စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဂွတွင် အရပ်သား ထိခိုက်သေဆုံးမှု တိုးလာ 

ဂွမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ကလေးသူငယ်အပါအဝင် ၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

By Admin 19 Sep 2024

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဂွတွင် အရပ်သား ထိခိုက်သေဆုံးမှု တိုးလာ 

DMG ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူဦးရေ တိုးလာနေသည်။ 

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုတို့ကြောင့် ယခုလအတွင်း အရပ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးထိရှိနေကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။ 

ဂွမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ကလေးသူငယ်အပါအဝင် ၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

သေဆုံးသူမှာ အသက် (၈၂) နှစ်အရွယ် ဒေါ်သန်းကြွယ်နှင့် အသက် (၃၂) နှစ်အရွယ် ကိုအောင်ဆန်းဦး ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ  ဒေါ်အေးပုံ(၉၂) နှစ်၊ ဒေါ်ရွှေနှင်းဆီ (၆၅) နှစ်၊ ဦးတင်လှမောင် (၅၉) နှစ်၊ မောင်ဖြိုးမင်းအောင် (၁၇) နှစ်နှင့် မစုမွန်ကျော် (၁၅) နှစ်၊ မဆောင်းသဇင်ဦး (၁၃) နှစ်၊ မောင်မင်းခန့်ဇော်(၁၃) နှစ်တို့ဖြစ်သည်။

“စကစ(စစ်ကောင်စီ)က မျက်နှာချင်းဆိုင် တိုက်နေရတဲ့လူတွေကို မနိုင်တော့ ပြည်သူကို ပစ်မှတ်ထားပြီး သတ်ဖြတ်တာတွေကို လုပ်လာတာပါ” ဟု ဂွဒေသခံ လူငယ်တစ်ဦးက ပြောသည်။ 

စက်တင်ဘာ ၁၅ ရက်ကလည်း ဂွမြို့နယ်၊ ဆန္ဒားကျေးရွာရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် စာသင်ကျောင်းကို စစ်ကောင်စီလက်နက်ကြီးကျ၍ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ 

ယင်းအပြင် စက်တင်ဘာ ၃ ရက် လေကြောင်းဗုံးကြဲမှုကြောင့် ဂွမြို့နယ်၊ ဒိုးတန်းကြီးကျေးရွာမှ အသက် (၈၅)နှစ်အရွယ် ဦးမောင်ထွေး သေဆုံးခဲ့ရသည်။

တိုက်ပွဲဧရိယာ မဟုတ်သော အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထားတိုက်ခိုက်မှု လုပ်ဆောင်နေသဖြင့် လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် ပတ်သက်၍ ဂွဒေသခံများက စိုးရိမ်နေကြသည်။ 

“ရှောင်လို့ရတဲ့ လူတွေကတော့ ပြည်မဖက်ရောက်သွားရင် လေယာဉ်ဘာညာ ကြောက်စရာမလိုတော့ဘူး။ ဂွမှာ ကျန်ခဲ့တဲ့ လူတွေကျတော့ တိုက်ပွဲရှိတာ မရှိတာထက် လက်နက်ကြီးလာကျမှာကို ကြောက်ရတယ်။ ချတဲ့လူ (လေကြောင်း) ကလည်း ဦးတည်ချက်မရှိတော့ လေယာဉ်လာရင်လည်း ပေါ့ဆနေလို့မရဘူး” ဟု ဂွဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဂွမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး AA က ကျိန္တလီမြို့ကို ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ထိန်းချုပ်ထားသည်။

စစ်ကောင်စီက လမ်းခရီးဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ထား၍ ဂွမြို့နယ်အတွင်း ကုန်စည်ပြတ်လပ်ကာ ဒေသခံများမှာ စားဝတ်နေရေး၊ ဆေးဝါးပြတ်လပ်မှု အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။