ပဟေဠိဆန်နေသော နတ်မြစ်ကမ်းပေါ်က တိုက်ခိုက်ခံရမှု

သတင်းရင်းမြစ်များနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များသည် တစ်ခါတစ်ရံ ဆန့်ကျင်ဘက်များအဖြစ် ရှိနေကြသည်။ အဖြစ်အပျက်များနဲ့ပတ်သက်၍ ဖြစ်တဲ့ အချိန်ရော၊ နေရာပါ အမြဲလိုလို ရှင်းရှင်းလင်းလင်း သတ်မှတ်လို့ မရသလို၊ ထုတ်ပြန်ချက်များစွာကလည်း တိတိကျကျမဟုတ်ဘဲ ခြုံငုံ၍ ကောက်ချက်ချနေကြသည်ကို တွေ့ရသည်။ 

By Admin 15 Sep 2024

ပဟေဠိဆန်နေသော နတ်မြစ်ကမ်းပေါ်က တိုက်ခိုက်ခံရမှု

ကြည်စံခင် - ဘာသာပြန်သည်။ 

အာရက္ခတပ်တော်(AA)သည် စစ်အာဏာရှင်တပ်များနှင့် မွတ်ဆလင် တိုက်ခိုက်ရေးသမားများကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် ရခိုင်ပြည်နယ်တွင်းမှ အရပ်သားပြည်သူအများအပြားသည် တိုက်ပွဲအတွင်း ပိတ်မိနေကြရသည်။

ရခိုင်ပြည်နယ်၏ အနောက်ဖက်အကျဆုံး မြို့တစ်မြို့ဖြစ်သော မောင်တောမြို့တွင် သြဂုတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ အမျိုးသမီးများနှင့် ကလေးများအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြရသည်ဟု သတင်းများက ဖော်ပြကြသည်။

သေဆုံးသူအရေအတွက်ကို တိတိကျကျ အတည်မပြုနိုင်သေးသော်လည်း မျက်မြင်သက်သေများ၏ အဆိုအရ သေဆုံးသွားသူ အရေအတွက်မှာ ၅၀ နှင့် ၂၀၀ ကြားတွင် ရှိနိုင်သည်ဟု ဆိုကြသည်။

အဆိုပါဖြစ်ရပ်သည် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်၏ တစစကျယ်ပြန့်လာနေသော ထိုးစစ်ဆင်တိုက်ပွဲများ၏ အစိတ်ပိုင်းတစ်ရပ်ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ရခိုင်အများစုနဲ့ ဖွဲ့စည်းထားသော အာရက္ခတပ်တော် (AA) က သြဂုတ်လ ၄ ရက်နေ့မှာ မောင်တောမြို့ကို တိုက်ခိုက်ခဲ့သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စပ်တပ်က ဦးဆောင်အာဏာသိမ်းပြီးကတည်းကပင် AA သည် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) ဟုလူသိများသော စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်လျှက်ရှိနေသည်။

စစ်အာဏာသိမ်းလိုက်မှုကြောင့် အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် လူမျိုးရေးတင်းမာမှု ပိုပြီးဆိုးရွားလာခဲ့ရသလို ပြည်တွင်းစစ်များပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ရသည်။

မောင်တောတွင် AA သည် စစ်ကောင်စီတပ်များ၊ မွတ်ဆလင်ပျူစောထီးများ၊ အထူးသဖြင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊  အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) တို့ကို အတိုင်းအတာတစ်ခုထိ ရင်ဆိုင်တိုက်ခိုက်နေရသည်။

၂၀၁၇ ခုနှစ်တွင် မွတ်ဆလင် ၇၄၀,၀၀၀ ခန့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြမ်းဖက် မောင်းထုတ်ခဲ့မှုတွင် တာဝန်ရှိနေသော စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေသော မွတ်ဆလင်ပျူစောထီးများတွင်လည်း ကိုယ်ပိုင်အကြံအစည်များ ရှိနေကြသည်။

