ထိုင်းနိုင်ငံရောက် ခေတ်သစ်မြန်မာကျွန်များ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) ကထုတ်ပြန်ခဲ့သော ၂၀၂၀ ခုနှစ် ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ နောက်ဆုံးအခြေအနေများအပေါ် လေ့လာမှုတစ်ခုတွင် ငါးဖမ်းသမားများ၏ ၁၄ ရာခိုင်နှုန်းသည် ၎င်းတို့ဆန္ဒတစ်စုံ တစ်ရာမပါရှိဘဲ အလုပ်လုပ်နေရခြင်းနှင့် အတင်းအဓမ္မ အကျပ်ကိုင်အနိုင်ကျင့်ခြင်းများ ခံစားနေရကြောင်းတွေ့ရှိခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ၏ငါးဖမ်းလုပ်ငန်း သို့မဟုတ် အခြားကုန်သွယ်ရေးကဏ္ဍများတွင် လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် အလုပ်ရှင်၊ အေဂျင်စီ သို့မဟုတ် ပွဲစားများထံတွင် အကြွေးတင်လျက်ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

By ကြည်ဖြူစံ 29 Jul 2022

DMG ၊ ဇူလိုင် ၂၉

ပြည့်ဝန်းသောလမင်းကြီးက ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းကမ်းရိုးတန်းမြို့ကလေးပေါ် ထိန်ထိန်သာလျက်ရှိနေသည်။ ထိုအချိန်မှာပဲ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ၂၀၁၅ ခုနှစ်တွင်ခန့်အပ်ထားသော စုံစမ်းစစ်ဆေးရေးမှူး များပါဝင်သည့် ဆိပ်ကမ်းအဝင်-အထွက် အာဏာပိုင်အဖွဲ့(PIPO) က ဆိုက်ကပ်လာသောသင်္ဘောများကို စောင့် ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြသည်။

သို့သော်လည်း လွန်ခဲ့သောလေးလခန့်က သေဆုံးခဲ့သည့် ငါးဖမ်းသမားတစ်ယောက်ကို တင်ဆောင်လာသော မိုးသားလေး၏ ငါးဖမ်းစက်လှေက အချိန်အခါမဟုတ်ဘဲ ကမ်းကပ်လာသည်ကိုတော့ ၎င်းတို့ အာရုံဝင်စားမှုမရှိခဲ့ကြ။

“ဒီလိုအခြေအနေမျိုးမှာ ဆိပ်ကမ်းအဝင်-အထွက် အာဏာပိုင်အဖွဲ့(PIPO) တွေအနေနဲ့ (ရွှေ့ပြောင်းအလုပ်သမား) တွေ ဘယ်လိုသေဆုံးသွားလဲ၊ မိသားစုကို ဘယ်လိုကူညီနိုင်မလဲ စတဲ့မေးခွန်းတွေ မေးသင့်တယ်။ အသက်ကယ် အင်္ကျီတွေအကြောင်း(မေးရုံလောက်)မဟုတ်ဘဲ သူတို့ကို အဲဒီလိုမျိုး တစ်ခုခု လုပ်စေချင်တယ်” ဟု တလွဲအာရုံစိုက် နေမှုများအကြောင်း သူကပြောသည်။

မိုးသားလေး (နာမည်လွှဲပေးထားသူ) ၏ငါးဖမ်းစက်လှေအတွက်ကတော့ ယခုသေဆုံးမှုက  ဒုတိယမြောက် သေဆုံးမှု ဖြစ်သည်။ အဆိုပါ ငါးဖမ်းစက်လှေပိုင်ရှင်မှ မလိုလားအပ်သော တုန့်ပြန်မှုများဖြင့် သူ့အပေါ် အရေးယူမည်ကိုစိုးရိမ် သည့်အတွက် မိုးသားလေးဟု အမည်လွှဲပေးထားသူက ပြီးခဲ့သောလေးလအတွင်း ပင်လယ်ပြင်တွင် သူမြင်တွေ့ခဲ့ရသည့် ဒုတိယမြောက် လူသေဆုံးမှုအကြောင်း ပြောသည်။ သူ့အနေဖြင့် ထိုကဲ့သို့ စိတ်နှလုံးညှိုးနွမ်းဖွယ်ရာ အဖြစ်အပျက်များကို ကြိတ်မှတ်သည်းခံနေရသော်လည်း လှေအပြောင်းအလဲ လုပ်ရန်ကိုတော့ မဝံ့မရဲဖြစ်နေသည်။

