AA ကို အကြမ်းဖက်အဖြစ် ကြေညာလိုက်၍ လူငယ်များ စိုးရိမ်မှုရှိနေ 

စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်မြို့တို့၌ အရပ်သားများအား သံသယဖြင့်ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှုအပြင် အခြားပုဒ်မများဖြင့် အရေးယူမှုများ ရှိနေသည်။ သို့သော်လည်း ယခုအခါဖမ်းဆီးခံရလျှင် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်မှုပုဒ်မဖြင့် အရေးယူနိုင်သည်။ 

By Admin 03 Sep 2024

၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကာလအတွင်း မြင်တွေ့ရသော စစ်တွေမြို့တွင်း တစ်နေရာ။
၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကာလအတွင်း မြင်တွေ့ရသော စစ်တွေမြို့တွင်း တစ်နေရာ။

DMG ၊ စက်တင်ဘာ ၃

မြောက်ပိုင်းညီနောင်သုံးဖွဲ့ AA၊ MNDAA၊ TNLA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂ ရက်တွင် ကြေညာလိုက်၍ ရခိုင်ပြည်ရှိ စစ်ကောင်စီထိန်းချုပ်ဆဲ မြို့များမှ လူငယ်များမှာ လုံခြုံရေးစိုးရိမ်မှု ရှိနေကြသည်။ 

စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်မြို့တို့၌ အရပ်သားများအား သံသယဖြင့်ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှုအပြင် အခြားပုဒ်မများဖြင့် အရေးယူမှုများ ရှိနေသည်။ 

သို့သော်လည်း ယခုအခါဖမ်းဆီးခံရလျှင် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်မှုပုဒ်မဖြင့် အရေးယူနိုင်၍ စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

“ဖမ်းဆီးတာတွေက အရင်တုန်းကနေရှိပါတယ်။ ဒါပေမဲ့ အရင်ထက် ရဲတင်းလာနိုင်တဲ့ အခြေအနေတွေမြင်ရတယ်။ ပြီးတော့ အရပ်သားတွေကို ဖမ်းဆီးဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခု ပေါ်လာတာကြောင့် ပိုပြီးစိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်” ဟု ကျောက်ဖြူမြို့မှ လူငယ်တစ်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲခြောက်လတာအတွင်း စစ်ကောင်စီက အရပ်သား ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း AA က ထုတ်ပြန်ထားပြီး လက်ရှိတွင်လည်း ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ 

ဖမ်းဆီးခံထားရသူများထဲ အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ (၂) တို့ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူများလည်း ရှိနေသည်။
 
စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာသားများထဲမှ ၁၄၄ ဦးကို ဩဂုတ်လ ၃၀ ရက်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့သည်။ 

စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက “ပြည်သူတွေ အပြစ်မဲ့ ဖမ်းဆီးခံနေရ၊ ထောင်ဒဏ်ချက်မှတ်ခံရ၊ အဲဒီလိုမျိုး ဖြစ်ရပ်တွေကြောင့် ကြောက်စိတ်တွေပြည့်နေတယ်။ အခုက အကြမ်းဖက်အဖြစ် ကြေညာထားတော့ လုံခြုံရေးကို ပိုစိုးရိမ်နေရတယ်” ဟု ပြောသည်။ 

NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးနောက် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။  

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည့် ယခင် စစ်ရေးကာလအတွင်း ရခိုင်ပြည်အတွင်း အရပ်သား ၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲမှ ၃၀၀ ခန့်မှာ အကြမ်းဖက်မှုဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မတို့ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။  

“အရင်တုန်းက ချမှတ်ခဲ့တဲ့ မူဝါဒကို အသက်သွင်းလာတာပဲ။ အဲဒါကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေကို ရောက်နေကြတဲ့သူတွေအတွက် ပိုပြီးသတိထားနေဖို့ လိုအပ်တယ်။ သူတို့က ထင်ရင် ထင်သလိုလုပ်တာ” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။   

စစ်ကောင်စီက ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာလိုက်ခြင်းမှာ စစ်ရေးတံခါးဖွင့်လိုက်ခြင်းဖြစ်ပြီး ညီနောင်သုံးဖွဲ့နှင့်တော်လှန်ရေးအင်အားစုများ ပေါင်းစုကာ စစ်ရှိန်ပိုမြှင့်လာနိုင်ကြောင်း စစ်ရေးအကဲခက်တို့က သုံးသပ်ကြသည်။ 

ရခိုင်စစ်မျက်နှာတွင် အာရက္ခတပ်တော်က စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ကြေညာနိုင်အောင် ကြိုးပမ်းနေပြီး AA ၏ အရှိန်မြှင့်ထိုးစစ်ကြောင့် အရေးနိမ့်နေရသော စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုကျူးလွန်လျက်ရှိသည်။