ဂွမြို့နယ်တွင် စစ်ရှောင်များခိုလှုံရာသို့ လက်နက်ကြီးကျ၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ 

ကုလားပြင်(ရတနာမြိုင်) ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်ခဲ့ရာ ဆန္ဒားရွာစာသင်ကျောင်းရှိ စစ်ဘေးရှောင်များ သေဆုံးဒဏ်ရာခဲ့ရသည်။

By Admin 17 Sep 2024

ဂွမြို့နယ်တွင် စစ်ရှောင်များခိုလှုံရာသို့ လက်နက်ကြီးကျ၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ 

DMG ၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီဒေသတွင် စစ်ဘေးရှောင်များခိုလှုံနေရာ စာသင်ကျောင်းသို့ စစ်ကောင်စီ လက်နက်ကြီး ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကုလားပြင်(ရတနာမြိုင်) ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်ခဲ့ရာ ဆန္ဒားရွာစာသင်ကျောင်းရှိ စစ်ဘေးရှောင်များ သေဆုံးဒဏ်ရာခဲ့ရခြင်း ဖြစ်သည်။
 
“တိုက်ပွဲဖြစ်တာလည်း မရှိဘဲ ပစ်လိုက်တာ။ သေတာက အဒေါ်ကြီးတစ်‌ယောက်ပါ။ နောက် ဒဏ်ရာရတာက  မိန်းမနှစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ပါ” ဟု ပြောသည်။
ဆန္ဒားရွာသည် ကျောက်ပါးစပ်နှင့် ဆားချက် ကျေးရွာကြားတွင် တည်ရှိသည်။ 

ဩဂုတ်လ ၁၆ ရက်ကလည်း စစ်ကောင်စီလက်နက်ကြီးများ ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား ၁၁ ဦး သေဆုံးပြီး၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

“စစ်တပ်ကတော့ အရပ်သားကိုလည်း ရန်သူမှတ်ပြီး သတ်နေပြီ။ AA ရှိတဲ့ နေရာကိုပဲပစ်တာပြောပြီး အရပ်သားတွေကို သတ်နေတာ မနည်းတော့ဘူး” ဟု ကျိန္တလီ ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဂွမြို့နယ်၊ ကိုင်ခုံရွာနှင့် ဂန့်ဂေါ်တောင်ဆည်အနီးတွင် တိုက်ပွဲပြင်း ထန်စွာဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လေကြောင်း၊ ရေကြောင်းပစ်ခတ်မှုများရှိခဲ့သည်။

ဂွမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့မှ၍ တိုက်ပွဲဖြစ်ပွားနေပြီး ကျိန္တလီမြို့ကို ဩဂုတ်လ ၁၃ ရက်တွင် AA က ထိန်းချုပ်နိုင်ခဲ့သည်။