“လှေအပြောင်းအလဲလုပ်ဖို့က ခက်ခဲတယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ငါးဖမ်းစက်လှေနောက်တစ်စီး ပြောင်းမယ်ဆိုရင်လည်း ကျွန်တော်တို့အိတ်ကပ်ထဲက ပိုက်ဆံတွေ အများကြီးစိုက်ပေးရမယ်။ ဒီ(အာမခံကြေး)ကို ကျွန်တော်တို့မပေးချင်ဘူး။ ဒါကြောင့်လည်း အန္တရာယ်များတယ်ဆိုရင်တောင် လှေတစ်စင်းတည်းနဲ့ပဲ အလုပ်လုပ် ကြတယ်”

“မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု အကြွေးတင်နေကြသည်” ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က ထိုင်းနိုင်ငံ၏ စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းများတွင် အလွန်အကျွံ အကြွေးတင်ခံနေရခြင်းနှင့် ပတ်သက်ပြီး ထိတ်လန့်ဖွယ်ရာ အစီရင်ခံစာများ ထွက်ပေါ်လာခဲ့သောကြောင့် စားသုံးသူများ အံ့အားသင့်တုန်လှုပ်ခဲ့ ကြသည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံ၏ ထိပ်တန်းစီးပွားရေးကဏ္ဍတွင် ၎င်းတို့၏ ရပ်တည်ချက်နှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားစေသည်အထိ ဖြစ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) ကထုတ်ပြန်ခဲ့သော ၂၀၂၀ ခုနှစ် ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ နောက်ဆုံးအခြေအနေများအပေါ် လေ့လာမှုတစ်ခုတွင် ငါးဖမ်းသမားများ၏ ၁၄ ရာခိုင်နှုန်းသည် ၎င်းတို့ဆန္ဒတစ်စုံ တစ်ရာမပါရှိဘဲ အလုပ်လုပ်နေရခြင်းနှင့် အတင်းအဓမ္မ အကျပ်ကိုင်အနိုင်ကျင့်ခြင်းများ ခံစားနေရကြောင်းတွေ့ရှိခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ၏ငါးဖမ်းလုပ်ငန်း သို့မဟုတ် အခြားကုန်သွယ်ရေးကဏ္ဍများတွင် လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် အလုပ်ရှင်၊ အေဂျင်စီ သို့မဟုတ် ပွဲစားများထံတွင် အကြွေးတင်လျက်ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုဒဏ်ကို ခံခဲ့ရပြီးကတည်းက ယင်းကဲ့သို့သော အခြေအနေများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ်အား နှစ်နှစ်နီးပါး ပိတ်လိုက်ရခြင်းကြောင့်လည်း ပွဲစားများက ပုံမှန်ရှိပြီးသား နှုန်းထားများထက် ၎င်းတို့ဝန်ဆောင်ခများကို သိသိသာသာ တိုးမြှင့်တောင်းခံရန် ခွင့်ပြုသလိုဖြစ်သွားခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်များအပြင် ယခု ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေကြသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကြီးမားသော ဝန်ထုပ်ဝန်ပိုးများ ထမ်းရွက်နေကြရရှာသည်။

