သံတွဲမြို့ လေကြောင်းဗုံးကြဲခံရ၍ ကလေးငယ်တစ်ဦး ဒဏ်ရာရ

ရခိုင်တွင် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု တိုးလာနေသလို ကလေးငယ်များမှာ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဆိုးရွားစွာခံစားနေကြရသည်။

By Admin 25 Oct 2024

အောက်တိုဘာ ၂၅ ရက်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့တွင် ပျက်စီးသွားသည့် နေအိမ်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - APM
အောက်တိုဘာ ၂၅ ရက်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့တွင် ပျက်စီးသွားသည့် နေအိမ်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - APM

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ (အောက်တိုဘာ ၂၅ ရက်)၊ နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သံတွဲမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးနှင့် ယခင်က စစ်ကောင်စီ တပ်သားသစ်စုဆောင်းရေး လုပ်ခဲ့သည့် ရုံးကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သံတွဲဒေသခံတစ်ဦးက ဆိုသည်။

" မနက် လေးနာရီလောက်က လာပစ်တယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ် ခုနစ်မိလောက်ပဲ ကွာတယ်။ ကလေးတစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာတော့ မစိုးရိမ်ရဘူး" ဟု သူက ဆိုသည်။

ဒဏ်ရာရရှိသွားသူမှာ အမှတ်(၈) ရပ်ကွက်မှ မောင်ဖိုးချော (၁၄) နှစ်ဖြစ်ပြီး ၎င်း၏ ညာဘက်ခြေထောက် ဒူးဆစ်နားတွင် အသေးစား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဗုံးကြဲခံရ၍ ကြံ့ခိုင်ရေးရုံးအပါအဝင် နေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။

ရခိုင်တွင် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု တိုးလာနေသလို ကလေးငယ်များမှာ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဆိုးရွားစွာခံစားနေကြရသည်။

လက်ရှိတွင် သံတွဲမြို့ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီသည် လေကြောင်းဖြင့် လာရောက်ဗုံးကြဲနေ၍ အရပ်သားထိခိုက်သေဆုံးမှုများမှာလည်း မြင့်တက်လာနေသည်။

သံတွဲဒေသခံတစ်ဦးက " လေယာဉ်နဲ့ လာချပြီးရင် စစ်ကောင်စီကဖက်ကတော့ ရန်သူ (AA) ရှိကြောင်း သတင်းရလို့ လုပ်တယ်ပဲ ပြောမှာပဲ။ စစ်ကောင်စီက အရပ်သား၊ စစ်သား သူတို့ခေါင်းထဲ ထည့်နေမှာ မဟုတ်ဘူး။ ဒီတော့ ပြည်သူတွေကလည်း အတတ်နိုင်ဆုံး ဂရုစိုက်ပြီး နေကြဖို့လိုတယ်" ဟု ဆိုသည်။

အောက်တိုဘာ ၁ ရက်က သံတွဲမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း သံတွဲမြို့ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၁၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ဒေသတွင် စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်များကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှု နေ့စဉ်နှင့်အမျှ တိုးလာနေသည်။