တေးသံရှင် ဆုမြတ်ထက်ကို နှစ်ရှည်ထောင်ဒဏ်ချနိုင်သည့် ပုဒ်မဖြင့် စစ်ကောင်စီ အမှုဖွင့်
ဆုမြတ်ထက်သည် လက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့မှုများရှိနေကြောင်း (အမည်မသိ) လူတစ်ဦးက ရန်ကုန်မြို့၊ တာမွေရဲစခန်းတွင် တိုင်ကြားလာ၍ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အမှုဖွင့်ခံရခြင်းဖြစ်သည်။
11 Oct 2024
DMG ၊ အောက်တိုဘာ ၁၁
ဖမ်းဆီးခံထားရသည့် ရခိုင်၊ မြန်မာတေးသံရှင် ဆုမြတ်ထက်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အောက်တိုဘာ ၉ ရက်တွင် စစ်ကောင်စီက အမှုဖွင့်လိုက်ကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်ပြီး မည့်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို အတိအကျမသိရကြောင်း ဆုမြတ်ထက်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုတွေ ရှိတယ်ဆိုပြီးတော့ အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့် ခံထားရတယ်။ ဘယ်ပုဒ်မလဲဆိုတာတော့ အတိအကျ မသိရသေးဘူး။ အခုတော့ သူ့ကို စစ်ကြောရေးမှာ စစ်ဆေးနေတယ်” ဟု ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ပြစ်ဒစ်ချမှတ်ခံရပါက ဥပဒေပုဒ်မ၊ ပုဒ်မ(ခွဲ) အမျိုးအစားပေါ်မူတည်၍ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
အသက် ၄၀ အရွယ် တေးသံရှင် ဆုမြတ်ထက်ကို အောက်တိုဘာ ၇ ရက်၊ နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်မှ တူမဖြစ်သူနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
တူမဖြစ်သူမှာ အောက်တိုဘာ ၈ ရက်တွင် ပြန်လွတ်လာခဲ့သော်လည်း ဆုမြတ်ထက်မှာ မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုတွင် ဖမ်းဆီးခံထားရကြောင်း သိရသည်။
ဆုမြတ်ထက်သည် လက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့မှုများရှိနေကြောင်း (အမည်မသိ) လူတစ်ဦးက ရန်ကုန်မြို့၊ တာမွေရဲစခန်းတွင် တိုင်ကြားလာ၍ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အမှုဖွင့်ခံရခြင်းဖြစ်သည်။
“စစ်ဆေးစရာ ရှိတယ်ဆိုပြီးတော့ ဖမ်းသွားတာ။ သူက ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိဘူး။ ဆိုင်မှာ အဝတ်ရောင်းတယ်။ အလှူကောက်ခံလို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပြီး ပရဟိတလုပ်နေတာပဲရှိတယ်”ဟု ဆုမြတ်ထက်နှင့် နီးစပ်သူ အနုပညာရှင်တစ်ဦးက ပြောသည်။
ဆုမြတ်ထက်သည် ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ရခိုင်ရိုးရာပိုးထည်များ ရောင်းဝယ်ရေး ဆိုင်ဖွင့်လှစ်ကာ အခြေချနေထိုင်နေသူဖြစ်ပြီး ၎င်းမှာ ရခိုင်ပြည်၊ မာန်အောင်မြို့ဇာတိ ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ဆုမြတ်ထက်ကို ဖမ်းဆီးအမှုဖွင့်ခြင်းမှာ မတရားလုပ်ရပ်ဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင်အနုပညာအသိုင်းအဝိုင်းက ပြောဆိုကြသည်။
လက်ရှိတွင် စစ်ကောင်စီသည့် ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည့် ပြည်သူများအတွက် စိုးရိမ်စရာဖြစ်နေသည်ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
“အခုဆိုရင် AA ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ကြေညာထားတယ်။ ဆိုတော့ အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးတရားစွဲဆိုမယ်။ ထောင်ချမယ်။ ဖိနှိပ်မယ်။ ဒါက စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်နည်းတစ်ခုဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီအုပ်ချုပ်တဲ့ နယ်မြေတွေမှာရှိတဲ့ ရခိုင်တွေအနေနဲ့ သတိထားသင့်တယ်” ဟု သူက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈၊ ၂၀၂၀ ခုနှစ် တိုက်ပွဲကာလများကလည်း စစ်ကောင်စီသည် ရခိုင်ဒေသခံ ရာနှင့်ချီကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။