ရင်းနှီးပြီးသားပုံစံတစ်ခု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရပ်သားတစ်ပိုင်းအစိုးရကို မြန်မာစစ်တပ်မှဖြုတ်ချပြီးနောက်ပိုင်း အခြေအနေ များ ပိုပြီးဆိုးရွားလာမည်ကို မိုးသားလေး နှင့် အခြားအလုပ်သမားများက စိုးရိမ်နေကြသည်။ မြန်မာစစ်တပ်အာဏာ ပြန်ရလာခြင်းက အလုပ်အကိုင်အတွက် အလျင်စလိုဖြစ်လာစေနိုင်သလို အပြိုင်အဆိုင်လည်း ဖြစ်လာစေနိုင်သည်။ ထို့ကြောင့်လည်း မဖြစ်မနေ အလုပ်ထွက်လုပ်ရမည့် စိတ်အားထက်သန်နေသူများကို ပွဲစားများက နောက်တစ်ကြိမ် ခေါင်းပုံဖြတ်လာကြလိမ့်မည်ဟု မိုးသားလေးကပြောသည်။

“အခုအချိန်မှာ ရွှေ့ပြောင်းနေထိုင်သူအများအပြားက တခြားနိုင်ငံတွေမှာ ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်ကြရ တော့မယ်။ အဲဒီလိုဖြစ်လာနေတာကို ကျွန်တော်မြင်နေရတယ်”ဟု သူကပြောသည်။ “အရင်တုန်းကတော့ ငါးဖမ်းလှေတွေပေါ်က အလုပ်သမားတော်တော်များများ ကိုယ်ထိလက်ရောက် မတရားစော်ကားတာမျိုးတွေနဲ့ ကြုံ ခဲ့ကြတယ်။ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပါပြီ။ ဒါပေမယ့် အဲဒီလိုအခြေအနေတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်မိတယ်”
မိုးသားလေးတစ်ယောက် ငါးဖမ်းသင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်ခဲ့သည်မှာ ၁၇ နှစ်ရှိခဲ့ပေပြီ။ ထိုကာလများ အတွင်း အကြွေးကင်းသွားသည်ဟူ၍မရှိခဲ့။ ဗီဇာအသစ်အတွက် နှစ်စဉ်ပေးဆောင်နေရသလို အလုပ်ပါမစ်အတွက် လှေပိုင်ရှင်ရွေးချယ်ထားသော ပွဲစားမှတစ်ဆင့် နှစ်စဉ်ပေးချေနေရသည်။

လှေပိုင်ရှင်များက စိတ်ကြိုက်ရွေးချယ်ထားသော ပွဲစားများက ငါးဖမ်းသမားများ၏ လစာမှနုတ်ယူပြီး အပိုဆောင်း အခကြေးငွေများပေးဖို့ လွယ်ကူသည်။ ငါးဖမ်းသမားများအတွက်တော့ ယင်းတို့ကိုပေးချေရန်က နှစ်ပေါင်းများစွာ ကြာမြင့်သွားနိုင်သည်။ အလုပ်ရှင်ပြောင်းမည် ဆိုလျှင်လည်း ယင်းအကြွေးများ တစ်ပါတည်း ပါလာခဲ့ပြီးသားဖြစ်၏။

ယခင်တုန်းကတော့ မိုးသားလေးအနေဖြင့် အလုပ်ရှင်ပြောင်းရန်အတွက် လိုအပ်သော အာမခံကြေးကိုပေးဆောင်နိုင် ခဲ့သော်လည်း ယခုအချိန်မှာတော့ မြန်မာနိုင်ငံရှိမိသားစုထံ ငွေလွှဲနေရသဖြင့် လွှဲရမည့်ငွေရဖို့ကသာ ပိုပြီးအရေးကြီး နေသည်။ သူ၏နောက်ဆုံးအပြောင်းအရွှေ့အတွက် လှေပိုင်ရှင်အား ပြန်ဆပ်ရမည့်အကြွေးက ထိုင်းဘတ် ၁၀၀၀၀ (ဒေါ်လာ ၃၀၀) ကျန်ရှိနေသေးသည်။

သူ၏နောက်ဆုံး ငါးဖမ်းသင်္ဘောမှာ အလုပ်မရှိသောကြောင့် ပင်လယ်ပြင်သို့ပြန်မထွက်ခဲ့ပေ။ နောက်လမှာတော့ စာရွက်စာတမ်းကြေးအသစ်များ ပေးဆောင်ရပေတော့မည်။ သူ့အပေါ်တင်လျက်ရှိနေသော ထိုအကြွေးသစ်များကို ငါးလတာကာလအတွင်း ပြန်ဆပ်နိုင်လိမ့်မည်ဟု သူကမျှော်လင့်နေပေသည်။

