အပူချိန်မြင့်တက်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်ကလေးနှင့် သက်ကြီးများ နေမကောင်းအဖြစ်များနေ
ပုဏ္ဏားကျွန်း - ကျောက်တော် ကားလမ်းမဘေးတွင် ယာယီတဲထိုးပြီး နေထိုင်ကြသော စစ်ဘေးရှောင်များမှာ အပူဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
18 May 2024
DMG ၊ မေ ၁၈
ယခုရက်ပိုင်း အပူချိန်မြင့်တက်မှုကြောင့် ရခိုင်ဒေသအတွင်း စစ်ဘေးရှောင်စခန်းများရှိ ကလေးသူငယ်များနှင့် သက်ကြီးပိုင်းများမှာ ဖျားနာ၊ ခေါင်းမူး၊ အော့အန် စသည်တို့ အဖြစ်များနေကြောင်း သိရသည်။
ပုဏ္ဏားကျွန်း - ကျောက်တော် ကားလမ်းမဘေးတွင် ယာယီတဲထိုးပြီး နေထိုင်ကြသော စစ်ဘေးရှောင်များမှာ အပူဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“အပူချိန်က မနေနိုင်လောက်အောင် မြင့်တက်နေတာ။ ရောဂါအခံရှိတဲ့ သက်ကြီးပိုင်းတွေဆို ပိုပြီးဒုက္ခဖြစ်ရတယ်။ အိမ်ထဲမှာမဟုတ်ဘဲ ဖြစ်သလိုတဲထိုးပြီး နေကြရတာဆိုတော့ ပိုဆိုးတာပေါ့။ ကလေးတွေဆိုရင်လည်း အော့အန်ပြီး ကိုယ်လက်မအီမသာဖြစ်လို့ ငိုကြတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူ၊ အောင်ဖြူပြင်၊ သရက်ချို၊ ကြံခင်း၊ ယိုးတရုပ်၊ သဲတော်နှင့် ဂဏန်းတောင် ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကားလမ်းမဘေးတွင် ထဲထိုးနေထိုင်ကြသော စစ်ဘေးရှောင်ဦးရေ တစ်သောင်းနီပါးထိ ရှိသည်။
ယခုရက်ပိုင်း အပူချိန်မြင့်တက်လာခြင်းကြောင်း ကားလမ်းမဘေး နေပူပြင်တွင် တာပေါ်လင်စမိုးကာ နေထိုင်လျက်ရှိကြသော စစ်ဘေးရှောင်များမှာ နေထိုင်ရေး ပိုပြီးအခက်ဖြစ်ကြသည်။
သရက်ချိုကျေးရွာအနီး တဲထိုးနေထိုင်သူ စစ်ဘေးရှောင်တစ်ဦးက “တာပေါ်လင်စနဲ့ တဲထိုးပြီးနေတာဆိုတော့ မနေနိုင်ဘူး တအားပူတယ်။ တဲက အနိမ့်လေး လုပ်ထားရတာ။ ညဆိုရင်လည်း မအိပ်နိုင်ဘူး။ အခုလိုမျိုး ဒီတစ်လနှစ်လကို ဖြတ်သန်းရမှာက မလွယ်ဘူး” ဟု ပြောသည်။
ယင်းအပြင် ရေရှားပါးနေမှုကြောင့် စစ်ဘေးရှောင်များမှာ မသန့်ရှင်းသောရေကို သုံးစွဲနေရသည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်၍ အရေးပြားရောဂါများဖြစ်နေကြသည်။
“ခြေ၊ လက်နဲ့ ခန္ဓာကိုယ်တွေမှာ အဖုအထစ်တွေ၊ ယားနားတွေ ပိုပြီးဖြစ်လာကြတယ်။ အပူချိန်မြင့်တက်လာတာနဲ့ ကိုယ်ခန္ဓာယားတာတွေနဲ့ ကလေးငယ်တွေ အိပ်မရဖြစ်ကြတယ်။ ရေမသန့်ရှင်းတာဟာ ကျနော်တို့အတွက် တော်တော်အန္တရာယ်ရှိတယ်” ဟု ယိုးငူကျေးရွာအနီး စစ်ရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ယခုရက်ပိုင်း အမြင့်ဆုံးအပူချိန် ၃၃ မှ ၃၅ ဒီဂရီဆဲလ်စီးယပ် အထိရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများတွင် တွေ့ရသည်။
လက်ရှိတွင် ပန်းနီလာ၊ ယိုးငူ နှင့် သရက်ချိုကျေးရွာအနီး စစ်ဘေးရှောင်စခန်များတွင် အရေပြားရောဂါနှင့် ဝမ်းရောဂါဖြစ်နေသူ ၃၀ နီးပါးရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း အပူအချိန်မြင့်မားမှု သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်မှ စစ်ဘေးရှောင် ၃ ဦးမှာ ဝမ်းရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ရခိုင်ဒေသက စစ်ဘေးရှောင်များမှာ ကျန်းမာရေးအသိပညာပေးမှုအပြင် ကျန်မာရေးစောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေသည်။