တိုက်ပွဲဇုန်မှ လွတ်မြောက်မှု

ဩဂုတ်လ ၄ ရက်နေ့ မတိုင်ခင်ရက်တွေကပင် AA သည် မွတ်ဆလင်အသိုင်းအဝိုင်းမှ ပြည်သူများကို အလေးထားပြီး ဒေသနေအရပ်သားအားလုံး နေရပ်ကနေ ထွက်ခွာပေးကြဖို့ တောင်းဆိုထားခဲ့သည်။

သို့သော်လည်း စစ်ကောင်စီတပ်နှင့် မွတ်ဆလင်ပျူစောထီး အုပ်စုများသည် အရပ်သားများကို နေအိမ်အတွင်းမှ မထွက်ခွာကြဖို့ တားဆီးထားကြသည်။ အရပ်သားအများစုမှာ ၎င်းတို့ပိုင်ဆိုင်မှုများကို ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် နေအိမ်များမှ မထွက်ရေးလမ်းကို ရွေးချယ်ခဲ့ကြသည်။

အာရက္ခတပ်တော်၏ ထိုးစစ်ပြင်းထန်လာသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းအတွင်း ကြံ့ကြံ့ခံ ခုခံနေခဲ့ကြသော်လည်း စစ်ကောင်စီဖက်မှ ပူးပေါင်းတိုက်ခိုက်နေကြသော ရိုဟင်ဂျာများနှင့် အရပ်သားများ ထွက်ပြေးခဲ့ကြသည်။

ထွက်ပြေးလာသော အရပ်သားများထဲတွင် စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်သူများ တချို့ပါဝင်ကြောင်း လူ့အခွင့်အရေးအဖွဲ့ (Fortify Rights) ၏ အစီရင်ခံစာနှင့် The Arakan Project မှ တာဝန်ခံ ခရစ်စ် လီဝါက လူတွေ့ဆုံမေးမြန်ပြီး အတည်ပြုထားသည်။

တိုက်ပွဲများကြား၌ ဖရိုဖရဲနဲ့ ထွက်ပြေးကြရာတွင် လွတ်မြောက်ဖို့ရာ တစ်ခုတည်းသော လမ်းကြောင်းရှိရာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကို ခြားထားသည့် နတ်မြစ်အနောက်ဘက်သို့ ဦးတည် ထွက်ပြေးကြသည်ဟု ဆိုသည်။ သြဂုတ်လ ၅ ရက်နှင့် ၆ ရက်များတွင် အဆိုပါ ဝရုန်းသုန်းကားနဲ့ အထိတ်တလန့် ထွက်ပြေးကြရာ၌ လူအသေအပျောက်များသော ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ရသည်။

မရေရာသော အသေးစိတ်အချက်အလက်များ

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်လို့ DW သတင်းဌာနသည် မွတ်ဆလင်လူမျိုး ဇင်နူးလ် မူစတာဖာ၊ မိုဟာမက် ဟူစိန်၊ အူမာဖာရုပ်ခ်၊ သမိုင်းပညာရှင် ဂျခ်စ်လန်ဒါ၊ အင်ဂျီအို ခေါင်းဆောင် ခရစ်စ်လီဝါ၊ AA ပြောခွင့်ရ ခိုင်သုခ တို့ အပါအဝင် လူတော်တော်များများနဲ့ အင်တာဗျူးခွင့်ရခဲ့သည်။

AA ၏ နိုင်ငံရေးအဖွဲ့အစည်း ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးပညာရှင်အဖွဲ့ (ICG) နှင့် Fortify Rights အဖွဲ့တို့၏ ထုတ်ပြန်ချက် အစီရင်ခံစာများအား ပြန်လည်သုံးသပ်မှုတွေကိုပါ လုပ်ဆောင်ခဲ့ကြသည်။