“ကျွန်တော့်မှာ မိသားစုရှိတယ်။ ဒါကြောင့်လည်း တစ်ကြိမ်တည်းနဲ့ အားလုံးကိုအကြေမဆပ်နိုင်ဘူး။ ကျွန်တော့်လစာထဲက လစဉ်နုတ်ယူသွားဖို့ သူဌေးကိုပြောရတော့မှာပဲ”

အတင်းအကျပ် အလုပ်စေခိုင်းခြင်းနှင့် မရေရာသောအလုပ်အကိုင်

မိုးသားလေးကို အလုပ်နှင့်ပတ်သက်ပြီး သူ၏အလုပ်ရှင်က ဘယ်တုန်းကမျှ စာချုပ်ချုပ်ဆိုခဲ့ဖူးခြင်းမရှိပါ။ နောက်လ သူ၏စာရွက်စာတမ်း သက်တမ်းတိုးခြင်းကြောင့် ငွေမည်မျှကုန်ကျမည်ကို သူ သေချာမသိသလို သူ၏အလုပ်ရှင်ကလည်း တစ်ခါတစ်ရံမှာတော့ သူ့ကိုပေးမည်ဟု ကတိပြုထားသော လုပ်ခလစာထက်လျော့ပြီး  ဘတ်ငွေ ၂၀၀၀ လောက်သာ ပေးခဲ့တာမျိုးလည်းရှိသည်။ မည်သည့်အတွက်ကြောင့်ရယ်လို့တော့ သူမသိရပေ။

သူအလုပ်လုပ်သော ငါးဖမ်းသင်္ဘောတွင် အစားအစာ ပုံမှန်ဖြတ်တောက်လေ့ရှိသည်။ တစ်ခါတစ်လေမှာတော့ နာရီပေါင်း ၁၂ နာရီထက်ကျော်ပြီး ရက်ပေါင်းများစွာ လုပ်ကိုင်ရတတ်သည်။ ယင်းက ILO ကွန်ဗင်းရှင်း C188 အရ ထိုင်း နိုင်ငံ၏ကတိကဝတ်များကို တိုက်ရိုက် ချိုးဖောက်နေခြင်းပင်ဖြစ်သည်။ မိုးသားလေးအတွက် ၎င်းလုပ်ကိုင်နေ သောအလုပ်မှ လွတ်လပ်စွာ ထွက်ခွင့်မရသဖြင့် ILO ၏ အတင်းအကျပ်အလုပ်လုပ်ခိုင်းစေခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် သဘောချင်း တိုက်ဆိုင်နေသည်။

သို့သော်လည်း သင်္ဘောဆိုက်ကပ်ချိန်တိုင်း သူ၏ကန့်ကွက်ပြောဆိုမှုများက လျစ်လျူပြုခြင်းသာ ခံခဲ့ရသည်။

“ဆိပ်ကမ်းအဝင်-အထွက် အာဏာပိုင်အဖွဲ့(PIPO)မှာ မြန်မာစကားပြန်တွေရှိပါတယ်။ ဒါပေမယ့် သူတို့ကလည်း ဘာမှ မလုပ်တတ်ကြဘူး။ အဲဒါကြောင့် ကျွန်တော် တကယ်ကိုစိတ်ပျက်မိတယ်။ ဗမာတွေသေရင်တောင် သူတို့က ဂရုတစ်ချက်မစိုက်ကြဘူး” ဟုပြောသည်။

