- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီး၍ နေရပ်ပြန်သည့် ကျောင်းသားများထံမှ စစ်ကောင်စီ ငွေညှစ်နေ
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီး၍ နေရပ်ပြန်သည့် ကျောင်းသားများထံမှ စစ်ကောင်စီက ငွေညှစ်မှုများရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
05 Mar 2025

DMG ၊ မတ် ၅
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီး၍ နေရပ်ပြန်သည့် ကျောင်းသားများထံမှ စစ်ကောင်စီက ငွေညှစ်မှုများရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
၁၁ တန်းတက်ရောက်နေကြသည့် ကျောင်းသား/သူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ အတန်းတင် စာမေးပွဲပြီးဆုံးခဲ့သဖြင့် နေရပ်သို့ပြန်သော ကျောင်းသားအချို့ကို စစ်ကောင်စီ၏ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်မှ ငွေကြေးတောင်းခံနေခြင်း ဖြစ်သည်။
"ကျောင်းသားတစ်ယောက်ကို အနည်းဆုံး ငွေ နှစ်သိန်းကနေ လေးသိန်းကြားအထိ ပေးရတယ်။ ကျမမှာတော့ ပိုက်ဆံသိပ်မပါလို့ သမီးအတွက် နှစ်သိန်းနဲ့ ကျမအတွက် နှစ်သိန်း၊ အားလုံးလေးသိန်း ပေးခဲ့ရတယ်။ တချို့ဆိုရင် ကျောင်းသားတစ်ယောက်စာအတွက်ကို လေးသိန်းပေးခဲ့ရတာလည်း ရှိတယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်နိုင်သည့် မြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာအချို့တွင်သာ ကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျေးလက်ဒေသအများစုမှာ ကျောင်းများ မဖွင့်လှစ်နိုင်သဖြင့် စာသင်ကြားခြင်းမရှိပေ။
ထို့ကြောင့် ကျေးလက်ဒေသက ကျောင်းသားမိဘအချို့မှာ သားသမီးပညာရေးအတွက် မြို့ပေါ်သို့ လာရောက်နေထိုင်ခဲ့ကြပြီး အချို့မှာလည်း သားသမီးများကို မြို့ပေါ်ရှိ ဆွေမျိုးနေအိမ်များတွင် အပ်နှံကာ ပညာသင်ကြားပေးကြသည်။
ယခုအခါ စာမေးပွဲပြီးဆုံးပြီ ဖြစ်၍ ကျေးလက်ဒေသက လာရောက်ပညာသင်ကြားကြသူများမှာ နေရပ်သို့ ပြန်လိုကြသော်လည်း ယခုကဲ့သို့ ငွေကြေးတောင်းခံမှုများရှိနေသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရသည်။
"ကျနော်တို့က စစ်ရေးမငြိမ်သက်မှုကြားမှာတောင် သူတို့ကို (စစ်ကောင်စီ) ယုံကြည်လို့ တောကနေ မြို့အထိ လာပြီးတော့ ကလေးတွေကို ကျောင်းအပ်နှံထားကြတာ ဖြစ်တယ်။ အခုတော့ ပိုက်ဆံမပေးနိုင်ရင် မြို့က ထွက်မရတာမျိုး ဖြစ်သွားပြီ" ဟု ဇင်ချောင်းတိုက်နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်နေသဖြင့် တိုက်ပွဲကြား ပိတ်မိသွားမည်ကိုစိုးရိမ်၍ ကျောင်းသားမိဘများမှာ ၎င်းတို့ သားသမီးများကို မြို့ပေါ်မှ ခေါ်ထုတ်ရန် ကြိုးပမ်းနေကြသည်။
တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူတွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ကြား တိုက်ပွဲများပြင်းထန်နေသည်မှာ နှစ်ပတ်ကျော်အထိရှိလာခဲ့ပြီ ဖြစ်သည်။