သတင်းရင်းမြစ်များနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များသည် တစ်ခါတစ်ရံ ဆန့်ကျင်ဘက်များအဖြစ် ရှိနေကြသည်။ အဖြစ်အပျက်များနဲ့ပတ်သက်၍ ဖြစ်တဲ့ အချိန်ရော၊ နေရာပါ အမြဲလိုလို ရှင်းရှင်းလင်းလင်း သတ်မှတ်လို့ မရသလို၊ ထုတ်ပြန်ချက်များစွာကလည်း တိတိကျကျမဟုတ်ဘဲ ခြုံငုံ၍ ကောက်ချက်ချနေကြသည်ကို တွေ့ရသည်။ 

ဥပမာအားဖြင့် AA ဖက်ကရော၊ မွတ်ဆလင်များဖက်ကပါ တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်နေကြသော်လည်း ခိုင်မာတိကျသော တည်နေရာနှင့်အချိန် အသေးစိတ်အချက်လက်များကို မတွေ့ရပေ။ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ပုံများနှင့် ဗီဒီယိုများသည် အဆိုပါ စွပ်စွဲပြောဆိုမှများအတွက် မပြောပလောက်သော အချက်အလက်တွေလောက်သာ ပေးစွမ်းနိုင်သည်။

သြဂုတ်လ ၅ ရက်နေ့ တိုက်ခိုက်မှုဖြစ်စဥ်

၂၀၂၄ သြဂုတ်လ ၅ ရက်နေ့မှာ မွတ်ဆလင် တက်ကြွလှုပ်ရှားသူ ဝေဝေနုက ယခင်က Twitter လို့ လူသိများသည့် X လူမှုကွန်ယက်ပေါ်တွင် အဆိုပါ မောင်တောဖြစ်စဥ်မှာ လူ ၅၀ ကျော်သေဆုံးခဲ့ရသည်ဟု သတင်းတစ်ခုကို ဖြန့်ဝေခဲ့ပြီး ဗီဒီယို အတိုကလေးတစ်ခုကိုလည်း တင်ထားသည်ကို တွေ့ရှိရသည်။

DW က အဆိုပါဗီဒီယိုအား ဆန်းစစ်လေ့လာနေပြီး နောက်ထပ်မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ယူထားသည့် ဗီဒီယိုနှစ်ခုကိုပါ ရရှိတာကြောင့် ထိုဗီဒီယို အစစ်အမှန်ဖြစ်ကြောင်းကိုတော့ အတည်ပြုခဲ့သည်။

ဗီဒီယိုထဲတွင် မောင်တောမြို့ အနောက်ဖက်ကမ်း နတ်မြစ်လမ်းဆုံ တစ်နေရာတွင် အလောင်း ၂၂ လောင်းခန့်နှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသူ အနည်းဆုံး လေးယောက်လောက် ရှိနေသည်ကို တွေ့ရသည်။

ဂျာမနီနိုင်ငံ Cologne တက္ကသိုလ်မှ မှုခင်းဆေးပညာဆိုင်ရာ မှုခင်းရေးရာ ကျွမ်းကျင်သူ Markus Rothschild က ရုပ်သံအရည်အသွေးသည် အသေးစိတ်ခွဲခြမ်းစိတ်ဖြာရန် မလုံလောက်ကြောင်း ပြောကြားသည်။

သို့သော်လည်း အလောင်းများသည် ပုတ်ပွမနေသေးကြောင်း၊ AA က သြဂုတ်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင် စတင်တိုက်ခိုက်မှုအပြီး များမကြာခင် သြဂုတ်လ ၅ ရက်မှာ သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ဖွယ်ရှိနေသည်မှာ ထင်ရှားနေသည်ဟု သူကဆိုသည်။

သေဆုံးရသည့်အကြောင်းရင်းမှာ ပြင်းအားများသည့်လက်နက် မဟုတ်ရင် ဗုံးဆံ၊ အမြောက်ဆံအစအနများ ဖြစ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်များကြောင့် ဖြစ်ပုံရသည်။ 

သို့သော်လည်း ဗီဒီယိုများတွင် တိုက်ခိုက်မှုကို မည်သူကလုပ်ဆောင်ခဲ့သည် သို့မဟုတ် မည်သည့်လက်နက်များကို အသုံးပြုခဲ့သည်ကိုကား ညွှန်ပြနေတာမျိုးကို မတွေ့ရပေ။