ထိုင်းနိုင်ငံအာဏာပိုင်များမှ မျက်ကွယ်ပြုထားခြင်း

ထိုင်းနိုင်ငံ၏ လွန်ခဲ့သောနှစ် လူကုန်ကူးမှုအစီရင်ခံစာအရ အဓမ္မအလုပ်ခိုင်းစေမှု ၁၄ မှုကို စုံစမ်းစစ်ဆေးခဲ့သည်။ တကယ်တမ်းတော့ ယင်းအရေအတွက်မှာ ရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွံ ပြုခံထားရခြင်းသာ ဖြစ်သည်ဆိုပြီး ရွှေ့ ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများမှ ကျယ်ကျယ်ပြန့်ပြန့် ပယ်ချခဲ့ကြသည်။ အဆို ပါကိစ္စများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်း ကိုကြီးကြပ်နေသည့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ လုပ်ငန်းလည်ပတ်ရေးဌာနမှ အကြောင်းပြန်ကြားခဲ့ခြင်း မရှိပေ။

ရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းအဖွဲ့ကိုယ်စားလှယ် Adisorn Kerdmongkol က “အကြွေးကြောင့် ကျွန်ဖြစ်ရမှု” လုပ်ငန်းစဉ်အား လေ့လာခဲ့သည်။ ထိုသို့ လေ့လာခဲ့ရာတွင် ငါးဖမ်းခြင်း နှင့် အိမ်အကူကဲ့သို့သော ကဏ္ဍများအတွက် ထိုင်းနိုင်ငံတွင် စာရွက်စာတမ်းနှင့် အလုပ်နေရာများစီစဉ်ပေးရန် အလုပ်သမား ၉၀ ရာခိုင်နှုန်းခန့်က အလုပ်ရှင် သို့မဟုတ် ပွဲစားများကို ပေးဆောင်ခဲ့ကြရကြောင်း တွေ့ရှိခဲ့သည်။

“အဲဒါက ဈေးကြီးရုံတင်မကဘူး ရှုပ်လည်းရှုပ်ထွေးတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားများအတွက် နားလည်မှုစာချွန်လွှာ(MoU) လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး သူကပြောသည်။ “ငွေရှာနိုင်တဲ့ အခွင့်အရေး လိုချင်ရင် (MoU အရ) သုံးလလောက်စောင့်ပြီး အစိုးရနဲ့တွဲပြီး အလုပ်လုပ်ရလိမ့်မယ်။ အဲဒါက ရွေးချယ်စရာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တရားမဝင် လာတယ်ဆိုရင်တော့ ပွဲစားလိုပါတယ်”

ထိုင်းနိုင်ငံ၏ နာတာရှည် အလုပ်သမားရှားပါးမှုကို ဖြေရှင်းရန်အတွက် မြန်မာအလုပ်သမား ၁ သိန်းခွဲခေါ်ယူရန် ရည်ရွယ်သည့် ထိုင်းနိုင်ငံ၏ နားလည်မှုစာချွန်လွှာက ယခုနှစ်မေလတွင် ပြန်လည်စတင်သော်လည်း အာဏာသိမ်းမှုကြောင့် သောင်းနှင့်ချီနယ်စပ်ဖြတ်ကျော်ပြီး အတင်းအဓမ္မ ဝင်ရောက်လာကြသူများက ပုံမှန်လမ်းကြောင်းမဟုတ် သည်များကိုသာ ရွေးချယ်နေကြဆဲဖြစ်နိုင်ကြောင်း သူကပြောသည်။

ပွဲစားများစီစဉ်ပေးသည့် မြဝတီ - မဲဆောက် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းအတွက် တစ်ဦးကို ဘတ် ၈၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်း ပင်လယ်စာလုပ်ငန်း အလုပ်အဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားများတရား မျှတရေး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးအဖွဲ့တို့မှ ယခုနှစ်ဧပြီလတွင်ပြုလုပ်သော သုတေသနပြု ချက်အရ သိရသည်။

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဦးမိုးကျော်က ပွဲစားအုပ်စုနှစ်စု အတူလက်တွဲပြီးအလုပ်လုပ်နေကြ သည်ဟုပြောသည်။ အုပ်စုတစ်စုက ထိုင်းနိုင်ငံသို့ လာရောက်လိုသူများကို နယ်စပ်ဒေသများသို့ ပို့ဆောင်ပြီးနောက် နောက်ပွဲစားအုပ်စုတစ်စုက အထည်ချုပ်စက်ရုံများ၊ ငါးလုပ်ငန်း နှင့် ငါးဖမ်းလှေများတွင် အလုပ်အကိုင်များရှာဖွေ ပေးကြသည်။

