တိုက်ပွဲကာလအတွင်း မောင်တောခရိုင်တွင် စစ်ကောင်စီနှင့် အပေါင်းအပါတို့ ဒေသခံ ၃၃၀ ကျော် ဖမ်းဆီးခဲ့ 

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် အထက်တန်းကျောင်းသားများအပါအဝင် တက္ကသိုလ်ကျောင်းသားများ၊ စစ်ဘေးရှောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် သက်ကြီးပိုင်း ကျေးရွာတာဝန်ရှိသူများလည်း ပါဝင်သည်။
 

By Admin 21 Mar 2025

စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ မတ် ၂၁ 

ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယ သီတင်းပတ်အထိ မောင်တောခရိုင်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ ဒေသခံ ၃၃၃ ဦးမှာ စစ်ကောင်စီနှင့် အပေါင်းပါ ARSA၊ RSO မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံခဲ့ရ ကြောင်း DMG မှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။ 

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မှ ၁၉၄ ဦးနှင့် မောင်တောမှ ၁၃၉ ဦးတို့ဖြစ်ပြီး ယင်းအထဲတွင် ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ၊ သက်၊ မြိုစသည့်လူမျိုးများ ပါဝင်သည်။ 

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် အထက်တန်းကျောင်းသားများအပါအဝင် တက္ကသိုလ်ကျောင်းသားများ၊ စစ်ဘေးရှောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် သက်ကြီးပိုင်း ကျေးရွာတာဝန်ရှိသူများလည်း ပါဝင်သည်။
 
“မြို့သိမ်းတိုက်ပွဲကာလမှာတော့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့သူတွေ ပိုများတယ်။ အိမ်ကို လာဖမ်းတဲ့သူတွေ ရှိသလို၊ လမ်းသွားလမ်းလာလုပ်ရင်း အဖမ်းခံရတာ ရှိတယ်။ အနည်းစုက ပြန်လွတ်လာပေမယ့် အများစုကတော့ လုံးဝအဆက်သွယ်မရသေးဘူး ” ဟု ယင်းအခြေ အနေကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံရသူများထဲတွင် ထွက်ပြေး၍ လွတ်မြောက်လာခြင်း၊ ရက်အနည်းငယ်ကြာ ဖမ်းဆီးခံရ၍ ပြန်လွတ်လာခြင်း၊ ရိုက်နှက်ခံရပြီးနောက် လွတ်လာခြင်း၊ ငွေကြေးပေးဆောင်ပြီးမှ ပြန်လွတ်လာခြင်း စသည့် နည်းမျိုးစုံဖြင့် ပြန်လည်လွတ်လာသူ ၁၆၀ ဦး ရှိသည်။ 

သို့သော်လည်း ကျန်ဒေသခံ ၁၇၃ ဦးနှင့်ပတ်သက်၍ တစ်နှစ်ကျော် ကြာသည့်တိုင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲဖြစ်ပြီး ယင်းအထဲတွင် မွတ်ဆလင်နှင့် ရခိုင်အများဆုံး ပါဝင်သည်။ 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန် ၁၀ ရက်က မောင်တောမြို့နယ်၊ ဝိမလရပ်ကွက်မှ ရခိုင်ဒေသခံများဖြစ်သည့် ကိုဇီးကွက်ချေ (၂၀) နှစ်၊ ဦးကွမ်းသီး (၃၅) နှစ်၊ ကိုညီချေ (၂၅) နှစ်၊ ကိုနိုင်နိုင်ဇော် (၂၇) နှစ်၊ ဦးအဝင်းချေ (၄၂) နှစ်တို့ကို  နခခ (၅) မှ စစ်ကောင်စီ အင်အား ၅၀ ခန့်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ 

လက်ရှိတွင် နခခ (၅) အပါအဝင် မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA)မှ သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်သော်လည်း ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ ယနေ့အချိန်ထိ သတင်းအစအန မရသေးပေ။ 

“သူတို့ကို နေ့လယ် ၁ နာရီလောက်မှာ အကြောင်းမဲ့ အိမ်ကိုဝင်ရောက်ဖမ်းသွားခဲ့တယ်။ နောက်ပိုင်း ဘာသတင်းမှမကြားခဲ့ရဘူး။ နခခ (၅)ကို AA က သိမ်းပြီးတဲ့အခါမှာလည်း သူတို့နဲ့ ပတ်သက်ပြီး ဘာသတင်း မှ မကြားခဲ့ရပါဘူး ” ဟု ယင်းအခြေနေကို သိရှိသူ မောင်တောဒေသခံတစ်ဦးက ပြောသည်။ 

ယင်းအပြင် မောင်တောမြို့၊ ဈီးလမ်းရပ်ကွက်မှ ရခိုင်ဒေသခံ မောင်မောင်နိုင် (LGBT)၊ ကျော်သူအောင် (LGBT)တို့မှာလည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက စစ်ကောင်စီနှင့် မွတ်ဆလင် လက်နက်ကိုင်များထံ ဖမ်းဆီးခံရပြီးနောက် တစ်ရက်အကြာတွင် ရိုက်နှက်ဒဏ်ရာများဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။  

အလားတူ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်မှ ကိုမာမတ်ရှော်မိန် (၂၈)နှစ်၊ မာမတ်ရော်ဖိက် (၂၅) နှစ်၊ အီမန်ဟူဆောင်း (၂၅)နှစ်၊ ဆွေယောဒ်နူရ် (၂၀)နှစ်အပါအဝင် မွတ်ဆလင် ၁၀၀ ဦးထက် မနည်းကို စစ်ကောင်စီနှင့် ARSA ပူးပေါင်းအဖွဲ့တို့က စစ်သင်တန်းပေးရန် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ထွက်ပြေးလွတ်မြောက်လာကြတာလည်း ရှိတယ်။ ပြီးတော့ AA ဆီမှာ အလင်းဝင်လာကြတာလည်း ရှိသလို နည်းမျိုးစုံနဲ့ အခုချိန်ထိ ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်” ဟု ဘူးသီးတောင်မြို့၊ မြေပြင်အခြေနေကို သိရှိသူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များထံ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ အာရက္ခတပ်တော် (ULA/AA) မှ စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ 

ULA/AA နှင့် နီးစပ်သူတစ်ဦးက “အမှုတွေနဲ့ ပတ်သက်လို့ ဆက်ပြီး စုံစမ်းနေတာ ရှိပါတယ်။ တချို့ကတော့ ရှာမတွေ့တော့တာကြောင့် သေဆုံးသွားပြီလို့ သတ်မှတ်လိုက်ကြတာလည်း ရှိပါတယ် ” ဟု ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း နည်းမျိုးစုံဖြင့် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျုးလွန်ခဲ့သည့် စစ်ကောင်စီနှင့် အပေါင်းပါ မွတ်ဆလင်လက်နက်ကိုင်များကို ထိရောက်သည့် ပြစ်ဒဏ်ပေးရန် ဒေသခံများက တောင်းဆိုသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် မြို့နယ် ၃ ခုထဲမှ စစ်တွေနှင့် ကျောက်ဖြူတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး မာန်အောင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။