- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင် ပုဂ္ဂလိကဘဏ်များ ပိတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထား
KBZ ဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ရတနာဘဏ် စသည့် ပုဂ္ဂလိကဘဏ်အားလုံးကို နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပိတ်လိုက်ပြီး မြို့တွင်းလုံခြုံရေး တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
18 Nov 2024
DMG ၊ နိုဝင်ဘာ ၁၈
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေမှုနှင့်အတူ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားပြီး ပုဂ္ဂလိကဘဏ်များကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
KBZ ဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ရတနာဘဏ် စသည့် ပုဂ္ဂလိကဘဏ်အားလုံးကို နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပိတ်လိုက်ပြီး မြို့တွင်းလုံခြုံရေး တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
ဘဏ်လုပ်ငန်း ရပ်သွားသောကြောင့် ဒေသတွင်းငွေကြေးစီးဆင်းမှု အားနည်းသွားပြီး စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတွင် ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
“စစ်တပ်က လုံခြုံရေးအတွက် အရင်ကထက် လုပ်လာတာရှိတယ်။ ဒါတွေကြောင့် ဘဏ်တွေပိတ်လိုက်တာ ဖြစ်တယ်လို့ သိရတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့ပြင်ရှိ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းခြံစည်းရိုးများတွင် ဝါးချွန်များဖြင့် ကာရံထားပြီး လက်ရှိတွင်လည်း ကျောက်ဖြူလေဆိပ်အနီး ခလရ (၃၄) တပ်ရင်းကိုပါ ဝါးချွန်စူးများဖြင့် ကာရံထားကြောင်း သိရသည်။
“အရင်က ကာရံထားတဲ့ အုတ်နံရံအရှေ့ပိုင်းက ၁၀ ပေကျော်အကွာမှာ ဝါးချွန်တွေနဲ့ ထပ်ဆင့်ကာရံထားပြီး လုံခြုံရေး အပြည်ယူထားတယ်” ဟု ကျောက်ဖြူမြို့ခံ နောက်တစ်ဦးက ပြောသည်။
၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ကျောက်ဖြူမြို့တွင် ရပ်ကွက်ပေါင်း ၁၇ ခု၊ အိမ်ခြေ ၅,၀၀၀ ကျော်နှင့် လူဦးရေ ၂၅,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသည့် ကျောက်ဖြူမြို့သည် ခရိုင်အဆင့်ရှိ မြို့ဖြစ်ပြီး မြစ်၊ ချောင်းများ ဝန်းရံထားသဖြင့် တိုက်ပွဲဖြစ်လာလျှင် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲရှိကြောင်း မြို့ခံများက ပြောသည်။
“တိုက်ပွဲတွေဖြစ်လာရင်တော့ စစ်ရှောင်ဖို့ လုံးဝမလွယ်တဲ့ ကိစ္စပါ။ အခုလိုမျိုး ပုံစံတွေကို မြင်ရတော့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တရုတ်အကျိုးစီးပွား အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ရှိသည့် ကျောက်ဖြူဒေသသည် စစ်ကောင်စီအတွက် စီးပွားရေးအရ အထူးအရေးပါသည့် ဒေသတစ်ခုဖြစ်သည်။