အနိမ့်ပိုင်းတွင် ပျံသန်းသောဒရုန်းများ မဟုတ်ရင် သေနတ်တို့ကို အသုံးပြုခဲ့တာ ဖြစ်နိုင်သည်ဟု Rothschild က မှတ်ချက်ပြုသည်။ တချိန်တည်းမှာ ပေါက်ကွဲတွင်းဝများ မရှိတာကြောင့် အမြောက် ဒါမှမဟုတ် မော်တာကျည်ဆံနဲ့ ဆက်စပ်တာမျိုးလည်း မဖြစ်နိုင်ဘူးဟု သူက မှတ်ချက်ပြုသည်။

မသေချာမှုများနှင့် ပတ်သက်ဆက်နွယ်မှု

ဤကဲ့သော မသေချာမရေရာမှုသည် နတ်မြစ်လမ်းဆုံ တစ်နေရာတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည်သာမက သြဂုတ်လအစပိုင်း၌ မောင်တောမြို့မှ အဖြစ်အပျက်အားလုံးကို ခြုံငုံပြီး အကျိုးသက်ရောက်စေသည်။ ဒါကြောင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များကိုသာ အခြေပြုထားသော ယူဆချက်များအား လွတ်လပ်စွာ အတည်ပြုလို့ မရနိုင်ပေ။

ထိုကဲ့သော ဖရိုဖရဲအခြေအနေမျိုးတွင် မိမိတပ်အချင်းချင်း မတော်တဆမှားပြီး ပစ်ခတ်တာမျိုး၊ ဒါမှမဟုတ် တဖက်သားကို ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက်လုပ်ကြံတာမျိုးလည်း မဖြစ်နိုင်လို့ ပြောလို့မရပေ။ သို့သော်လည်း နှစ်ဖက်စလုံးသည် အရပ်သားလူထုအပေါ် ဂရုမပြုဘဲ စစ်ရာဇတတ်မှုများ ကျူးလွန်နေကြသည်မှာ အငြင်းပွားဖွယ် မရှိပေ။

စစ်ပွဲ အရှိန်လျှော့ဖို့ တောင်းဆိုခြင်း

အဖြေမရသော မေးခွန်းများစွာသည် ထင်ကြေးနှင့် စွပ်စွဲမှုများအဖြစ်သာ ဦးတည်လျှက်ရှိနေသည်။ ပြည်ပရှိ မွတ်ဆလင် တက်ကြွလှုပ်ရှားသူများနှင့် မွတ်ဆလင်ပျူစောထီး အုပ်စုများက AA သည် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေသည်ဟု စစ်ကောင်စီတပ်များနဲ့ နှိုင်းယှဉ်ပြီး အခိုင်အမာ ပြောဆိုနေကြသည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အဆိုပါ တက်ကြွလှုပ်ရှားသူတွေဟာ မွတ်ဆလင်တွေကို အမှန်တကယ် စိုးရိမ်တာမျိုးမဟုတ်ဘဲ သူတို့အကျိုးစီးပွားအတွက် ကြိုးပမ်းနေကြခြင်းသာ ဖြစ်တယ်လို့ DW ကို ပြောကြားခဲ့သည်။

“အဲဒီလူတွေက နိုင်ငံတကာ အလှူရှင်တွေနှင့် အဖွဲ့အစည်းတွေဆီကနေ အကျိုးရလဒ်တွေ ရနိုင်သမျှရအောင် မျှော်ကိုးပြီး ရိုဟင်ဂျာတွေကို အသုံးချနေကြတာပဲ ဖြစ်တယ်” သူက ဆိုသည်။

တစ်ဖက်တွင်လည်း RSO နှင့် ARSA တို့က သူတို့သည် မွတ်ဆလင်များအတွက် ကိုယ်စားပြုသည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ အကျိုးစီးပွားနှင့် လူမှုအသိုင်းအဝိုင်းကို အမြတ်ထုတ်ဖို့ အတွက်လောက်သာ မကြာခဏ လုံးပမ်းနေကြသည်။ 

