မောင်တော စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မောင်တောမြို့မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်တချို့ကို အာရက္ခတပ်တော်(AA)က စားနပ်ရိက္ခာ၊ အမိုးအကာ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသော်လည်း လူဦးရေများပြားသောကြောင့် လုံလောက်မှုမရှိကြောင်း သိရသည်။

By Admin 19 Sep 2024

နေရပ်စွန့်ခွာ မောင်တောဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ -  Pann Kyaw Duu)
နေရပ်စွန့်ခွာ မောင်တောဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Pann Kyaw Duu)

DMG ၊ စက်တင်ဘာ ၁၉ 

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ လိုအပ်နေကြောင်း သိရသည်။

မောင်တောမြို့ခံ စစ်ဘေးရှောင်တစ်ဦးက “အခုဆိုရင် ကျနော်တို့ထွက်ပြေးလာတာ လေးလကျော်သွားပြီ။ ထွက်ပြေးလာကတည်းက ဘယ်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုမရဘူး။ နိုင်ငံခြားမှာ ဆွေးမျိုးတွေရှိတယ်ဆိုရင် သူတို့ဆီက အကူအညီတောင်းပြီးတော့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေတဲ့သူတွေလည်း ရှိတယ်” ဟု ပြောသည်။

စစ်ရှောင်များမှာ မသန့်ရှင်းသည့်ရေများကို သောက်သုံးနေရသဖြင့် ဝမ်းပျက်၊ ဝမ်းလျှောအပြင် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

ဆေးဝါးမရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိသဖြင့် ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍လည်း အခက်အခဲရှိကြောင်း မောင်တောမြို့မှ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“သောက်ရေ၊ သုံးရေတွေ မသန့်ရှင်းတဲ့အတွက် ဝမ်းပျက်၊ ဝမ်းလျှောတွေဖြစ်ကြတယ်။ ပြီတော့ အရေပြားရောဂါ တွေလည်းဖြစ်ကြတယ်။ ဆေးဝါးတွေကလည်း မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ဘယ်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ ပေးတာမရှိဘူး” ဟု ဆိုသည်။

မောင်တောမြို့မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်တချို့ကို အာရက္ခတပ်တော်(AA)က စားနပ်ရိက္ခာ၊ အမိုးအကာ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသော်လည်း လူဦးရေများပြားသောကြောင့် လုံလောက်မှုမရှိကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတကာအဖွဲ့စည်းများ၊ အရပ်ဖက်အဖွဲ့စည်းများ၊ စေတနာရှင်များအနေဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြရန် စစ်ဘေးရှောင်များက မျှော်လင့်နေကြသည်။ 

စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက “ပြည်ပကိုရောက်နေတဲ့ အသိမိတ်ဆွေတွေကို အကူအညီတောင်းပြီး ဆန်ရိက္ခာထောက်ပံ့မှုတွေ လုပ်နေတာရှိတယ်။ ဒါပေမဲ့ စစ်ရှောင်တွေက အရမ်းများတော့ အဆင်မပြေဘူး။ တိုက်ပွဲကလည်း ဘယ်လောက်ကြာမယ် ဆိုတာ မသိဘူး” ဟု ပြောသည်။

မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က ဆက်လက်ထိုးစစ်ဆင်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေးရှောင်ဦးရေ သိန်းနှင့်ချီ ရှိနေသည်။ ရိက္ခာအကူအညီများ မရရှိလျှင် ရေရှည်မှာ ပိုမိုခက်ခဲလာနိုင်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

ရခိုင်ဒေသမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစပြီး တိုက်ပွဲဖြစ်ပွားနေမှုမှာ လက်ရှိမှာ ၁၀ လကျော်အထိ ကြာမြင့်လာနေပြီး နေရပ်စွန့်ခွာသူဦးရေ ၆ သိန်းကျော်အထိ ရှိလာနေသည်။