တိုက်ပွဲတစ်နှစ်တာအတွင်း ရခိုင်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း ၉ ဆထိ မြင့်တက်

AA ထိန်းချုပ်ထားသည့် မြို့နယ်တချို့တွင် စားသောက်ကုန်နှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် စည်းကမ်းသတ်မှတ်ထားသော်လည်း လိုက်နာမှု အားနည်းနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

By Admin 13 Nov 2024

တိုက်ပွဲတစ်နှစ်တာအတွင်း ရခိုင်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း ၉ ဆထိ မြင့်တက်

DMG ၊ နိုဝင်ဘာ ၁၃ 

တကျော့ပြန် ရခိုင်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီသည် ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ကန့်သတ်ပိတ်ဆို့ထားသည်မှာ  ယနေ့ တစ်နှစ်ပြည့်သွားပြီဖြစ်သည်။ 

ထိုသို့ပိတ်ဆို့ထားမှုကြောင့် ရခိုင်ဒေသအတွင်း၌ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ၉ ဆခန့်အထိ ဆက်တိုက်မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။ 

တိုက်ပွဲမဖြစ်ခင်က ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၁,၇၀၀ ကနေ လက်ရှိတွင် ၁၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၄,၇၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်၊ ဟင်းချိုမှုန့် နို့ဆီဗူးတစ်ဗူးကို ၇၀၀ ကျပ်မှ ၄,၀၀၀ ကျပ်နှင့် ကော်ဖီမစ်တစ်ထုတ်ကို ၆,၅၀၀ ကျပ်ကနေ ၂၅,၀၀၀  ကျပ် စသည်ဖြင့် အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။

ယင်းအပြင် ငရုတ်သီး၊ ဆေးပေါ့လိပ်၊ ခေါက်ဆွဲထုတ်၊ ဆပ်ပြာမုန့်၊ သကြား၊ မုန့်‌ခြောက်ထုတ် စသည့် စားကုန်ပစ္စည်းများမှာလည်း ယခင်ထက် ၁၀ ဆ ခန့်အထိ မြင့်တက်နေကြောင်း သိရသည်။

“ကုန်ဈေးနှုန်းက ၁၀ ဆလောက်အထိ မြင့်တက်သွားတာ ပြန်ကျလာတော့ နည်းနည်းပဲကျတယ်။ ခရီးစရိတ်၊ ဒေါ်လာဈေးနှုန်းတက်လို့ဆိုပြီး ဈေးတက်သွားတာ။ ပြီးရင် ပြန်မကျလာတော့ဘူး။ ဝင်ငွေကမရှိတော့ ကုန်ဈေးနှုန်းနောက်ကို လိုက်မမီတော့ဘူး။ ဆင်းရဲတဲ့သူတွေမှာ ဆင်းရဲသထက်ဆင်းရဲလာတယ်” ဟု မြောက်ဦးမြို့မှ အိမ်ရှင်မ တစ်ဦးက ပြောသည်။ 

ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ ပေါက်တောနှင့် သံတွဲ၊ မောင်တော စသည့် ဒေသများ၌ ဆိုးရွားစွာ ကြုံတွေ့နေရပြီး ထမင်းနပ်မမှန်ခြင်း၊ အစာရေစာ လျှော့စားရခြင်းများ ရှိနေကြသည်။ 

အခြားတစ်ဖက်မှာလည်း အလုပ်အကိုင်ရှားပါးခြင်း၊ ဝင်ငွေမရှိခြင်းတို့ကြောင့် ဒေသခံများမှာ တစ်နေ့တာ ဝင်ငွေထက် ထွက်ငွေက ပိုများနေသည်ဟု ဆိုကြသည်။ 

ကျောက်တော်မြို့ခံ ဘေးတွဲဆိုင်ကယ်မောင်းသူ ဦးထွန်းသာလှက “ တစ်ရက်မှာ ကယ်ရီမောင်းလို့ ပုံမှန် ၂၀,၀၀၀ ရတယ်။ ဒါပေမဲ့ မိသားစုဝင် ၄ ယောက် စားဖို့အတွက်ကျ တစ်ရက်မှာ ၂, ၀၀၀၀ အထက်ကုန်တယ်။ အိမ်ရှင်မကလည်း ဝင်ငွေမရှိတော့ ကျနော်တစ်ယောက်စာဝင်ငွေနဲ့ ဖြစ်သလို စားသောက်ပြီးနေရတာပေါ့။ ငါးဟင်းအကောင်း စားနိုင်ဖို့ စိတ်မကူးဘူး။ နပ်မှန်အောင်စားရဖို့ပဲ ရုန်းကန်နေရတယ်” ဟု ပြောသည်။  

AA ထိန်းချုပ်မြို့နယ်တချို့တွင် စားသောက်ကုန်နှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် စည်းကမ်းသတ်မှတ်ထားသော်လည်း လိုက်နာမှု အားနည်းနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အမဲသား၊ ဝက်သား တစ်ပိဿကို  ၃၀,၀၀၀ သတ်မှတ်ထားတယ်။ တခြားစားသောက်ကုန်တွေဆိုလည်း ULA/AA က သတ်မှတ်ဈေးတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ မြေပြင်မှာတော့ ဒီထက်ပိုပြီးတော့ ဈေးမြင့်တက်နေတယ်။ ကုန်ဈေးနှုန်းကို ထိထိရောက်တော့ ဘယ်သူမှ မကိုင်တွယ်နိုင်သေးဘူး” ဟု ပြောသည်။ 

ရခိုင်ပြည်သို့ တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ထားသည့်အတွက် လက်ရှိမှာ ပလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နှင့် မကွေး၊ ဆောမြို့ဖက်မှ ခက်ခက်ခဲခဲလာသည့် စားသောက်ကုန်များ ရခိုင်ဖက်သို့ ဝင်ရောက်နေခြင်း ဖြစ်သည်။ 

လမ်းခရီးခက်ခဲမှု၊ ကုန်ပစ္စည်းဝယ်ယူမရခြင်း စသည့် အခက်အခဲများကြားမှ ရသည့်နည်းဖြင့် ရခိုင်ဒေသသို့ တင်သွင်းနေရခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။ 

“ကုန်ပစ္စည်းတွေကို ရတဲ့နေရာက ခက်ခက်ခဲခဲယူရတာပေါ့နော်။ လမ်းခရီးမဖြောင့်တာတမျိုး၊ ကုန်ပစ္စည်းသယ်ယူခ ဈေးကြီးတာကတစ်မျိုး တခါတလေဆိုရင် ပစ္စည်းဆုံးရှုံးမှုကလည်း အများကြီးရှိတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းကို တသတ်မှတ်တည်း တွက်လို့မရတဲ့အခြေနေရှိတယ်။ တခါတခါ အဖမ်းခံရတာလည်း ရှိသေးတယ်” ဟု ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။ 

တစ်နှစ်တာကာလအတွင်း အာရက္ခတပ်တော်(AA) သည် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက် တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

လက်ရှိတွင်လည်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။