောက်အကူအပြုအဖွဲ့မှ အထက်တန်းရှေ့နေဦးဝင်းအောင်က “ဝန်ကြီးချုပ်ဦးညီပုမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေကို လိုက်နာမှုမရှိဘဲပြုလုပ်ကြောင်းပေါ်ပေါက်တဲ့အတွက် ဦးမင်းအောင်ကကျတော့ အဲဒီလိုဦးညီပုလုပ်တာကို အားပေးကူညီပါတယ်ပေါ့။ အဲ့ဒါကြောင့်ဝန်ကြီးချုပ်ဦးညီပုကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နဲ့ အရေးယူဆောင်ရွက်တယ်။ ဦးမင်းအောင်ကိုကျတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)အပြင် ပုဒ်မ (၁၀၉)နဲ့ အရေးယူဆောင်ရွက်တယ်”ဟု DMG သို့ပြောသည်။
ယနေ့ရုံးထုတ်တွင် အဆိုပါအမှုကိုစစ်ဆေးရန်အတွက် မှုခင်းစစ်ဆေးမှုကို တရားလိုနှင့် တရားလိုပြသက်သေများကို ၅၅ ရက်အတွင်းနှင့် စွပ်စွဲခံရသူဘက်ကိုလည်း ၅၅ ရက် စုစုပေါင်းရက်ပေါင်း ၁၁ဝအတွင်းတွင် အပြီးသတ်စစ်ဆေးသွားမည်ဟု သတ်မှတ်ခဲ့ပြီး နောက်ထပ်ဇန်နဝါရီလ ၂၄ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဦးဝင်းအောင်ကရှင်းပြသည်။
အဆိုပါအမှုကို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်ဒီဇင်ဘာ ၈ ရက်နေ့က ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုအဖြစ်တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းသို့စွဲဆိုခြင်းနှင့်ပတ်သက်ပြီး ဦးသူရိန်ထွဋ်က “ကျွန်တော်လည်းပြောလို့မရသေးဘူး။ ပြောလို့ရတဲ့အချိန်ကျရင်တော့ ပြောပါမယ်။ ဘယ်နေ့ရုံးချိန်းလည်းဆိုတာလည်းမသိဘူး။ ဒီသတင်းက ကျွန်တော်လည်းပြောလို့မရသေးတဲ့အခြေအနေဖြစ်နေလို့ပါ”ဟု ဇန်နဝါရီလ ၆ ရက်နေ့က DMG သို့ ပြောဆိုထားသည်။
ယင်းအပြင် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့မှာ တခြားဝန်ကြီးဟောင်းများဖြစ်ကြသော ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ ၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်တို့နှင့်အတူ တခြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ ဖြင့်လည်း တရားရင်ဆိုင်နေရသည်။
ယင်းအပြင် ဦးညီပုမှာ လက်ရှိတွင်အများပြည်သူအကျိုးပျက်စီးစေမှုဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပြီး စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်မှာလည်း ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ လစီ ချမှတ်ခံထားရသည်။