- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦးလုံး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
သဘာဝဘေးဒဏ်သင့် ရခိုင်ဒေသအတွက် အရန်ဆန်များ လိုအပ်နေ
မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသအတွက် အရေးပေါ်ထုတ်သုံးရန် အရန်ဆန်များလိုအပ်ကြောင်း ဆန်လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများက ပြောဆိုကြသည်။
07 Aug 2023
DMG ၊ ဩဂုတ် ၇
မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသအတွက် အရေးပေါ်ထုတ်သုံးရန် အရန်ဆန်များလိုအပ်ကြောင်း ဆန်လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများက ပြောဆိုကြသည်။
ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် အရန်ဆန်လိုအပ်ချက်ကို ရခိုင်ပြည်နယ် စစ်ကောင်စီထံ တင်ပြတောင်းဆိုထားသော်လည်း ချပေးခြင်းမရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။
“ရခိုင်ပြည်မှာ အရန်ဆန်မရှိဘူး။ အရန်ဆန်ဝယ်ဖို့အတွက် ကျနော်တို့က အစိုးရ(စစ်ကောင်စီ) တင်ပြပေးမယ့် ဝယ်ပေးတာမရှိဘူး။ သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ရင်ဆိုင်လာရရင် အရန်ဆန်ကမှ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးဖြေရှင်းနိုင်မယ်လို့ တင်ပြတာရှိတယ်။ ဒါပေမယ့် အရန်ဆန်ချပေးတာမရှိသေးဘူး” ဟု ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသော်တာအောင်က ပြောသည်။
အရန်ဆန်မရှိသောကြောင့် အခြေခံလူတန်းစားများမှာ သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲဒဏ်ကို ပိုမိုခံစားနေရပြီး အရန်ဆန်ထားရှိပါက ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ရခိုင်က စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက “သဘာဝဘေးအန္တရာယ်ကို အချိန်မရွေးကျရောက်နိုင်တဲ့ ဒေသတွေမှာ အရန်စားနပ်ရိက္ခာ၊ အရန်ဆန်တွေကို အစိုးရတစ်ရပ်အနေနဲ့ ကြိုတင်စီစဉ်ထားဖို့လိုတယ်။ ပြည်သူတွေမှာ အရန်ဆန်မရှိတဲ့အတွက် ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ အထူးသဖြင့် အခြေခံလူတန်စားတွေက သဘာဝဘေးအန္တရာယ်ရဲ့ ဒဏ်နဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ပိုပြီးတော့ ခံရတယ်။ ဒါကြောင့် အစိုးရတစ်ရပ်အနေနဲ့ အရန်ဆန်တွေကို မရှိ၊ မဖြစ်ထားသင့်တယ်” ဟု သူက ပြောသည်။
ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် အရန်ဆန် ရွှေဘို ပေါ်ဆန်မွှေး တစ်အိတ်ကို ကျပ် ၁၁၀,၀၀၀ နှင့် ကျပ် ၁၂၀,၀၀၀၊ ဧရာဝတီ ပေါ်ဆန်မွှေး တစ်အိတ်ကို ကျပ် ၉၄, ၀၀၀ နှင့် ကျပ် ၉၇,၀၀၀၊ ဧည့်မထ(ဆန်ကြမ်း) တစ်အိတ်ကို ကျပ် ၆၅,၀၀၀ နှင့် ကျပ် ၆၅,၀၀၀ တို့ဖြင့် ဩဂုတ် ၇ နေ့က စတင်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ရခိုင်ဒေသတွင် အရန်ဆန်များထားရှိရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသော်လည်း စိုက်ပျိုးစရိတ်မြင့်တက်ခြင်း၊ စိုက်ပျိုးမဖြစ်ထွန်းခြင်းကြောင့် လယ်ဧက ၈ သိန်းကျော်ခန့်သာ စိုက်ပျိုးနိုင်ပြီး ဆန်လုံလောက်မှုမရှိသည့်အတွက် ပြည်ပဆန်များကို နှစ်စဉ် တင်သွင်းနေရကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က “ မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းများကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
#R007