တောင်ကုတ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သားတစ်ဦး သေဆုံး 

ဂျက်တိုက်လေယာဉ်မှ ကြဲချလိုက်သောဗုံးမှာ နေပူတောင် ကျောက်ထုတ်လုပ်‌ရေးစခန်းရှိ အလုပ်သမားများနေထိုင်သည့် တန်းလျားတွင် ကျရောက်ပေါက်ကွဲသဖြင့် ပိန္နဲစမ်းကျေးရွာမှ အသက် (၄၅)နှစ်အရွယ် ဒေါ်တင်တင်လှ သေဆုံးသွားခဲ့သည်။ 

19 Sep 2024

တောင်ကုတ်မြို့နယ်ရှိ နေပူတောင်ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။
တောင်ကုတ်မြို့နယ်ရှိ နေပူတောင်ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
 
ဂျက်တိုက်လေယာဉ်မှ ကြဲချလိုက်သောဗုံးမှာ နေပူတောင် ကျောက်ထုတ်လုပ်‌ရေးစခန်းရှိ အလုပ်သမားများနေထိုင်သည့် တန်းလျားတွင် ကျရောက်ပေါက်ကွဲသဖြင့် ပိန္နဲစမ်းကျေးရွာမှ အသက် (၄၅)နှစ်အရွယ် ဒေါ်တင်တင်လှ သေဆုံးသွားခဲ့သည်။ 

“မနက် ၃ နာရီလောက်မှာ လေယာဉ်နဲ့ နှစ်ကြိမ်လာပစ်တာပါ။ ဗုံးသုံးလုံးကြဲချသွားတာ။ သူကနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်တယ်။ တန်းလျားလည်း တော်တော်ပျက်စီးသွားတယ်” ဟု အခြေအနေကိုသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ နေသည်။ 

ဩဂုတ် ၂၂ ရက်က စစ်ကောင်စီဗုံးကြဲမှုကြောင့် မီးချောင်းထိုးကျေးရွာမှ မွေးကင်းစကလေးမိခင် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကာ ဩဂုတ် ၃၁ ရက်ကလည်း ခရိုင်ကျွန်းကျေးရွာမှ အသက် (၄၀) အရွယ်အမျိုးသမီးတစ် ဦးဒဏ်ရာရရှိခဲ့သည်။ 

“စကစ(စစ်ကောင်စီ)ကတော့ လူနေရပ်ရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချနေတယ်။ ပြည်သူအနေနဲ့ကတော့ လေယာဉ်ဗုံးကြဲမယ့် အရိပ်အယောင်တွေ့ရရင် သတိပေါ့လျော့မနေဘဲ အထူးသတိထားဖို့ လိုတယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက အရပ်သားနေထိုင်ရာမြို့/ရွာများကို လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုတိုးလာနေ၍ ဒေသခံအများအပြားမှာ စိုးရိမ်ကြောက်လန့်သဖြင့် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြသည်။

ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဖက်မခွဲခြားဘဲ သိမ်းကျုံးတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။ 

“စစ်ကောင်စီလုပ်နိုင်တော့တာဆိုလို့ လေကြောင်းအားကိုတစ်ခုပဲရှိတော့တယ်။ ဒီတော့ စစ်ကောင်စီက မြေပြင်မှာ အကျဘက်ပဲရှိတယ်။ အခုလည်း တရုတ်က ဒရုန်းနည်းပညာ အကူညီတွေ ယူတာရှိတော့ လေကြောင်းကို ပိုသုံးလာနိုင်တယ်” ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ 

ရခိုင်တိုက်ပွဲ ၁၀ လကာလအတွင်း ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်း ချုပ်ထားပြီး တောင်ကုတ်အပါအဝင် ကျန်ရှိနေသေးသည့် မြို့နယ်များကို ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိသည်။