- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပြန်လည်အသက်ဝင်လာသည့် ရခိုင်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးရန် နည်းပညာ လိုအပ်နေ
ရခိုင်အနုပညာလက်ရာမြောက် ဗီဒီယိုဇာတ်လမ်းများမှာ ယခင်က ရခိုင်ပရိတ်သတ်များကြား အားပေးမှုရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်မ၊ ပြည်ပဗီဒီယိုဇာတ်ကားများ လွှမ်းမိုးလာမှုကြောင့် ပရိတ်သတ်များကြား အားပေးမှု ကျင်းဆင်းကာ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။
01 Nov 2024
DMG ၊ နိုဝင်ဘာ ၁
ရခိုင်ပြည်အတွင်း ရခိုင်ဘာသာစကားပြောဖြင့် ဗီဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုများကို ယခုနှစ်အတွင်း လွတ်မြောက်နယ်မြေဟုခေါ်သည့် အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာမြို့နယ်များတွင် ပြန်လည်အသက်သွင်းပြီး ရိုက်ကူးလာနေကြသည်။
သို့သော်လည်း နည်းပညာအခက်အခဲများကြောင့် အရည်အသွေးကောင်းသည့် ဇာတ်လမ်းများကို မထုတ်လုပ်နိုင်သေးဟု အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ထောက်ပြကြသည်။
“ အနုပညာဝါသနာပါတဲ့ လူငယ်တွေအများကြီး ပေါ်ထွက်လာတာကို ဝမ်းသာတယ်။ နည်းပညာ အားနည်းချက်တွေ အများကြီး ရှိသေးတာကိုတော့ မြင်ရတယ်။ အရည်အချင်းပြည့်မီတဲ့ ဇာတ်ကားတွေ ဖန်တီးနိုင်ဖို့ နည်းပညာပိုင်းသင်ယူဖို့လိုအပ်သလို၊ တတ်သိပညာရှင်တွေက ထောက်ပံ့ပေးဖို့လည်း လိုအပ်တယ်” ဟု ရခိုင်မှ အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ လွတ်မြောက်နယ်မြေဟု ခေါ်သည့် အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များတွင် ရခိုင်ဗီဒီယို ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်များကို အနုပညာအသိုင်းအဝိုင်းပြင်ပမှ ရခိုင်လူငယ်များဦးဆောင်ကာ တဖန်ပြန်လည် ရိုက်ကူးလာကြခြင်းဖြစ်သည်။
“ လူငယ်တွေက ကျောင်းလည်း ဆက်မတက်ကြရတော့ဘူး။ အလုပ်လည်း မရှိကြဘူး။ အဲဒီတော့ သူတို့ကိုယ်ပိုင် ဇာတ်ညွန်းတွေဖန်တီးပြီးတော့ ဇာတ်ကားတွေရိုက်လာကြတယ်။ အဓိက ရခိုင်ပြည်မှာ ရခိုင်ဗီဒီယို ဇာတ်ကားတွေကိုလည်း ကြည့်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်လူငယ်များမှာ ဝါသနာအရရိုက်ကူးကြသည်များရှိသည့်အပြင် အာရက္ခတပ်တော် (AA) ကလည်း အချို့မြို့နယ်တို့တွင် ကျေးရွာတစ်ရွာကို ဇာတ်ကားနှစ်ကားနှုန်းဖြင့် ပညာပေးဇာတ်လမ်းများကို ပုံဖော် ရိုက်ကူးရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့်နှစ်များက ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည့် ရခိုင်ဗီဒီယိုဇာတ်လမ်းများမှာ ယခုအခါ ပြန်လည် အသက်ဝင်လာခြင်းဖြစ်သည်။
လက်ရှိတွင် ရိုက်ကူးရေးအား လက်ကိုင်ဖုန်းများကိုသာ သာအဓိကအသုံးပြု ရိုက်ကူးနေကြရပြီး ငွေကြေး အခက်အခဲများလည်း ရှိနေသည်ဟု ရိုက်ကူးရေးတာဝန်ယူထားသူတစ်ဦးက ပြောသည်။
" ငွေအရင်းအနှီးရှိရင် ဇာတ်ကားကို အကောင်းဆုံး ရိုက်နိုင်တာပေါ့။ အခုက တတ်နိုင်သလောက်ကို ကိုယ့်အိတ်က စိုက်ထုတ်ပြီး ရိုက်နေရတာ။ ကျနော်ဆိုရင် အခုငွေမတတ်နိုင်လို့ ရပ်ထားရတယ်။ မင်းသား၊ မင်းသမီး အဆင်မပြေတာလည်း တစ်ကြောင်းပေါ့။ အရင်းအနှီးငွေတွေသာရရင် ပိုကောင်းအောင် ဖန်တီးနိုင်တာပေါ့" ဟု ပေါက်တောမြို့နယ်မှ ရိုက်ကူးရေးတာဝန်ရှိသူ ကိုမျိုးမင်းထက်က ပြောသည်။
ရခိုင်ဇာတ်လမ်းရိုက်ကူးရာတွင် ရခိုင်ဘာသာစကားဖြင့် အချစ်၊ အလွမ်း၊ ဟာသ စသည့်ဇာတ်လမ်းတို့ကို အများအားဖြင့် ရိုက်ကူးကြပြီး ရခိုင်သံစဉ်၊ ရခိုင်တီးလုံးများကို အဓိကထည့်သွင်းအသုံးပြုထားသည်ကို တွေ့ရသည်။
ရခိုင်အနုပညာလက်ရာမြောက် ဗီဒီယိုဇာတ်လမ်းများမှာ ယခင်က ရခိုင်ပရိတ်သတ်များကြား အားပေးမှုရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်မ၊ ပြည်ပဗီဒီယိုဇာတ်ကားများ လွှမ်းမိုးလာမှုကြောင့် ပရိတ်သတ်များကြား အားပေးမှု ကျင်းဆင်းခဲ့ရသည်။
လက်ရှိတွင် ရခိုင်ဘာသာစကား၊ ရခိုင်သီချင်းများဖြင့် ဗီဒီယိုဇာတ်ကားများ ပြန်လည်ရိုက်ကူးလာခြင်းမှာ ကောင်းမွန်ပြီး ရခိုင်ဘာသာစကားနှင့် ယဉ်ကျေးမှုကိုလည်း ဗီဒီယိုဇာတ်ကားများဖြင့် တစ်ဖက်တစ်လမ်းမှ ဖော်ထုတ်ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောဆိုမှုများရှိနေသည်။
“အခုလို ရခိုင်ဇာတ်ကားတွေ ရိုက်လာကြတာက ကောင်းတယ်။ ဇာတ်ကားတွေကနေတစ်ဆင့် ကိုယ့်လူမျိုးရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ပြသနိုင်မယ်။ ဒါပေမယ့် ခဏတပြုတ် ပုံစံမျိုးမဖြစ်အောင် တက်သိအနုပညာရှင်တွေကလည်း ဝိုင်းဝန်းပူးပေါင်းပြီး လုပ်ဆောင်ဖို့လိုတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်ပြည်တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ၍ ရခိုင်ဗီဒီယို ဇာတ်ကားများကို အခကြေး ငွေယူပြီး ကျေးရွာအတွင်း ပြသခြင်းများရှိနေသလို ဖုန်းမှတစ်ဆင့်ဖြန့်ဝေပြီး ဇာတ်ကားတစ်ကားလျှင် ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ရောင်းချပေးမှုများရှိနေကြောင်း သိရသည်။