မကြာသေးမီက လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့(Human Rights Watch)၏ အစီရင်ခံစာတွင် အဆိုပါ အဖွဲ့များသည် ကော့ဘဇား ဒုက္ခသည်စခန်းများမှ မွတ်ဆလင် ၁,၈၀၀ ခန့်ကို မြန်မာနိုင်ငံသို့ လူကုန်ကူးခဲ့ပြီး မြန်မာစစ်တပ်ထံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် အင်ဂျီအိုခေါင်းဆောင် ခရစ်စ်လီဝါက တင်းမာမှုလျှော့ချရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သလို “စစ်ရေးအရှိန်လျော့အောင် ဘယ်လိုလုပ်မလဲဆိုတာက မေးခွန်းထုတ်စရာပါ” လို့ ပြောသည်။ 

လီဝါက လက်နက်ဖြုတ်သိမ်းရေးသည် ပထမအဆင့် လုပ်ဆောင်ရမှာဖြစ်ပြီး “နှစ်ဘက်အကြားမှာ အမုန်းစကားတွေ ပြောဆိုနေကြတာတွေလည်း ရှိနေကြသလို အဲဒီအမုန်းစကားတွေကြောင့် လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှုပ်ထွေးစေနိုင်တယ်” လို့ ဆိုသည်။

သို့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မည်သူ့ကိုမှ ကယ်တင်နိုင်မှာ မဟုတ်တာကြောင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း ရှိလာနိုင်မည် မဟုတ်ပေ။ 

နောက်ဆုံးတွင် မွတ်ဆလင်နှင့် ရခိုင်လူမျိုးများအနေနဲ့ အတူတကွ ပူးပေါင်းနေထိုင်နိုင်သော နည်းလမ်းများကို ရှာဖွေရမည်ဖြစ်ပြီး အသိုင်းအဝိုင်းနှစ်ဖက်က ခေါင်းဆောင်များလက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ပါက ဒေသအဆင့်မှာ အဆင်ပြေချောမွေ့နိုင်လိမ့်မည်လို့ လီဝါက ယုံကြည်ထားသည်။

ပြည်တွင်းစစ်၏ သက်ရောက်မှု ကျယ်ပြန့်လာခြင်း

ပြည်တွင်းစစ်သည် မွတ်ဆလင်နှင့် ရခိုင်လူမျိုးများကို ထိခိုက်မှုရှိနေရှိသည်ကို သတိထားဖို့ အရေးတကြီး လိုအပ်နေသည်။ ရခိုင်လူမျိုးများသည်လည်း အိုးအိမ်ဆုံးရှုံးခဲ့ရပြီး စားနပ်ရိက္ခာ၊ ရေသန့်နှင့် ဆေးဝါးများ ပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရသည်။

စစ်ကောင်စီက ထောက်ပံ့ရေးလမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း ပိုမိုဆိုးရွားလျှက် ရှိနေသည်။ နေရပ်စွန့်ခွာရသူ ၃၀၀,၀၀၀ ခန့်သည် အကူအညီများပေါ်တွင် မှီခိုနေနေကြရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။ 

ယခုကဲ့သို့ အကြပ်အတည်း၏ အရင်းအမြစ်အစစ်အမှန်သည် စစ်အစိုးရ ဦးဆောင်သော အစိုးရတွင် တာဝန်အရှိဆုံးဖြစ်သည်ဟုလည်း လီဝါက ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေက အဓိက အရင်းခံနေပြီး ထိုဥပဒေကပဲ မွတ်ဆလင်တွေကို အလေးမထားပဲ စစ်ပွဲတွေမှာ လူသစ်စုဆောင်းတာတွေကို အတင်းအဓမ္မ လုပ်ဆောင်လျှက်ရှိနေသည်ဟု လီဝါက ယုံကြည်ထားသည်။

Rodion Ebbighausen ၏ September 9,2024 ထုတ် https://www.dw.com တွင် ဖော်ပြထားသော “Myanmar: What we know about the recent Rohingya killings” ကို  ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။