- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
တိုက်ပွဲကြောင့် ချောင်းသာရောက် ရခိုင်စစ်ရှောင်ပါ ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်
တိုက်ပွဲဖြစ်ပွားမှုကြောင့် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံတို့မှ ဒေသခံများမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်မှစကာ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင်သူဦးရေ ၂၀,၀၀၀ ကျော်အထိရှိလာကြောင်း ဒေသခံများက ပြောသည်။
22 Jan 2025

DMG ၊ ဇန်နဝါရီ ၂၂
ရခိုင် - ဧရာဝတီအစပ်တွင် တိုက်ပွဲပြင်းထန်လာမှုကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာဒေသတွင် စစ်ဘေးရှောင်နေသည့် ရခိုင်အပါအဝင် ဒေသခံသောင်းနှင့်ချီမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံတို့မှ ဒေသခံများမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်မှစကာ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင်သူဦးရေ ၂၀,၀၀၀ ကျော်အထိရှိလာကြောင်း ဒေသခံများက ပြောသည်။
“ချောင်းသာမြို့က လူဦးရေ သုံးပုံနှစ်ပုံလောက် စစ်ဘေးရှောင်သွားပြီ။ ကျန်တဲ့ လူတွေကတော့ ပစ္စည်းတွေ ရွှေ့ထားပြီး အခြေအနေစောင့်ကြည့်နေကြတုန်းပဲ” ဟု ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ချောင်းသာမြို့တွင် လူဦးရေ ၃၀,၀၀၀ ကျော်ရှိသည့်အနက် အများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားကြ ခြင်းဖြစ်ပြီး ယင်းအထဲတွင် ထပ်မံ၍ စစ်ဘေးတိမ်းရှောင်နေရသည့် ဂွ၊ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့မှ ရခိုင်ဒေသခံထောင်နှင့်ချီ ပါဝင်သည်။
လက်ရှိတွင် ချောင်းသာ၊ ရွှေသောင်ယံတို့တွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံများမှာ ထပ်မံ၍ ထွက်ပြေးတိမ်းရှောင်နေရမှုကြောင့် စားဝတ်နေရေးခက်ခဲမှုနှင့် ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြသည်။
“ဒေသခံတွေလည်း အကုန်နီးပါးရှောင်ကြတော့ ကိုယ်တွေလည်း မနေရဲတော့ ထပ်ရှောင်ရမယ်။ စားဝတ်နေရေးကတော့ ပထမရှောင်လာတာထက် ပိုကျပ်တည်းမှာ” ဟု ရွှေသောင်ယံရောက် ရခိုင်စစ်ဘေးရှောင် တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်း တပ်များကသိမ်းပိုက်ပြီးနောက် အဆိုပါရွာရှိ စစ်ကောင်စီတပ်သည် ရွှေသောင်ယံမြို့သို့ တပ်ဆုတ်သွားခဲ့သည်။
ယင်းနောက် ရွှေသောင်ယံကမ်းခြေတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဘောမိကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေအစပ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်နေသည်။
“တိုက်ပွဲက ရွှေသောင်ယံအစပ်မှာ ဒီနေ့ထိ ဖြစ်နေတုန်းပဲ။ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူပေးနေတယ်။ တပင်မှော်အမြောက်တပ်ကလည်း လက်နက်ကြီးပစ်နေတယ်။ ရွှေသောင်ယံရဲစခန်းကလည်း လက်နက်ငယ်သံတွေ ကြားရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် ဂွမြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်တကြောမှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ကာ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧရာဝတီအထိ ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။
ရခိုင်ရိုးမနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ရခိုင် - ပဲခူး၊ ရခိုင် - မကွေး၊ ရခိုင် - ဧရာဝတီ နယ်စပ်ဒေသတို့တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း AA က ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။