ထိုင်း သို့မဟုတ် မလေးရှားနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု နှင့် အလုပ်အကိုင် နေရာချထားမှုအတွက် ဘတ် ၃၀၀၀၀ အထိကုန်ကျနိုင်ပါသည်။

“ပွဲစားတွေကိုပိုက်ဆံပေးနိုင်ဖို့ လူတွေက သူတို့အိမ်တွေအပေါင်ထားပြီး ချေးငှားကြတယ်။ ငွေမရှာနိုင်တဲ့သူတွေကို တော့ သူတို့လုပ်ခလစာထဲကနေ အရစ်ကျဖြတ်ပြီး ပြန်ဆပ်နိုင်အောင် အေးဂျင့်တွေက စီစဉ်ပေးကြတယ်” ဟု သူက ပြောသည်။

“ဒါပေမယ့်လည်း အဖမ်းခံလိုက်ရပြီဆိုတာနဲ့ ပေးထားတဲ့ပိုက်ဆံတွေကတော့ ပြန်ရတော့မှမဟုတ်ဘူး။ တချို့ဆို စားဖို့တောင်မရှိဘဲ တောထဲပစ်ထားခံရတယ်။ ထိုင်းအာဏာပိုင်တွေနဲ့တွေ့တော့မှသာ သူတို့အတွက် စားဖို့သောက် ဖို့ အဆင်ပြေကောင်းပြေမှာပေါ့”

ပုံမှန်ဖြစ်သွားသော ဒုက္ခများ

မွန်ပြည်နယ်မှလယ်သမားတစ်ဦးဖြစ်သူ ဘထွန်းအနေဖြင့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်အပြီး ဧပြီလတွင် သူမွေးထား သောဝက်များအား အစာဆက်ပြီး မကျွေးနိုင်တော့ပေ။ ထို့ကြောင့်လည်း ဘဝသစ်စတင်ရန်အတွက် ထိုင်းနိုင်ငံသွား ရန်ဆုံးဖြတ်လိုက်ပြီး ဘတ်ငွေ ၂၃၀၀၀ အား ပွဲစားတစ်ဦးကို တစ်လုံးတစ်ခဲ တည်းပေးလိုက်သည်။ ထိုသို့ တစ်လုံး တစ်ခဲပေးလိုက်ခြင်းက သူ့အတွက် အထောက်အကူဖြစ်လိမ့်မည်ဟု သူယူဆခဲ့သည်။ သို့သော်လည်း ထို့အတွက် ယနေ့အထိ အကြွေးဆက်လက် ဆပ်နေရဆဲဖြစ်သည်။

“ခရီးဆုံးရောက်တာနဲ့ သူတို့က ပိုက်ဆံထပ်တောင်းတယ်။ ကျွန်တော် လုံးဝမကျေနပ်ဘူး”ဟု သူကပြောသည်။

“ခရီးစရိတ်တွေ ပြန်ဆပ်ပြီးတာနဲ့ မြန်မာပြည်ပြန်ပြီး အရင်အလုပ်ဟောင်းပဲ ကျွန်တော်ပြန်လုပ်ချင်တော့တယ်”

နယ်စပ်မြစ်ကို လှေဖြင့်ဖြတ်ကူးပြီးနောက် ပွဲစားများက သူ့ကို စမွတ်စခုန် ရှိ အထည်ချုပ်စက်ရုံတစ်ရုံသို့ မှောင်ခို ခိုးသွင်းပေးခဲ့သည်။

