ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်

ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ကြတ္တိန်နှင့် ဦးကင်းကျေးရွာအနီးတို့တွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများမှာလည်း ပိုင်လိုင်းအနီးသို့ မကြာခဏ ကျရောက်မှုများ ရှိနေသည်။

By Admin 14 Mar 2025

ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်

DMG ၊ မတ် ၁၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအနီးတွင် ကျရောက်ပေါက်ကွဲမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ကြတ္တိန်နှင့် ဦးကင်းကျေးရွာအနီးတို့တွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများမှာလည်း ပိုင်လိုင်းအနီးသို့ မကြာခဏ ကျရောက်မှုများ ရှိနေသည်။

" ပြောရမယ်ဆိုရင် ဖေဖော်ဝါရီ ၂၄ ရက်ကနေ စပြီးတော့ လေယာဉ်ကရော၊ မြေပြင်က ပစ်တဲ့ လက်နက်ကြီးတွေရော မကြာခဏဆိုသလို ပိုက်လိုင်းအနီးမှာ ကျနေတာပါ။ တချို့က ပေါက်ကွဲသွားသလို မပေါက်ကွဲပဲ ကျန်တဲ့ လက်နက်ကြီးတွေလည်း ရှိပါတယ်" ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်က ဓာတ်ငွေ့ ပိုက်လိုင်းရှိသည့် နေရာနှင့် ပေ ၃၀ ခန့် ကွာဝေးသော ဦးကင်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းထားသည့် ဧရိယာများမှာ မလကျွန်းကျေးရွာမှစ၍ မင်းတပ်တောင်၊ ကန္ဒီး၊ ပျားတဲ၊ သဖန်းခါး၊ သပြုတောင်၊ ကြတ္တိန်၊ ဦးကင်း၊ ထောင့်ချောင်း၊ ကုလာဘာတောင်၊ မဒေးကျွန်းနှင့် မြို့ချောင်းကျွန်းတို့ဖြစ်ပြီး ယင်းမှတစ်ဆင့် အမ်းမြို့နယ်သို့ ဖြတ်သန်းထားခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ကြတ္တိန်၊ ဦးကင်း၊ ထောင့်ချောင်းနှင့် ကုလာဘာတောင်ကျေးရွာတို့ကို နေ့စဉ်နီးပါး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး ထိုပစ်ခတ်မှုတို့မှာလည်း ပိုက်လိုင်းဧရိယာအနီး ကျရောက်လျက်ရှိသည်။

" ကျနော်တို့ရွာရဲ့ သိပ်မလှမ်းမကမ်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ရှိပါတယ်။ ဒါကြောင့် တရုတ်စီမံကိန်းကိုတော့ မထိရဲလောက်ပါဘူးဆိုတဲ့အတွေးနဲ့ ကျနော်တို့ရွာဟာ အန္တရာယ်ကင်းမယ်ဆိုပြီး ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်လို့ သုံးလေးရက်လောက်အတွင်းမှာကိုပဲ ပိုက်လိုင်းအနီးကိုရော ရွာကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်လာတယ်" ဟု ကြတ္တိန်ကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်သင်္ဘောများနှင့် မြေပြင်စခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေယာဉ်နှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းထားသည့် ကြတ္တိန်နှင့် ဦးကင်းကျေးရွာမှာ ရွာလုံးပြတ်နီးပါး မီးလောင်ပျက်စီးခဲ့ရပြီး ရှောက်ချောင်းနှင့် ကပ်သပြေကျေးရွာတို့တွင်လည်း နေအိမ် အမြောက်အများ မီးလောင်ခဲ့ရသည်။

ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံ၏ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းအပြင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းနှင့် ယင်းစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ရေနက်ဆိပ်ကမ်း၊ ရထားလမ်း၊ ကားလမ်းစီမံကိန်းများအတွက်ကိုပါ စစ်ကောင်စီနှင့် တရုတ်တို့ကြား သဘောတူညီမှု ရရှိထားသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက် ရှိပြီး အာရက္ခတပ်တော် (AA) က စစ်ကောင်စီ၏ စခန်းကုန်းအချို့နှင့် လက်နက်ခဲယမ်းများအပြင် သုံးပန့်များကိုပါ ဖမ်းဆီးရမိထားသည်။