ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်

ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားသည့်အတွက် ရခိုင်အခြေစိုက် NGO၊ Local NGO၊ CBO၊ CSO စသည့် လူသားချင်းစာနာမှုအကူညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများမှာ လုပ်ငန်းလည်ပတ်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနေသည်ဟု အဖွဲ့အစည်းတာဝန်ရှိသူများက ပြောဆိုသည်။

By Admin 06 Feb 2025

ပုံစာ - သံတွဲမြို့နယ်က စစ်ဘေးရှောင်များ။ ဓာတ်ပုံ - ငပလီကမ်းခြေ စုပေါင်းပဟိတအဖွဲ့
ပုံစာ - သံတွဲမြို့နယ်က စစ်ဘေးရှောင်များ။ ဓာတ်ပုံ - ငပလီကမ်းခြေ စုပေါင်းပဟိတအဖွဲ့

DMG ၊ ဖေဖော်ဝါရီ ၆

တိုက်ပွဲဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ရခိုင်ဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ ၁ နှစ်ကျော်အထိ ကြာမြင့်လာပြီ ဖြစ်သည်။

ထိုသို့ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ရခိုင်အခြေစိုက် NGO၊ Local NGO၊ CBO၊ CSO စသည့် လူသားချင်းစာနာမှုအကူညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများမှာ လုပ်ငန်းလည်ပတ်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနေသည်ဟု အဖွဲ့အစည်းတာဝန်ရှိသူများက ပြောဆိုသည်။

ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက " အလုပ်လုပ်ရတာက လုံးဝ အဆင်မပြေဘူး။ ဥပမာ ကျနော်တို့ လစဉ် report (အစီရင်ခံစာ) အပါအဝင် တခြားလုပ်ငန်းဆိုင်ရာ report တွေ ပေးရမယ့် အချိန်ဆိုရင်လည်း အင်တာနက်လိုင်းမရလို့ အချိန်မီ မပို့နိုင်ဘူး။ လစဉ် အစည်းဝေးတွေ မတက်နိုင်ဘူး။ လုပ်ငန်းကိစ္စကိုလည်း အများကြီး မဆွေးနွေးနိုင်တဲ့အတွက် ဆုံးရှုံးမှုများစွာ ရှိတယ် " ဟု ပြောသည်။

အင်တာနက်လိုင်းပြတ်တောက်နေသည့်အတွက် ပြည်မဖက်တွင်ရှိနေသည့် Project တာဝန်ခံများ၊ အခြားအလုပ်နှင့် သက်ဆိုင်သူများနှင့် ချိတ်ဆက်ရသည့်အခါ အခက်အခဲများစွာရှိသည့်အပြင် လုပ်ငန်းလည်ပတ်ရန် ခက်ခဲသွားသည်ဟုလည်း ဆိုသည်။

နောက်ထပ် ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးကလည်း အင်တာနက်လိုင်း အဆင်မပြေမှုကြောင့် ပြီးခဲ့သည့်နှစ်က လုပ်ငန်းဆုံးရှုံးမှု ဖြစ်ခဲ့ဖူးသည်ဟု ပြောသည်။

" proposal ( အဆိုပြုလွှာ ) လျှောက်ပြီး ပဏမ ရွေးချယ်မှုလုပ်မယ့်အချိန် ကျနော်တို့ဖက်က email မကြည့်နိုင်ခဲ့ဘူး။ အင်တာနက်သုံးဖို့အတွက် အကူညီတွေ မရခဲ့တာကြောင့်လည်း ပါတယ်။ email ကို ပြန်ကြည့်လိုက်တော့ ကျနော်တို့ ပဏမ ရွေးချယ်တာခံခဲ့ရတယ်။ ဒါပေမယ့် donar (အလှူရှင်) ဖက်ကတော့ contact (ဆက်သွယ်ရေး) အဆင်မပြေခဲ့ဘူးဆိုပြီး cancle ( ပယ်ဖျက် ) လုပ်သွားတာခံခဲ့ဖူးတယ် " ဟု ပြောသည်။

လက်ရှိ ရခိုင်အခြေစိုက် အဖွဲ့အစည်းများမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒယနယ်စပ်၊ မကွေးနယ်စပ်နှင့် အခြား အင်တာနက်ရရှိသည့် နေရာများသို့ ခက်ခဲစွာသွားရောက်ပြီး အလုပ်လုပ်နေကြရသည်။

ရန်ကုန်အခြေစိုက် အဖွဲ့အစည်းတစ်ခု၏ ငွေကြေးစီမံကိန်းမံခန့်ခွဲရေးမှူး (Finance) တာဝန်ခံ အမျိုးသမီးတစ်ဦးကလည်း ရခိုင်ဒေသက အဖွဲ့အစည်းများထံ ငွေလွှဲ၊ ငွေပြောင်းနှင့် အခြားလုပ်ငန်း လိုအပ်ချက်များကို တောင်းခံရသည့်အခါ များစွာခက်ခဲကြောင်း ပြောသည်။

အင်တာနက်ပြတ်တောက်မှု နောက်ဆက်တွဲအဖြစ် ရခိုင်က အရပ်ဖက်အဖွဲ့အစည်း ၂၀ ထက်မနည်းမှာ လုပ်ငန်းလည်ပတ်ရန် ခက်ခဲမှုများစွာရှိပြီး အချို့အဖွဲ့အစည်းများမှာ လုပ်ငန်းလုံးဝရပ်တန့်သွားရမည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးအဖွဲ့ကလည်း လက်ရှိ ရခိုင်ပြည်တွင်း အင်တာနက်အခက်အခဲကြောင့် လုပ်ငန်းရပ်တန့်ရတော့မည်ဟု ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်သည်။

" အင်တာနက်အခက်အခဲကြောင့် အလှူငွေ လက်ခံရရှိမှု နည်းပါးလာပြီး စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းရမယ့် အခြေနေကို ရောက်နေပါပြီ။ ဒါကြောင့် အသင်းဆက်လက်ရပ် တည်ဖို့နဲ့ ကူညီပေးနိုင်ဖို့ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ အကူညီတောင်းခံပါတယ် " ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ထုတ်ပြန်ချက်က ဆိုထားသည်။

ယင်းအခက်အခဲ နောက်ဆက်တွဲအဖြစ် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများနှင့်အတူ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့်ကဏ္ဍ အများအပြား၌ ထိခိုက်မှုရှိနေကြသည်။

စစ်ဘေးရှောင် အမျိုးသမီး ဒေါ်သန်းတင်က " ကူညီပေးတဲ့အဖွဲ့အစည်းတွေ ခက်ခဲရင် ကျမတို့ ခက်ခဲတာနဲ့ တူပါတယ်။ သူတို့ပေးတဲ့ အကူညီနဲ့ ကျမတို့ စားသောက်နေရတာလေ။ အဲဒါကြောင့် စစ်ဘေးရှောင်တွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ် " ဟု ပြောသည်။

လက်ရှိ ရခိုင်ဒေသမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေခြင်းဖြစ်သည်။