စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ရာထူးအပြောင်းအလဲလုပ်
စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ရာထူးမှဖယ်ရှားပြီး (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကွဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
19 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၉
နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန်မြှင့် ထိုးစစ်များနှင့်အတူ စိုးမိုးနယ်မြေဆုံးရှုံးမှု များလာပြီးနောက် စစ်ကောင်စီက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့အား ရာထူးအပြောင်းအလဲ လုပ်ဆောင်လာသည်။
စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ရာထူးမှဖယ်ရှားပြီး (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကွဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဒုတိယဝန်ကြီးချုပ်ရာထူးလည်း ရရှိမည်ဖြစ်၍ လက်ရှိ စစ်ကောင်စီ၏ ခြောက်ဦးမြောက် ဒုတိယဝန်ကြီးချုပ် ဖြစ်လာသည်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ လစ်လပ်နေရာတွင် စစ်ထောက်ချုပ်နှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးနှစ်ခု ပူးတွဲတာဝန်ယူထားသည့် ဒု - ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ခန့်အပ်လိုက်ကြောင်း သိရသည်။
“မောင်တော နခခ-၅ ကျဆုံးခန်းနဲ့ အမ်းနပခ ဇာတ်သိမ်းပိုင်းရောက်နေတဲ့ အချိန်မှာ စစ်ခေါင်းဆောင်ကို စစ်တပ်ထောက်ခံသူတွေ ဝေဖန်လာကြတယ်။ ရခိုင်မှာ မြေပြင်စစ်ကူမပေးနိုင်လို့ စစ်တပ်ကို အားမရကြတော့ဘူး။ ဒီအချိန်မှာ စစ်ခေါင်းဆောင်က ပြည်သူတွေကို အာရုံပြောင်းလဲအောင်လုပ်ပြတာ” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး တင်အောင်စန်း လက်အောက်တွင် စိုးမိုးနယ်မြေ အများအပြားနှင့် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကိုပါ ဆုံးရှုံးခဲ့ရသည်။ ရခိုင်ဒေသအတွင်း စကခ (၃) ခုနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းတပ်ခွဲ အများအပြားအပါအဝင် အမ်းမြို့ကိုပါ လက်လွှတ်ခဲ့ရသည်။
“ရာထူးတွေ ပြောင်းတာကတော့ ရခိုင်မှာ အရှုံးနဲ့ ရင်ဆိုင်နေရကြောင့်လို့ ယူဆရတယ်။ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ စစ်ကောင်စီရဲ့ အောက်ခြေစစ်တပ်သားတွေက စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းတာကြောင့် ဆက်ရှုံးအုံးမှာပဲ။ စစ်ရေးအရလည်း အများကြီးမပြောင်းလဲနိုင်ပါဘူး” ဟု DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ရှုမြင်သည်။
စစ်ကောင်စီသည် အာဏာသိမ်းကာလအတွင်း စစ်ဘက်၊ အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မကြာခဏ အပြောင်းအလဲ လုပ်လျက်ရှိသည်။ လက်ရှိ ကာကွယ်ရေးဝန်ကြီးသစ် ခန့်အပ်လိုက်ခြင်းနှင့် ပတ်သက်၍လည်း မည်သို့ဖြစ်လာမည်ကို အားလုံးက စိတ်ဝင်စားနေကြသည်။