မြန်မာပြည်တွင် ကျန်နေရစ်ခဲ့သောသူ့အစ်မဖြစ်သူကလည်း သူ့အတွက်ပွဲစားခများ ပေးဆပ်နေရဆဲမှာပင် ကိုဘ ထွန်း မှာ အလုပ်နေရာနှင့် အလုပ်ပါမစ်အတွက် ပွဲစားတောင်းသော ဘတ် ၁၈၀၀၀ ပေးခဲ့ရပြန်သည်။ ထိုကုန်ကျ စရိတ်များ ကာမိစေရန်အတွက် သူ၏လစာတစ်ဝက်ကို အလုပ်ရှင်များက တစ်လလျှင်နှစ်ကြိမ် ဖြတ်ယူထားလိုက်ကြသည်။ ယခုတော့ ကိုဘထွန်းတစ်ယောက်၏ အိမ်ပြန်ချိန်များက ဘယ်ဆီဘယ်ဝယ်မသိတော့။

“ခေတ်သစ်ကျွန်” ပပျောက်ရေးအတွက် အကျိုးအမြတ်မယူသည့် လွတ်မြောက်ရေးရံပုံငွေအဖွဲ့မှ အကြံပေးဖြစ်သူ Roisai Wongsuban က ယခုလိုအဆုံးမရှိ စက်ဝိုင်းလိုလည်ပတ်နေမှုသည် “ကြွေးတင်ကျွန်ပြုမှု” ၏လက္ခဏာတစ် ရပ်ဖြစ်ကြောင်းပြောသည်။ အလုပ်သမားများ အပြည့်အဝပြန်ဆပ်ချိန် နီးကပ်လာပြီဆိုသည်နှင့် ၎င်းတို့၏စာရွက် စာတမ်းများသက်တမ်းတိုးရမည့်အချိန်က တစ်ကြော့ပြန် ရောက်ရှိလာခဲ့ပေပြီ။

“ဒီလိုဖြစ်နေတာက စံတစ်ခုလိုဖြစ်နေပါပြီ။ ဒါက ပုံမှန်လိုလိုပါပဲ။ ကောင်းတဲ့အလုပ်တစ်ခုခု ရဖို့အတွက်ဆိုရင် ငွေ ပေးရမယ်။ စာရွက်စာတမ်းဆိုတာကလည်း ထိုင်းမှာအလုပ်လုပ်ချင်ကြလို့လေ။ ဒီတော့လည်း အဲဒီအတွက် ငွေပေး ရမှာပဲပေါ့။

စာရွက်စာတမ်းလုပ်ပေးမယ့်ပွဲစားကို သူဌေးကရွေးပေးတယ်။ အဲဒါကို အထွန့်တက်နေလို့ကတော့ ဘာအကျိုးမှရှိလာမှာ မဟုတ်ဘူး” ဟု သူမကပြောသည်။

“အလုပ်သမားတွေကြားထဲ ဒီလိုအတွေးတွေ ပဲ့တင်ထပ်နေကြတယ်လို့ ကျွန်မထင်ပါတယ်။ ဒါကြောင့်လည်း အများစုက သူတို့ကိုယ်သူတို့ ကြွေးတင်ကျွန်ပြုခံနေရတာကို မမြင်နိုင်ကြသေးဘူး။ ထိုင်းအာဏာပိုင်အများစုက လည်း မမြင်နိုင်သေးပါဘူး”

“လူတွေ ဥပဒေချိုးဖောက်လာကြတဲ့အခါ အဲ့ဒါက စံတစ်ခုဖြစ်လာတယ်။ အာဏာပိုင် တော်တော်များများကလည်း မသိကျိုးကျွံပြုထားလိုက်ဖို့ပဲ ဆန္ဒရှိကြတယ်။ ဘာလို့လဲဆိုတော့ ဈေးကွက်ထဲမှာ လူတိုင်းက ဒီလိုပဲလုပ်နေကြတာကိုး”

ကြည်ဖြူစံ

“DW” တွင်ဖော်ပြထားသော “Kiana Duncan” ရေးသားသော “How Thailand pushes Myanmar migrants into modern slavery” ကို ဆီလျော်အောင်ရေးသားသည်။ (ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်သော ယခုစုံစမ်းစစ်ဆေးမှုများကို ပူလစ်ဇာစင်တာ နှင့် DVB တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်)